မွန်ပြည်နယ် တစ်ခုလုံးအတွက် အခရာကျသည့် Institution နှစ်ခု ဖြစ်သော ပြည်နယ် လွှတ်တော်နှင့် ပြည်နယ် အစိုးရတို့ သည် မိမိတို့၏ လုပ်ငန်းဆောင်တာများကို ကိုယ့်တာဝန် အတိုင်း ဆောင်ရွက်နေကြ  သော်လည်း အစိုးရ နှင့် လွှတ်တော်၏ အသက် ဖြစ်သော ဟန်ညီညီ ထိန်းညှိ ဆောင်နိုင်ခြင်း ကို မတွေ့ရသေး ။

editor copy

အထူးသဖြင့် မွန်ပြည်နယ် လွှတ်တော်နှင့် အစိုးရ အဖွဲ့ကြား ဥပဒေ များ ၊စီမံကိန်းများ ၊ မေးခွန်း ဆွေးနွေးရာ တွင် လွှတ်တော် ဘက်မှ ဒီမိုကရေစီ စနစ်၏ အနှစ်သာရ ဖြစ်သော အထိန်းအထေ  (Check and Balance ) ပြုလုပ်မှုများ ကို အစိုးရ အဖွဲ့ က ငြင်းခုံ အားပြိုင်လိုသည့် ပွတ်တိုက်မှု သဏ္ဍာန်  ဖြင့် တုံ့ပြန်မှု အချို့ ရှိလာ သည်ကို တွေ့မြင်နေရသည်။

ထိုအချင်းအရာသည် ပြည်နယ် ဖွံ့ဖြိုးမှုကို အားကောင်းရန် ထောက်ပံ့သည့် အခင်းအကျင်း ဖြစ်လာမည့် အစား ဖွံ့ဖြိုးမှုကို တန့်သွား စေသည့် အခြေအနေမျိုး ဖြစ်နေသည်ကို မြင်တွေ့နေသည်။

ပြည်နယ် အစိုးရ အနေဖြင့် မွန်ပြည်နယ် စီမံကိန်း ကော်မတီအား လွှတ်တော်ကို ညှိနှိုင်းခြင်း မရှိဘဲ ဖွဲ့စည်း ခဲ့ပြီးနောက် ဝေဖန်မှု ပေါ်ထွက် လာခဲ့သဖြင့် ပြန်လည် ပြင်ဆင် ဖွဲ့စည်း ခဲ့ရသည်။

ထို့အတူ လွှတ်တော် အစည်းအဝေး၌ လွှတ်တော် ကိုယ်စားလှယ်များ မရှင်းလင်းသည့် အချက်အလက် များကို မေးမြန်းသည့် အခါ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ပြန်လည် ဖြေဆိုပုံမှာ ချက်ကျ လက်ကျ မရှိခြင်းနှင့် မဆိုင် သည့် အနေအထားမှ စွက်ဖက် ပြောဆိုခြင်းများမှာ လွှတ်တော် ဆွေးနွေးပွဲ ပုံရိပ်အား အနုတ်လက္ခဏာ ဆောင် သည့် အနေအထားမျိုး ဖြစ်လာ ခဲ့သည်လည်း ရှိနေသည်။

ဤအချင်းအရာကို ကြည့်ခြင်း အားဖြင့် ပါတီ တစ်ခုထဲမှ နေ၍ လွှတ်တော် ကိုယ်စားလှယ် အများစု အနိုင်ရထား သည့် မွန်ပြည်နယ် အစိုးရ အဖွဲ့နှင့် မွန်ပြည်နယ် လွှတ်တော်တို့ အကြား၌ ဒီမိုကရေစီ ၏ အနှစ်သာရ  အထိန်း အထေ  (Check and Balance ) ရှိနေသည်ဟုယူ ဆရပါသည်။ ထို စနစ်ကို ပွတ်တိုက်မှု အသွင် မဆောင်သွား ဘဲ ပြည်နယ်ဖွံ့ဖြိုးရေး အတွက် အပေါင်းလက္ခဏာ ဆောင်သော ရလဒ်ကိုယူဆောင်ပေးစေလိုပါသည်။

ယခင် မွန်ပြည်နယ်လွှတ်တော်၌ ဥပဒေ (၃၈) ခုအား ပြီးခဲ့သည့် လွှတ်တော် သက်တမ်း (၅) နှစ် အတွင်း အတည်ပြု နိုင်ခဲ့သော်လည်း ဥပဒေအား အကောင်အထည် ဖော်ရမည့် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီး ဌာန၊ ဦးစီးဌာန တို့မှာကား နည်းဥပဒေ (၁၅) ခုကိုသာ ပြဋ္ဌာန်း နိုင်ခဲ့၍ ပြီးခဲ့သည့် အစိုးရ၏ အားနည်းမှု သာဓက ကိုလည်း ဤလက်ရှိ အစိုးရ သတိမူမိ စေလိုပါသည်။

လွှတ်တော် နှင့် အစိုးရတို့အကြား ရှိရမည့် အထိန်းအထေ(Check and Balance) ထိန်းကြောင်းထောက်ပြရ မည့် အပြင် ၊ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။ ယခင် ပူးပေါင်းနိုင်ခြင်း မရှိခဲ့သော လွှတ်တော် နှင့် အစိုးရ တို့၏ သင်ခန်းစာကို ယူသင့်ပါသည်။

ထို့ကြောင့် ပြည်နယ် လွှတ်တော်နှင့် ပြည်နယ် အစိုးရ တို့အကြား Power Balance ဟူသည့် အင်အား ချိန်ခွင်လျှာအား ထိန်းကျောင်း မောင်းနှင်မှုမှ တစ်ဆင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအား ဆောင်ကြဉ်း ပေးနိုင် စေရေး အတွက် ရှေးရှုကြပါရန် တိုက်တွန်း ရေးသား အပ်ပါသည်။

Leave a Reply