အစားအသောက်နှင့် ဆေးဝါးများကို ရွေ့လျားယာဉ်ဖြင့် စစ်ဆေးနိုင်တော့မည်

မော်လမြိုင် ဇန်နဝါရီ

အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်များ ဘေးအန္တရာယ် ရှိ မရှိ ရွေ့လျားဓာတ်ခွဲယာဉ်များဖြင့် စစ်ဆေးနိုင်တော့မည်ဟု မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ပြောသည်။

ထိုကဲ့သို့ စစ်ဆေးနိုင်ရန် ဓာတ်ခွဲယာဉ်များကို ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်နယ်နှင့်တိုင်း FDA အသီးသီးကို တစ်စီးစီ ခွဲဝေပေးခြင်းဖြစ်ပြီး ဇန်နဝါရီလ ၉ ရက်နေ့တွင် သွားရောက်ယူဆောင်မည်ဟု ၎င်းက ပြောသည်။

အဆိုပါဓာတ်ခွဲယာဉ်သည် အစားအသောက် နမူနာ ၆ ခုခန့်ကို တစ်ပြိုင်နက်စစ်ဆေးပြီး ၂ နာရီအတွင်းအဖြေထုတ်နိုင်မည်ဖြစ်ပြီး တစ်လလျှင် အနည်းဆုံး ဈေး ၂ ခုသို့သွားရောက် စစ်ဆေးရန် ရည်မှန်းထားသည်ဟု ဆိုသည်။

အထူးသဖြင့် မြန်မာနိုင်ငံတွင် အများဆုံးအန္တရာယ်ရှိနေသော အစားအသောက်များတွင် ခွင့်မပြုထားသည့် ဓာတုဆိုးဆေး၊ ပိုးသတ်ဆေးကြွင်း၊ မှိုဆိပ်နှင့် တာရှည်ခံဆေးများ ပါဝင်မှုကို စစ်ဆေးသွားမည်ဟု ၎င်းကဆိုသည်။

“နမူနာ ချက်ချင်းကောက်ယူပြီး ချက်ချင်းစစ်နိုင်တဲ့ အနေအထားမျိုး ရသွားတာပေါ့” ဟု ဒေါက်တာ စိုးနိုင်က ဆိုသည်။

လောလောဆယ် ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်း ၃ ဦးမှာ သင်တန်းတက်ရောက်လျက်ရှိကြောင်း၊ ဓာတ်ခွဲခန်း အထောက်အကူပြုပစ္စည်းများ မှာယူထားပြီး ယခုနှစ် နှစ်လယ်ပိုင်းတွင် လုပ်ငန်းစတင်နိုင်မည်ဟု ပြောသည်။

“အခုဆိုရင် ပြည်သူတွေအရှေ့မှာ ဓာတ်ခွဲစမ်းသပ်တာကို ပြသလို့ရတယ်။ တစ်နည်းအားဖြင့် သူတို့ကလည်း ဘယ်ပစ္စည်းမျိုးဆိုရင် အန္တရာယ်ရှိနိုင်တယ်ဆိုတာ တွက်ဆပြီး ရွေးချယ်စားသုံးနိုင်တဲ့ဓလေ့ကို ရသွားတာပေါ့” ဟု ၎င်းကဆက်ပြောသည်။

ဓာတ်ခွဲယာဉ် မရခင်က နေပြည်တော်ရှိ ဓာတ်ခွဲယာဉ်များကို တောင်းယူကာ စစ်ဆေးခဲ့ရကြောင်း၊ ၂ဝ၁၄ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝ၁၇ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ်သာ စစ်ဆေးနိုင်ခဲ့သည်ဟု ၎င်းကပြောသည်။

အဆိုပါ ရွေ့လျားဓာတ်ခွဲယာဉ်များသည် တပ်ဆင်ထားသောပစ္စည်းများအပါအဝင် ငွေကျပ် သိန်း ၁၅ဝဝ ခန့်တန်ဖိုးရှိကြောင်း ဗဟို FDA ၏ ဝက်ဆိုက်သတင်းတွင် ဖော်ပြထားသည်။

စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.