အစိုးရသက်တမ်း သုံးနှစ်အတွင်းမှာ ပြည်နယ်စီးပွားရေး တိုးတက်ပြောင်းလဲလာသလား

မွန်ပြည်နယ်အတွင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အပြောင်းအလဲ ဖြစ်ခဲ့ပြီး လက်ရှိ တာဝန်ထမ်းဆောင်နေသည့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ ပြည်နယ် စီပွား ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ကဏ္ဍကြီး ငါးရပ် ချမှတ်ခဲ့သည်။

ယခုအခါ အစိုးရသက်တမ်းမှာ သုံးနှစ်ကျော် ကာလသို့ ရောက်ရှိခဲ့ပြီးဖြစ်ကာ ပြည်နယ်စီးပွားရေးတိုးတက်ပြောင်းလဲမှုနှင့်ပတ်သက်၍ ဟင်္သာမီဒီယာ၏ မေးမြန်းချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

စုစည်း တင်ပြသူ – တေဇ၊ ထိုက်ထိုက်

နိုင်ကျန်ရစ် (မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ)

ကျွန်တော်ကတော့ ရော်ဘာကဏ္ဍနဲ့ ပိုပြီး နီးစပ်တယ်လေ။ စီးပွားရေးကဏ္ဍ ငါးခုထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ရော်ဘာကဏ္ဍက အားရကျေနပ်စရာမရှိဘူး။ ရော်ဘာဈေးကလည်း ကျနေတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ မွန်ပြည်နယ်မှာ ရော်ဘာကဏ္ဍကို အစိုးရအနေနဲ့ ပံ့ပိုးကူညီတဲ့အပိုင်း ရှိနေတယ်။ အကောင်အထည်ဖော်ဖို့ကြတော့ သက်ဆိုင်ရာဌာနတွေက လုပ်ထုံးလုပ်နည်းတွေနဲ့ ဆောင်ရွက်ပေးမယ်ဆိုရင် တိုးတက်မှုတော့ အနည်းအကျဉ်းရှိလာမှာပေါ့။

ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးက အဆင့်မြင့်တဲ့ ရော်ဘာပြားစက်ရုံတွေဆောက်မယ်ဆိုလို့ရှိရင် အစိုးရကို အကူအညီတောင်းတယ်။ အစိုးရကတော့ လုပ်နေတာပေါ့။ ဒါပေမဲ့ ချေးငွေရရှိဖို့ဆိုတာက ချေးငွေပေးနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနတွေက လုပ်ထုံးလုပ်နည်းအတိုင်း အာမခံချက်ပေးတာတို့တော့ ရှိမှာပေါ့။ အဲဒါကိုက လုပ်ထုံးလုပ်နည်းအတိုင်း လုပ်တဲ့အခါမှာ ကျွန်တော်တို့တွေအတွက် အဆင်ပြေပြေကြီးတော့ မဖြစ်ဘူး။ အာမခံအတွက်က ပုံစံ ရရှိရမယ် စသည်ဖြင့်ပေါ့။ ပုံစံ ၇ ရရှိရေးအတွက် လုပ်ရမယ့်နေရာမှာလည်း အခက်အခဲ နည်းနည်းတော့ရှိတာပေါ့။

ကျွန်တော် ထင်တယ် စီးပွားရေးပဲ လုပ်လုပ်၊ ဘာပဲလုပ်လုပ် သက်ဆိုင်တဲ့ဌာနတွေအားလုံ စေတနာပါပါနဲ့ ပူးပေါင်းပါဝင် လုပ်ဆောင်မှပဲ အဆင်ပြေချောမွေ့ အောင်မြင်မယ်လို့ ထင်ပါတယ်။ တစ်သင်း တစ်ဖွဲ့တည်း လုပ်လို့မရဘူး။ အစိုးရတစ်ခုတည်း လုပ်လို့မရဘူး။

သက်ဆိုင်တဲ့ဌာနဆိုင်ရာတွေကလည်း ပူးပေါင်းပါဝင်မှ ရမယ်။ အစိုးရအနေနဲ့ကလည်း စီးပွားရေးနဲ့ ပတ်သက်ရင် ရော်ဘာစီးတီးပေါ့။ ရော်ဘာစက်မှုဇုန်တစ်ခုလုပ်မယ်၊ လာရောက်ရင်းနှီးမြှုပ်နှံပါ ခေါ်တာပေါ့လေ။

