သစ်တောကြိုးဝိုင်းအတွင်း၌ လုပ်ကိုင်လျက်ရှိသည့် ကျောက်မိုင်းကုမ္ပဏီများသည် အစားထိုး သစ်ပင် စိုက်ပျိုးခြင်းမရှိပါက သက်တမ်းတိုး လုပ်ကိုင်ခွင့် ပေးအပ်သွားမည်မဟုတ်ကြောင်း မော်လမြိုင်-သထုံခရိုင် သစ်တောဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။

“အခုဆို သစ်တောကြိုးဝိုင်းအတွင်းက ဘယ်ကျောက်မိုင်းကိုမှ သက်တမ်းတိုး လုပ်ကိုင်ခွင့် မချထားပေးဘူး၊ နောက်ပြီး သူတို့ကုမ္ပဏီတွေကို EMP တွေတော့ တင်ခိုင်းထားတယ်”ဟု ၎င်းက ဆိုသည်။

ကျောက်တမ်းတိုး လုပ်ကိုင်လိုသည့် ကျောက်မိုင်း ကုမ္ပဏီများသည် လုပ်ကွက် ဧကအတွင်းရှိ ၂၀ ရာခိုင်းနှုန်းကို အစားထိုး သစ်ပင်ပြန်လည် စိုက်ပျိုးပေးရန် ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ညွန်ကြားထားကြောင်း ၎င်းက ပြောဆိုသည်။

ယင်းအပြင် သက်တမ်းတိုး ပေးရန် လာရောက် လျှောက်ထားသော ကုမ္ပဏီများဖြစ်သည့် ရွှေမြင့်မိုရ်ထွန်း၊ Global Vertex ၊ L M Jewellery ၊ မြမြင့်မိုရ်နှင့် လင်းရွှေစင် ကုမ္ပဏီတို့ကိုလည်း အစားထိုး သစ်ပင် စိုက်ပျိုးရန် ညွှန်ကြားထားကြောင်း ၎င်းက ပြောကြားသည်။

“ကုမ္ပဏီတွေကိုတော့ ဒီ၂၀၁၇ ခုနှစ် မိုးရာသီမှာ အစားထိုး သစ်ပင်တွေကို အပြီးစိုက်ပေးဖို့ ညွန်ကြားထားတယ်”ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်း ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

သက်တမ်းတိုး၍ လုပ်ကိုင်လိုသည့် ကုမ္ပဏီများအနေဖြင့် Environment Managament Plan (EMP) ပတ်ဝန်ကျင်းစီမံခန့်ခွဲရေး အစီရင်ခံစာအပါအဝင် အစားထိုး သစ်ပင်စိုက်ပျိုးသည့် လုပ်ငန်းများ၊  မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အကြံပြုစာ အပါအဝင် ဒေသခံများ၏ သဘောထားများ ပါဝင်ဖို့ လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

၂၀၁၆ ခုနှစ်တွင် ပေါင်မြို့နယ် ကုလားမတောင် သစ်တောကြိုးဝိုင်းအတွင်း၌ သက်တမ်းတိုး၍ လမ်းခင်းကျောက်မိုင်းလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီ ၁၃ ရှိနေပြီး၊ လမ်းခင်း ကျောက်ကျင်းရေ ၁၀၅၅၀၀ ကျော်ကို ထုတ်လုပ်ခဲ့ကြောင်း မွန်ပြည်နယ် သစ်တောဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

Written by – ဇော်ထိုက်

Leave a Reply