Advertisements

“ပြည်နယ်အစိုးရကို တတ်နိုင်သမျှဖိအားပေးပေ့ါ။ ဖိအားပေးတဲ့အခါကျရင် သူတို့နည်းနည်းပိုပြီးလှုပ်ရှားမှာပေ့ါ”။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သောစကားပင်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ဇွန် ၁၄ ရက်က ကျင်းပသည့် ဒေသခံပြည်သူများနှင့် စကားဝိုင်းအတွင်း လျှပ်စစ်မီးရရှိရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးစဉ် နိုင်ငံတော်အတိုင်ပင်ခံက ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်၏။

ထိုစကားအပြင် ပြည်တွင်းခရီးစဉ်များ၌ အမြဲတမ်းပြောလေ့ ရှိသည့် စကားတစ်ခွန်းကိုလည်း မော်လမြိုင်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဖြစ်အောင်ပြောခဲ့ပါသေးသည်။
“ဝန်ကြီးချုပ်လိမ္မာရဲ့လား”ဖြစ်၍ လိမ္မာခြင်းရှိမရှိ သူစောင့်ကြည့်နေသည်ဟုပင် ယခုခရီးစဉ်၌အပိုဆောင်းထည့် ပြောခဲ့ပါ၏။ ကျိုက်သလ္လံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့၏ သြဝါဒစရိယ မော်လမြိုင်မြို့ မောင်ငံရပ် နတ်မှော်ကျောင်း ဆရာတော်ကိုဖူးမြှော်ချိန်၌ဖြစ်ပါသည်။

ရောက်လေရာ၌ ဒေါ်အောင်ဆန်းစုကြည်ပြောလေ့ရှိသော ယင်းစကားလုံးတို့သည် ပြည်သူ့မဲဖြင့် အာဏာရလာခြင်းကို အစိုးရအဖွဲ့ဝင်တို့ သတိမလွတ်စေရန်နှင့် တာဝန်ယူမှုနှင့် အခွင့်အရေးတို့အား ညီညွတ်မျှတစွာကျင့်သုံးလျက် ပြည်သူတို့ ကိုယ်တိုင်ထိန်းကျောင်းနိုင်သည့် အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်ရန် ရည်သန်ကြောင်း ဟင်္သာက နားလည်ထားသည်။

မော်လမြိုင်စကားဝိုင်း၌ ပြည်သူများက ပြည်နယ်အစိုးရထံ သိချင်သည်များ မေးမြန်းခွင့်ရှိသည့်အကြောင်း၊ အစိုးရအဖွဲ့ဝင်များကလည်း ပြည်သူတို့နှင့်တွေ့၍ မေးချင်တာမေးခွင့်ပြုဖို့လိုအပ်ကြောင်း၊ ယင်းမှသာ ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ခြင်းက သက်သေပင်။

ယင်းသည် ဒီမိုကရေစီနှင့် လွန်စွာလျော်ကန်သင့်မြတ်သော လုပ်ငန်းစဉ်အဖြစ် ဟင်္သာကရှုမြင်ပါ၏။ သို့သော် ပြီးခဲ့သောစကားဝိုင်းအတွင်းမေးခွန်း ထုတ်ခံရသောမေးခွန်းအချို့ ဖြေဆိုရာ၌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် စိတ်ကျေနပ်မှုမရခဲ့သည့် မွန်ပြည်နယ်အစိုးရ တာဝန်ရှိသူအချို့၏ ဖြစ်ရပ်များအပေါ် နမူနာယူပြင်ဆင်သင့်ပါသည်။

အဓိကလိုအပ်ချက်အဖြစ် ဟင်္သာကထောက်ပြလိုသည်မှာ အစိုးရအဖွဲ့ဝင်များသည် ကိုယ်တာဝန်ယူထားသည့် လုပ်ငန်းများ၏ မြေပြင်အခြေအနေကို ကျေညက်စွာသိရှိလေ့လာထားရန်ပင်။

အထူးသတိပြုသင့်ကြောင်း အကြံပြုလိုသည်မှာ တွေ့ဆုံပွဲများ စီစဉ်ရာ၌ ပြည်သူကို တန်ပြန်မေးခွန်းပြန်ထုတ်ရန် အားသန်ရုံမျှဖြင့် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ခဲ့သော ပြည်သူ့လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး ရည်ရွယ်ချက်ကောင်းကို ထိမိနိုင်မည်မဟုတ်ဟူ၍ပင်။

သို့သော် မပြည့်စုံ၍ ရပ်နေရုံနှင့်မပြီး၊ ပြင်ရန်၊ ဆင်ရန်တို့မှာ စိတ်ပိုင်းဆိုင်ရာသာ အဓိကတည်၍ မခက်ခဲနိုင်ဟု ဟင်္သာကရှုမြင်ပါ၏။

ထို့ကြောင့် မကြာမီအချိန်အတွင်း မကြာခဏဆိုသလိုပင် ဟိုမှာ၊ သည်မှာ တွေ့ဆုံပွဲများ ပေါ်ပေါက်လာ၍ နိုင်ငံတော်အတိုင်ပင်ခံ၏ ညွှန်ကြားချက်ကို ဖော်ဆောင်လာလိမ့်မည်ဟု ယုံကြည်နေပါကြောင်း။
(အယ်ဒီတာ)

Advertisements
<

Leave a Reply