ဝန်ကြီးချုပ်ကလည်း ရောက်တဲ့နေရာမှာ ဖိတ်ခေါ်နေတာပဲလေ။ ဖိတ်ခေါ်ပေမယ့် အခုထိ အကောင်အထည်မဖော်ရသေးဘူးလေ။ အဲဒါထက်ကို ဒီကိုလာလို့ရှိရင် ဘာတွေလုပ်ပေးမယ်၊ ဘာတွေအဆင်သင့် ဖြစ်နေတယ် စသည်ဖြင့်ပေါ့။ ရင်းနှီးမြှုပ်နှံသူတွေက မေးတယ်။

လျှပ်စစ်မီးရလား။ မြေက ဘယ်လိုပေးမှာလဲ။ ငှားမှာလား။ ရောင်းမှာလား။ ကုန်ကြမ်းတွေကို ဘယ်လိုလုပ်ပေးမှာလဲ မေးတဲ့အခါ ကျွန်တော်တို့တွေက မသိနိုင်ဘူးလေ။ အစိုးရက ဖိတ်ခေါ်တယ်ဆိုလို့ရှိရင် တစ်ခါတည်း တိကျတဲ့ မူဝါဒတွေရှိနေမှ မဟုတ်ရင် လာမှာမဟုတ်ဘူး။ ဒါလည်း ပြောနေတာပဲ အခုထိလည်း အကောင်အထည်မဖော်နိုင်သေးဘူး။

ဒီကိစ္စကို ပြောပြီဆိုရင် အကောင်ထည်ဖော်ဖို့အတွက် ထိန်းသိမ်းကြပ်မတ်ဖို့လိုတယ်။ မဟုတ်ရင် စကားက ပြောပြီးတည်ပါ့မလားပေါ့နော်။ ကျွန်တော်ထင်တယ် အစိုးရကတော့ မွန်ပြည်နယ်ရဲ့ စီးပွားရေးကဏ္ဍ ငါးရပ်ကို ဖော်ဆောင်မယ်ဆိုပြီးတော့ လာကတည်းက ပြောခဲ့တယ်။

ဖော်ဆောင်ဖို့အတွက် ရောက်ရာနေရာမှာ ပြောနေတာပဲလေ။ အဲဒါလောက်နဲ့ မရဘူး။ အဲဒီတော့ ဖော်ဆောင်တဲ့နေရာမှာ ဘာတွေလိုအပ်နေလဲ။ အဲဒီ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့လိုတယ်။ ဖြည့်ဆည်းပေးဖို့အတွက် ယန္တရားလည်ပတ်ဖို့အတွက် မောင်းနှင်အားလိုတယ်။ အဲဒီမောင်းနှင်အားကို အစိုးရတစ်ခုတည်းနဲ့ လုပ်လို့မရဘူးလို့ ထင်ပါတယ်။

အဲဒီတော့ ဌာနဆိုင်ရာတွေကလည်း ဝိုင်းဝန်းပံ့ပိုးမှ အဆင်ပြေနိုင်မှာပါ။

ဦးညိုမင်း (မြန်မာနိုင်ငံမွေးမြူရေးအသင်း အဖွဲ့ချုပ်၊ မွန်ပြည်နယ်အတွင်းရေးမှူး)

ကျွန်တော်တို့အမြင်ကတော့ ဒီမူဝါဒ ငါးရပ်သွားတဲ့နေရာမှာ သိပ်ပြီးတော့ ပြောင်းလဲမှု၊ တိုးတက်မှု သိပ်မတွေ့ရဘူး။ စိတ်ကျေနပ်လောက်အောင် ပြောင်းလဲသွားတာတော့ မတွေ့ရဘူး။ ဒါလည်းပဲ ကျွန်တော်တို့အနေနဲ့ ပြောချင်တာက ကျွမ်းကျင်တဲ့ စီးပွားရေးပညာရှင်တွေ၊ လက်ရှိ မြေပြင်မှာရှိနေတဲ့ မှန်ကန်တဲ့ စီးပွားရေးသမားတွေနဲ့ အခါမလပ် တွေ့ဆုံဆွေးနွေး ပြီးတော့ မြေပြင်ရဲ့ အခြေအနေ မေးမြန်းတာ ဆွေးနွေးတာတော့ အစိုးရအနေနဲ့ လုပ်သင့်တယ်လို့ ပြောချင်ပါတယ်။

