မွန်ပြည်နယ်အတွင်းရှိ အစားအသောက်များတွင် ဘေးအန္တရာယ်ဖြစ်စေမည့် ကြာရှည်ခံ ဓာတုပစ္စည်းများနှင့် ဆိုးဆေးများ မသုံးစွဲရန် တစ်နိုင်တစ်ပိုင် ထုတ်ကုန်လုပ်ငန်းများကို မတ်လအတွင်း ခံဝန်ကတိ ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစားအသာက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲ ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ပြောကြားသည်။

“အစားအသောက်ထဲမှာ တားမြစ်ထားတဲ့ ဓာတုပစ္စည်းတွေကို မထည့်ဖို့ မသုံးပြုဖို့၊ ထုတ်လုပ်မှု ပစ္စည်းက သန့်ရှင်းရမယ်၊ ကျန်းမာရေးနှင့် ညီညွှတ်ရမယ်၊ ထုတ်လုပ်သူကိုလည်း ကျန်းမာရမယ်ဆိုတဲ့ ဝန်ခံကတိကို ရေးခိုင်းမယ်”ဟု ၎င်းက ဆိုသည်။

FDA မှ စစ်ဆေးပြုလုပ်ရာတွင် လုပ်ငန်းရှင်များနှင့် ထိထိရောက်ရောက် ဆွေးနွေးမှု ပြုလုပ်သင့်ကြောင်းနှင့် လူမှုရေး ပုံသဏ္ဍာန်ဖြင့် ကွင်းဆင်းစစ်ဆေးရန် လိုအပ်ကြောင်း မွန်ပြည်နယ်လုပ်ငန်းရှင် ဦးရန်မျိုးအောင်က ပြောသည်။

“အဓိကက လုပ်ငန်းရှင်ဆိုတာ အကျိုးအမြတ်တစ်ခုကိုပဲ အမြင်မထားသင့်ဘူး၊ ကိုယ်ထုတ်လုပ်တဲ့ ပစ္စည်းက ဝယ်ယူ စားသုံးနေတဲ့ ပြည်သူတွေရဲ့ ခန္ဓာကိုယ်ထဲကို ထည့်သွင်းရမယ်၊ ငွေရရင်ပြီးရောဆိုတဲ့ စိတ်မျိုး မထားသင့်ဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါ တစ်နိုင်တစ်ပိုင် ထုတ်ကုန်လုပ်ငန်းများကို သွားရောက်စစ်ဆေးရာတွင် စားသုံသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာန၊ FDA နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ရမည်ဖြစ်သည်။

Written by -ရောင်နီဝင်း

Leave a Reply