“အစိုးရအနေနဲ့ ဒီထက်ပိုပြီး ကျယ်ပြန့်တဲ့ သဘောထားကြီးမှုတွေကို ထုတ်ဖော်ပြသဖို့ လိုပါလိမ့်မယ် ”

ရိုးဂုဏ်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၂၀ ဝန်းကျင်ပဲ လိုတော့တဲ့အချိန်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် – UEC က ရွေးကောက်ပွဲ မကျင်းပတော့မယ့် နေရာဒေသတွေကို ကြေညာလိုက်ပါတယ်။ ဒီလိုကြေညာလိုက်တဲ့ အထဲမှာ ရခိုင်ပြည်နယ်မှာ ၉ မြို့နယ်၊ ရှမ်းပြည်နယ်မှာ ၆ မြို့နယ်ကို တစ်မြို့လုံးပါဝင်ပြီးတော့ ကချင်၊ ကရင်၊ မွန်နဲ့ ပဲခူး တိုင်းဒေသကြီးတို့က ရပ်ကွက်ကျေးရွာအုပ်စုတွေ ပါဝင်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကြောင့် တိုင်းရင်းသား ပါတီတွေနဲ့ ဒေသခံပြည်သူတွေကြား လှုတ်လှုတ်ခတ်ခတ် ဖြစ်ခဲ့ရပြီး ယခုဖြစ်ရပ်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာကို ယုံကြည်မှုလျော့နည်းစေတယ်ဆိုတဲ့ ဝေဖန်သုံးသပ်မှုတွေ မြင့်တက်နေပါတယ်။

ဒါကြောင့် ဟင်္သာမီဒီယာက မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး – ၂ နိုင်လယိတမ နဲ့ ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုဝင်းအောင်တို့ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲက ဆက်သွယ်မေးမြန်းခဲ့တာတွေအနက် တချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

နိုင်လယိတမ (မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး – ၂)

ဓာတ်ပုံ – မွန်ညီညွတ်ရေးပါတီ

Q : ရွေးကောက်ပွဲအချိန်နီးနေတော့မှ ရွေးကောက်ပွဲ မကျင်းပဖြစ်တော့ဘူးဆိုတဲ့ နေရာတွေကို ကြေညာတဲ့အပေါ် ဘယ်လို ပြောချင်ပါသလဲ။

A : အခုကန့်သတ်လိုက်တဲ့ ဒေသတွေက မူလကတည်းက ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ပြန်ထားပြီးသားဖြစ်တယ်။ နိုင်ငံတကာရောက် မဲဆန္ဒရှင်တွေကလည်း အဲဒီဒေသတွေက မဲဆန္ဒနယ်တွေအတွက် ဆန္ဒမဲတွေပေးထားပြီးဖြစ်တယ်။ အခုချိန်မှာမှ ရွေးကောက်ပွဲကျင်းပဖို့ ပိတ်ပင်လိုက်တာက တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာကျု မေးခွန်းထုတ်စရာဖြစ်လာတယ်။ ပြည်ပရောက် မဲပေးထားတဲ့ မဲဆန္ဒရှင်တွေရဲ့ဆန္ဒကို လျစ်လျူရှုတာ၊ လှောင်ပြောင်သလိုဖြစ်နေတာပေါ့နော်။

Q : တကယ်လို့များ ဒီလိုအခြေအနေမျိုးကို မွန်ပြည်နယ်မှာ ကြုံရမယ်ဆိုရင် ဘယ်လိုတုန့်ပြန်ဆောင်ရွက်ဖို့ရှိမလဲ

A : ကျွန်တော်တို့ကတော့ တုန့်ပြန်ဖို့ဆိုတာက သဘောထားထုတ်ပြန်တာကလွှဲပြီး တစ်ခြားဘာမှ လုပ်ပိုင်ခွင့်မရှိဘူးလေ။ ခုနကပြောသလိုပဲ ရွေကောက်ပွဲလုပ်မယ်ဆိုပြီး နီးတော့မှ ကြေညာထားပြီးမှ မလုပ်ဘူးဆိုတာကတော့ ကျွန်တော်တို့က သဘောထားထုတ်ပြန်တာကလွဲပြီး ဘာမှလုပ်လို့မရဘူး။

Q : ရွေးကောက်ပွဲကျင်းပခွင့် မရတဲ့ ဒေသက ပါတီတွေနဲ့ ပြည်သူတွေအတွက် ဘာများပြောချင်တာရှိလဲ။

A : မဲပေးခွင့်မရတဲ့ ဒေသတွေမျာရှိနေတဲ့သူတွေကလည်း နိုင်ငံသားတစ်ယောက်ပဲဖြစ်တယ်။ သူတို့ရဲ့ ရပိုင်ခွင့် သူတို့ရဲ့ အခွင့်အရေးအတွက် ဒီလိုမလုပ်သင့်ဘူး။ အဲဒီမဲဆန္ဒရှင်တွေအတွက်လည်း ကျွန်တော် အများကြီးစာနာတယ်။