ကျန်တဲ့ ၂ နှစ် သက်တမ်းမှာ စီးပွားရေးကိုတော့ ခိုင်ခိုင်မာမာ ပုံဖော်နိုင်လိမ့်မယ် မထင်ဘူး။ ကျွန်တော့်အမြင်အရ ပြောတာပေါ့လေ။ ဘာလို့လဲဆိုတော့ ဒီနေ့ထိ သူတို့သွားနေတဲ့ အစိုးရအဖွဲ့တွေက ၊ ပုဂ္ဂိုလ်တွေက တကယ် စီးပွားရေးနယ်ပယ်ထဲမှာ ထိရောက်မှု အားနည်းတယ်။

တာဝန်ယူသွားတဲ့ဟာ အစိုးရအဖွဲ့တွေဟာ စီးပွားရေးပညာရှင်တွေ မဟုတ်သလို၊ စီးပွားရေးသမားတွေလည်း မဟုတ်ကြဘူး။ မဟုတ်တဲ့အတွက် စီးပွားရေးကို သူတို့ အကောင်အထည်ဖော်တဲ့နေရာမှာ အရမ်းနှောင့်နှေးလိမ့်မယ်။

ဒါက နံပါတ် နှစ် အချက်ပေါ့။ နံပါတ် သုံးအချက်ကတော့ စီးပွားရေးမူဝါဒ ငါးရပ်ဆိုပြီး သူတို့ ရေးဆွဲထားတာရှိတယ်။ ဘာတွေကို အကောင်အထည်ဖော်ပြီး ဘာတွေကို စလုပ်နေတယ်ဆိုတာ ပြည်သူတွေဖြစ်တဲ့ ကျွန်တော်တို့ မသိဘူး။ အဲဒီအတွက် ကျွန်တော့်အမြင်ကတော့ နောက်နှစ်တွေလည်း ထင်သလောက် ခရီးမရောက်ဘူးလို့ ကျွန်တော်တို့ကတော့ ပြောရမှာပေါ့။

ကျွန်တော့်အမြင်အရတော့ အစိုးရအနေနဲ့ ၂နှစ်ဆိုတဲ့ ကျန်ရှိတဲ့ သက်တမ်းတွေမှာပေါ့လေ။ မြေပြင်မှာ တကယ်လုပ်နေတဲ့ စီးပွားရေးသမားတွေနဲ့ တွေ့သင့်တယ်။ ဆွေးနွေးသင့်တယ်။ လိုအပ်မယ်ဆို တစ်ဖက်က ပညာရှင်၊ တစ်ဖက်က မြေပြင်မှာ လုပ်ဆောင်နေတဲ့ သူတွေနဲ့ နှစ်ဦးနှစ်ဖက် တွေ့ပြီးတော့ အမြန်ဆုံး အကောင်အထည်ဖော်သင့်တယ်လို့ ကျွန်တော်ကတော့ အကြံဉာဏ်ပေးချင်ပါတယ်။

ဒေါက်တာ အောင်နိုင်ဦး (မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ)

