မော်လမြိုင် ၊ မတ် ၂ ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကဖွဲ့စည်းမည့် အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ များတွင် အမျိုးသမီးများပိုမိုပါဝင်ရန် တောင်းဆိုကြောင်းမွန်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လဝီဟန်က ဟင်္သာမီဒီယာသို့ပြောကြားသည်။

“အမျိုးသမီးတွေက စိတ်ရှည်တယ် မိခင်စိတ်ရှိကြတယ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီး တွေနဲ့တိုုင်းရင်းသား တွေအတွက် အခွင့်အရေးမရှိလို့ရှိရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်လာမှာ မဟုတ်ဘူး၊ တိုင်းရင်းသားအခွင့်အရေးနဲ့အမျိုးသမီးများအခွင့်အရေးတွေ ပါဝင်ခွင့်ပေးမှသာလျှင် ရေရှည် တည်တ့ံတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့အတွက် အမျိုးသမီးတွေက ပါဝင်ဖို့အရေးကြီးတယ်”ဟုဒေါ်လဝီဟန်က ပြော သည်။

ဖေဖော်ဝါရီလ ၂၇ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမို်င်မြို့တွင် ပြုလုပ်သော “More Women in the Peace Equals Sustainable Peace in Myanmar” ဆွေးနွေးပွဲတွင် ယင်းအချက်အလက်များကို အဓိိကထား ဆွေးနွေးခဲ့ကြောင်း မွန်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လဝီဟန်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

နိုင်ငံရေးဆွေးနွေးပွဲတွင် ကျား၊မ အချိုးကျပါဝင်မှုစနစ်ကို အကောင်အထည်ဖော်ခြင်း၊ တရားဝင် ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် အဖွဲ့အစည်းများအတွင်း ဆုံးဖြတ်ချက်ချသည့် အခန်းကဏ္ဍများတွင် အမျိုးသမီးများ အနည်းဆုံး ၃ဝ ရာခိုင်နှုန်း ပါဝင်ခွင့်ရရှိရေး စသည့် အကြောင်းအရာများ ဆွေးနွေး ခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲ တက်ရောက်သူများထံ မှသိရှိရသည်။

ထို့အပြင် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာ သူများနှင့် ကော်မရှင်နာများအဖြစ် အမျိုးသမီးများ ပိုမိုပါဝင်ရေး စသဖြင့် ပါဝင်ဆွေးနွေးခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲ တက်ရောက်လာသူများက ပြောသည်။

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ပြုလုပ်သော ဆွေးနွေးပွဲသို့ တိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်း ၅၀ခန့် တက်ရောက်ဆွေးနွေးခဲ့ရာ မွန် အမျိုးသမီးအဖွဲ့နှင့် မွန်အမျိုးသမီး ကွန်ယက်တို့မှ လေးဦးတက်ရောက်ခဲ့သည်။

Leave a Reply