မော်လမြိုင်၊ ဇွန်

မွန်ပြည်နယ် အတွင်းတွင်လာမည့် ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်မည့် အဆောက်အအုံများကို အမှီအခိုကင်းပြီး လွတ်လပ်သော တတိယအဖွဲ့အစည်းထားရှိပြီး တာဝန်ခံ စစ်ဆေးသွားမည်ဖြစ် ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်
လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

ဇွန်လ ၁၃ ရက်နေ့ကကျင်းပသော ဒုတိယအကြိမ်လွှတ်တော်အထူးအစည်းအဝေးတွင် ပေါင်မဲဆန္ဒနယ် အမှတ်(၁) မှ လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းမင်းအောင်က  ပြည်သူ့ဘဏ္ဍာငွေဖြင့် တည်ဆောက်ထားသည့် အဆောက်အဦများကို အမှီအခိုကင်း လွတ်လပ်သော (Third Party) ထားပြီး တာဝန်ခံ စစ်ဆေးပေးရန် အစီစဉ် ရှိ မရှိ မေးမြန်းခဲ့ရာ ၎င်းကယင်းသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဆောက်လုပ်ရေးလုပ်ငန်းများအား စစ်ဆေးမယ့် Third Party များကို စနစ်တကျဖြစ်အောင်  လက်ရှိ အချိန်တွင် စီစဉ်ဖွဲ့စည်းနေပါတယ်” ဟု ဦးမင်းကျော်လွင်ကဖြေကြားခဲ့သည်။

လက်ရှိမှာ လုပ်ငန်းလိုအပ်ချက် လူအင်အား မပြည့်ခြင်းကြောင့် အရည်အသွေး ပြည့်မီအောင်ကြပ်မတ်ဆောင်ရွက်မှုလိုအပ်နေသည့်အတွက် မေးခွန်းမေးရခြင်းဖြစ်သည်ဟု ဦးထွန်းမင်းအောင်က ပြောသည်။

စစ်ဆေးသော ကုမ္ပဏီများကလည်း လုပ်ငန်းနှင့်ပတ်သက်ဆက်နွယ်နေသူများ ဖြစ်နေခြင်းကြောင့် အဆင်မပြေမှုများရှိကြောင်း ဦးထွန်းမင်းအောင်ကထောက်ပြသည်။

“မြို့နယ်စစ်ဆေးရေးအဖွဲ့မှာပါနေတဲ့သူတွေက  သူတို့နဲ့အမှီအခိုမကင်းတဲ့ ကုမ္ပဏီကို ပြန်စစ်ဆေးနေရတယ်။ စစ်ဆေးတဲ့ကုမ္ပဏီတွေကကိုယ့်ကုမ္ပဏီတွေပဲ ကိုယ်ကပဲ ပြန််စစ်ဆေးနေတယ်။ အဲ့ပုံစံမျိုးဖြစ်နေတယ်” ဟု ဦးထွန်းမင်းအောင်က ဆိုသည်။

ထို့ သို့စစ်ဆေးသည့်လုပ်ငန်းများကိုဧရာဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မကွေးတိုင်းဒေသကြီးတို့တွင် အစိုးရကနေတာဝန်ခံခိုင်းစေသည့် Third Party များဖြင့် စစ်ဆေးရေးလုပ်ငန်းများ စတင်လုပ်ကိုင်လျက်ရှိသည်။

ပြည်နယ် ဘဏ္ဍာငွေရရှိမှုအခြေအနေနှင့် ပြည်ထောင်စုဘဏ္ဍာငွေ ခွဲဝေရရှိမှု အနေအထားအပေါ် မူတည်ပြီး Third Party စစ်ဆေးရေးအဖွဲ့များကို ကြီးမားကျယ်ပြန့်တဲ့လုပ်ငန်းများတွင်ထားရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဝဏ္ဏကျော်က ဆိုသည်။

ဇွန်လ ၁၄ ရက်နေ့တွင်ကျင်းပသော ဒုတိယအကြိမ်လွှတ်တော် အထူးအစည်းအဝေးတတိယနေ့တွင် ၂၀၁၈ – ၁၉နောက်ထပ်ဘဏ္ဍာငွေ သုံးစွဲရေးဥပဒေကြမ်းနှင့်ပတ်သက်သည့် ဆွေးနွေးမှုတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ လုပ်ငန်းအားလုံးကို Third Party ဖြင့် စစ်ဆေးမှု မရှိသော််လည်း ကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းများကိုတော့မဖြစ်မနေငှားရမ်း လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ဦးဝဏ္ဏကျော်ကပြောသည်။

လက်ရှိအချိန်တွင် တင်ဒါကော်မတီမှ ဖွဲ့စည်းထားသည့် အရည်အသွေး စစ်ဆေးရေးနှင့်လက်ခံရေးကော်မတီမှလည်းကောင်း၊ ပြည်နယ်အစိုးရမှ တာဝန်ပေးအပ်ထားသည့် ပြည်နယ် /ခရိုင်/  မြို့နယ် ပြီးမြောက်လုပ်ငန်း စစ်ဆေးရေးကော်မတီမှလည်းကောင်း၊ လမ်းဦးစီးဌာန
၏စီမံကိန်းနှင့်အရည်အသွေးစစ်ဆေးရေးဌာနခွဲက တာဝန်ပေးအပ်ထားသည့်စစ်ဆေးရေးမှအဖွဲ့မှစစ်ဆေးမှုများရှိနေကြောင်းသိရသည်။

ရန်လင်းအောင်

Leave a Reply