ကျွန်တော်တို့ဆီမှာတော့ GDP အရတွက်ရင်တော့လည်း တိုးလာတာပေါ့။ တစ်ပြည်နယ်လုံးရဲ့ အသုံးစရိတ်တွေတိုးလာတာပေါ့။ တစ်နိုင်ငံလုံးရဲ့ GDP တွက်တဲ့စနစ်ကို ခြုံပြီးပြောရင်တော့ အထိုက်အလျောက်တက်တယ်။ သို့သော် ရင်းနှီးမြှုပ်နှံမှုအရ ကြည့်ရင်တော့ ထင်သလောက်မတက်ဘူး၊ အရင်သက်တမ်းထက်စာရင် ရင်းနှီးမြှုပ်နှံမှုတွေက ထင်သလောက် မဝင်လာဘူး။ နောက်တစ်ခုက ရှိရင်းစွဲ စီးပွားရေး လုပ်ငန်းတွေက အခက်အခဲရှိပြီး၊ အားနည်းနေတဲ့ အနေအထားတွေ တွေ့ရတယ်။ ဒါကလည်း ဘယ်ကရတဲ့ အချက်အလက်လဲဆိုတော့ ဒီမှာရှိနေတဲ့ စီးပွားရေး လုပ်ငန်းရှင်များရဲ့ သူတို့လုပ်တဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေအရ တွေ့ရတယ်။

နောက်ပြီး ရင်းနှီးမြှုပ်နှံမှုကတော့ အရင်သက်တမ်း ငါးနှစ်နဲ့ ခုရောက်နေတဲ့ သုံးနှစ်အတွင်း ချိန်ကြည့်လိုက်တဲ့အခါကျတော့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဖြစ်ဖြစ်၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြစ်ဖြစ် သိပ်မရှိဘူး။ တွေ့ရတာ မြင်သာထင်သာရှိတာကတော့ ဦးစိန်ဝမ်း ရေးမှာ လျှပ်စစ်မီးလုပ်တယ်၊အထပ်သားစက်ရုံတွေ နည်းနည်းပါးပါးရှိတယ်၊ ဒီလောက်ပဲ။

ထူးထူးခြားခြား အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုကတော့ ထပ်မတိုးလာဘူး။ ယေဘုယျအားဖြင့် ပြောရရင်တော့ ရင်းနှီးမြှုပ်နှံမှုသည် ပြန်ပြီး အားလျော့သွားတဲ့ အနေအထား တွေ့ရတယ်။

နောက်တစ်ခုက စီးပွားရေး လုပ်ငန်းမှာလည်း ဌာနေစီးပွားရေး လုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေက ပြန်ပြီးတော့ ဆုတ်ယုတ်တဲ့ အနေအထားတွေ့ရတယ်။ ပြောရရင်တော့ အစိုးရကသ့ူမှာ စီးပွားရေးနဲ့ ပတ်သက်တဲ့မူဝါဒပိုင်း အစီအစဉ်တွေ ချထားရမှာပဲ။ ဒီဘက်အစိုးရမှာတော့ စီးပွားရေး မူဝါဒ ၁၂ ချက်ဆိုပြီး ပြည်ထောင်စုက ချထားတာတော့ တွေ့တယ်။ ပြည်နယ်အဆင့်မှာတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်မယ်ဆိုတာကိုတော့ ပြည်နယ် လွှတ်တော်ကို တင်သွင်းပြီးတော့ ပေးထားတာတော့ ကျွန်တော်တို့ မတွေ့ရဘူးပေါ့နော်။ နောက်ပြီးတော့ မူဝါဒထဲမှာပါတဲ့ စီးပွားရေး ကိစ္စတွေကိုဘယ်လို ဦးစားပေးဆောင်ရွက်မယ်ဆိုတာတော့ မတွေ့ရဘူး။

နောက်တစ်ခုက ဝန်ကြီးချုပ်အပြောင်းအလဲဖြစ်တဲ့ အနေအထား။ အရင်ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဦးမင်းမင်းဦးကတော့ တစ်နှစ်လောက် တာဝန်ယူသွားတယ်။ ၂၀၁၇ မှာ ပြန်ပြီးတော့ ပြောင်းတယ်၊

ဒီအပြောင်းအလဲကလည်း သွားနေတဲ့ နှုန်းကို တုံ့နှေးသွားတဲ့ ပုံစံမျိုးဖြစ်တာပေါ့၊ အဲဒီအပြင်ကို ဝန်ကြီးတွေ အပြောင်းအလဲဖြစ်တယ်။ ဒါတွေကလည်း စီးပွားရေးလုပ်ငန်း ပြောင်းလဲရမယ့် အနေအထားကို ခက်ခဲနှောင့်နှေးစေတယ်လို့ ကျွန်တော် မြင်တယ်။

