မွန်အမျိုးသားပညာရေးကျောင်းတွင် အစိုးရစစ်စာမေးပွဲကျင်းပ၍ ယင်းစာမေးပွဲကိုအောင်မြင်ပြီးသူများသာအစိုးရ၏ အခြေခံပညာကျောင်းများသို့ ပြောင်းရွှေ့တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်းမွန်အမျိုးသားပညာရေးဌာနထံမှ သိရသည်။

Mon School

လက်ရှိတွင် မွန်အမျိုးသားပညာရေးကျောင်းများတွင် အစိုးရစစ်စာမေးပွဲမကျင်းပသေးသည့်အတွက် အဋ္ဌမတန်းကျောင်းသားများအခြေခံပညာကျောင်းများသို့ ပြောင်းရွှေ့ရာတွင် လက်ခံ၍ မရနိုင်သေးဟု ပြည်နယ်ပညာရေးမှူးကပြောကြားထားကြောင်းမွန်အမျိုးသားပညာရေးဌာန၏ Education Program Administration မင်းအောင်ဇေကပြောသည်။

ကျောင်းပြောင်းရွှေ့မရသော်လည်းကျောင်းသား/သူများ၏ အခွင့်အလမ်းများကိုမပိတ်ပင်ဘဲမွန်အမျိုးသားပညာရေးကျောင်းကိုဆက်တက်ခြင်းနှင့် အပြင်တွင် ကျူရှင်တက်၍ နဝမတန်းစာမေးပွဲကို ပြင်ပဖြေဆိုခွင့်ပေးမည်ဟု ပြည်နယ်ပညာရေးမှူးကပြောခဲ့ကြောင်း ၎င်းက ဆိုသည်။
“မွန်အမျိုးသားပညာရေးအထက်တန်းကျောင်း ၃ ကျောင်းထဲမှာညီစား(ညီသာ)အထက်တန်းကျောင်းနှင့် အံဒင် အထက်တန်းကျောင်းနှစ်ကျောင်းသည်နဝမတန်းကိုအပြင်ဖြေဖြေနေရတယ်။ နဝမတန်းအပြင်ဖြေကျရှုံးခဲ့လျှင်လည်းနဝမတန်းကိုအစိုးရစာသင်ကျောင်းမှာတက်လို့ရတယ်”ဟုမင်းအောင်ဇေကပြောသည်။

ထို့အတူအခြေခံပညာကျောင်းများတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်းအဆင့်တွင် အစိုးရစစ်စာမေးပွဲဖြေဆိုရပြီးမွန်အမျိုးသားကျောင်းများတွင်လည်းဖြေဆိုသင့်ကြောင်းပြည်နယ်ပညာရေးမှူးရုံးကဖိတ်ခေါ်၍ ပြောကြားခဲ့ကြောင်းမွန်အမျိုးသားပညာရေးဌာနထံမှ သိရသည်။

ထိုသို့ အစိုးရစစ်စာမေးပွဲကိုမွန်အမျိုးသားကျောင်းများတွင် ကျင်းပပါကပညာရေးဝန်ကြီးဌာနမှ မေးခွန်းများပေးပို့မည်ဖြစ်ပြီးအောင်စာရင်းကိုမူမွန်အမျိုးသားပညာရေးကျောင်းဘုတ်အဖွဲ့ကထုတ်ပြန်ပေးရမည်ဖြစ်ကြောင်းအဆိုပါဌာနထံမှ သိရသည်။
“အစိုးရဘက်ကမေးခွန်းပုစ္ဆာတွေ ပေးမယ် ကိုယ့်နေရာမှာကိုယ်ဖြေပါ၊ ပြီးရင် ကိုယ်ပဲအောင်စာရင်းထုတ်ရမယ်။ အောင်စာရင်းကိုသူတို့ကိုအပ်ပြီးတော့ သူတို့အတည်ပြုပေးမယ်လို့ ပြည်နယ်ပညာရေးမှူးကပြောတယ်”ဟုEducation Program Administration မင်းအောင်ဇေကဆိုသည်။

အဓိကအားဖြင့်အဋ္ဌမတန်းကိုဖြေဆိုရသည့်အတွက်ကြောင့် မွန်အမျိုးသားပညာရေးကော်မတီများကမွန်ပညာရေးကိုထိန်းချုပ်သည်ဟုသံသယဝင်နေပြီးအစိုးရစာသင်ကျောင်းပြောင်းရွှေ့ချိန်တွင် ကျောင်းသား/သူများကိုအခက်ကြုံအောင်လုပ်နေသည်ဟုထင်မြင်လျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

မေလကုန်ပိုင်းကမွန်အမျိုးသားပညာရေးကျောင်းမှ ကျောင်းသားတစ်ဦးရေးမြို့ အစိုးရအထက်တန်းကျောင်းတွင်ပြောင်းရွှေ့အပ်နှံရာတွင် လက်မခံခဲ့သည့်ကိစ္စကိုမွန်အမျိုးသားပညာရေးအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းမွန်အမျိုးသားပညာရေးဌာနထံမှသိရသည်။

မွန်ပြည်နယ်တွင် မွန်အမျိုးသားပညာရေးအထက်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၁၅ ကျောင်းနှင့် မူလတန်းကျောင်း ၁၁၈ ကျောင်းရှိပြီးကျောင်းသား/ကျောင်းသူဦးရေ ၁၇၀ဝ၀ ခန့်ရှိကြောင်းမွန်အမျိုးသားပညာရေးဌာနမှ သိရသည်။
၁၉၉၅ ခုနှစ်ကမွန်ပြည်သစ်ပါတီနှင့် အစိုးရတို့ အပစ်ခတ်ရပ်စဲရေးသဘောတူထားသည့်ကာလတွင် မွန် အမျိုးသားပညာရေးဌာနမှ ကျောင်းသား/သူများတို့သည် ဒသမတန်းဖြေဆိုခွင့်ရခဲ့သည်။

ယင်းနောက်ပိုင်းတွင်မူတက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုခွင့်ရရန် နဝမတန်းစာမေးပွဲကို ပြန်လည်ဖြေဆိုလာခဲ့ရကြောင်းမွန်အမျိုးသားပညာရေးဌာနထံမှ သိရသည်။

Leave a Reply