နောက်တစ်ခုက ကုန်ဈေးနှုန်းနဲ့ စီးပွားရေး ပြောင်းလဲမှုမှာ ငွေကြေး မဟားတရား တက်လာတယ်။ အဲ့ဒီအနေအထားမှာ အစိုးရဘက်က ထိရောက်တဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေ၊ ထိရောက်တဲ့ စီမံချက်ပုံစံတွေနဲ့ မူဝါဒချပြီး လုပ်တာတွေက ထင်သလောက် မတွေ့ရဘူး၊ ဒီသုံးနှစ်မှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ၊ မွန်ပြည်နယ် ပြင်ပက လာပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက်မတက်ဘူး၊

အဲ့ဒီအနေအထားအရ ဒီသုံးနှစ်က နောက်ထပ်ကျန်တဲ့ သက်တမ်းနှစ်နှစ်ကို ပြန်ပြီးတော့ အရှိန်ယူ အားပြုဖို့ဆိုတာ တော်တော် မလွယ်တဲ့ အနေအထားရှိတယ်။ အစိုးရတစ်ရပ်က သက်တမ်း တစ်ဝက်လောက်မှာ အနည်းဆုံး ခြေလှမ်းတစ်ခုကို မလှမ်းနိုင်ရင်တောင်မှ ခြေလှမ်းအသစ်အတွက်ကို ဖောင်ဒေးရှင်းချနိုင်တဲ့ အုတ်မြစ်တွေ ခိုင်မာဖို့တော့ လိုတယ်။

လောလောဆယ်တော့ ဒီသုံးနှစ်မှာ ခိုင်မာတဲ့ အဲဒီလို အုတ်မြစ်တွေ ချထားနိုင်စွမ်း မရှိတဲ့အခါကျတော့ ကျန်တဲ့နှစ်နှစ်ဟာလည်း တအားကြီးတော့ ထင်ရှားလာမှာ မဟုတ်ဘူးလို့မြင်တယ်။

သို့သော်လည်းပဲ သူတို့ အနေနဲ့ ပြန်မြင်ရတာကတော့ ဝန်ကြီးချုပ်ကတော့ လွှတ်တော်မှာ လာရောက်တင်ပြဆွေးနွေးသွားတဲ့အခါမှာတော့ မိန့်ခွန်းတွေထဲမှာလည်း ဘာပါလာလဲ ဆိုတော့ စိုက်ပျိုးရေးဘက်ကို ဇောင်းပေးပြီးတော့ လုပ်မယ်ဆိုတဲ့ ပုံစံမျိုး၊ စိုက်ပျိုးရေး လုပ်မယ်ဆိုတဲ့ နေရာမှာ သူက ကြံစိုက်ခင်းတွေ ကျွဲကောတွေ အုန်းမွှေးတွေ ဒါမျိုးတွေ သူကလုပ်မယ်ဆိုပြီး ရှင်းလင်းတင်ပြခဲ့တာရှိတယ်။ အဲဒီအတွက်ကိုတော့ သူက ရင်းနှီးမြှုပ်နှံလိုတဲ့ လုပ်ငန်း လုပ်ဆောင်ချင်တဲ့ အဖွဲ့အစည်းတွေ သူကဖိတ်ခေါ်တယ်။ ဒါလည်း အတိုင်းအတာတစ်ခုထိပဲ ဒီသက်တမ်းမှာ မီပါလိမ့်မယ်။ စိုက်ပျိုးရေး ဘက်ကို ဇောင်းပေးလာတာတော့ တွေ့တယ်၊ သူဇောင်းပေးတဲ့ စိုက်ပျိုးရေးကလည်း ငါးနှစ်အတွင်းမဖြစ်ဘူး၊ အောင်မြင်ခဲ့မယ်ဆိုရင်တော့ နောင်သက်တမ်းအတွက် ကောင်းမွန်တဲ့ အခြေခံ အုတ်မြစ်တစ်ခု ဖြစ်လာမယ်လို့ ကျွန်တော် ယူဆတယ်။

တေဇ ၊ ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.