ကိုထွန်းဝင်းကျော် (ခ)ကိုဝင်းအောင် (ရခိုင်အမျိုးသား ပါတီ)
(ရွေးကောက်ပွဲ ကျင်းပခွင့်မရသည့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း)

Q : ရွေးကောက်ပွဲ ကျင်းပလို့မရတဲ့နေရာတွေကို ကော်မရှင်က ရွေးကောက်ပွဲချိန်နဲ့ ကပ်ပြီးတော့ ကြေညာတဲ့အပေါ် ဘာများပြောချင်လဲ။

A : အဓိကကတော့ ဒီမိုကရေစီကို ကြွေးကြော်ပြီးတော့ တက်လာတဲ့ NLD အစိုးရလက်ထက်မှာပေါ့နော်။ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ စစ်မှန်သော ဖက်ဒရယ်တည်ဆောက်ရေးဆိုပြီး တောက်လျှောက်ကြွေးကြော်ပြီးလာခဲ့တာပေါ့နော်။ ဒါပေမယ့် အခုလိုအနေအထားမျိုးမှာ အာဏာရ အစိုးရအနေနဲ့ တော်တော်များများ တိုင်းရင်းသားဒေသတွေ အများစုကေတော့ ရခိုင်ပြည်နယ်ပေါ့ ရာခိုင်နှုန်းနဲ့ပြောရင် ၆၀ ရာခိုင်နှုန်းကျော်လောက်ထိ မဲဆန္ဒနယ်တွေကို ကျွန်တော်တို့ ရွေးကောက်ပွဲ ကျင်းပဖို့ထဲကနေ ဖယ်ရှားလိုက်တာကတော့ အင်မတန်ကို ရုပ်ဆိုး အကျည်းတန်လွန်းလှပါတယ်ဗျ။ ကျွန်တော်တို့ ပြောနေတဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအပေါ်မှာလည်း မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ စံချိန်စံနှုန်းပေါ့။ ကျွန်တော်တို့ရဲ့ မဲဆန္ဒရှင်တွေရဲ့ မဲပေးပိုင်ခွင့်၊ သူတို့ရဲ့ ရွေးချယ်တင်မြောက်ပိုင်ခွင့်ဆိုတဲ့ အခွင့်အရေးတွေကို တားဆီးပိတ်ပင်လိုက်တာကတော့ အချိန်ကိုက် မိုင်းဗုံးထည့်ပေးလိုက်သလိုမျိုး ဖြစ်သွားပါတယ်လို့ မှတ်ချက်ပြုချင်ပါတယ်။

Q : တခြားနေရာတွေထက် ရခိုင်မှာဆိုရင် ANP အားကောင်းတဲ့နေရာတွေကိုပဲ မကျင်းပတော့ဘူးဆိုတဲ့ အပေါ်မှာရော ဘယ်လိုသုံးသပ်ချင်ပါသလဲ။

A : ကျွန်တော်တို့ဆီမှာ တရားဝင်ပယ်ဖျက်လိုက်တဲ့ မြို့နယ်ကတော့ ၉ မြို့နယ်လို့ ပြောလို့ရတာပေါ့။ ဒီ ၉ မြို့နယ်စလုံးမှာ သေချာတာတစ်ခုက NLD အနေနဲ့ နိုင်ခြေက ၁ ရာခိုင်နှုန်းလောက်ပဲပြောလို့ရပါတယ်။ ရခိုင်အမျိုးသားပါတီက တော်တော်လေး အင်အားကောင်းတဲ့ အနေအထားပါ။ အဲဒီအထဲမှာမှ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေက အဓိက ၆ မြို့နယ်လောက် ပြောလို့ရပါတယ်။ ဒါပေမယ့် ပေါက်တောဆိုရင် ဘာမှမရှိဘူး။ တိုက်ပွဲတွေလည်းမရှိဘူး။ လက်နက်ကိုင် အင်အားစုတွေနဲ့လည်း ပဋိပက္ခတွေလည်းး ဘာမှမရှိဘူး။ အဲ့တော့ အဲဒီမြို့ပေါ်မှာ ပယ်ဖျက်ခဲ့တယ်။
နောက်တစ်ခုက အမ်းမြို့နယ်ပေါ့နော်။ အဲမှာဆိုလည်း မြို့ပေါ်ရပ်ကွက်လောက်ပဲကျန်တယ်။ ကျောက်ဖြူမှာလည်း မြို့ပေါ်ရပ်ကွက်လောက်ပဲကျန်တယ်။ ကျေးရွာအုပ်စုတွေ တော်တော်များများ ဒါဇင်နဲ့ချီပြီးတော့ ဖျက်သိမ်းလိုက်တဲ့ ကိစ္စတွေကတော့ ပိုပြီး သိသာထင်ရှားပါတယ်။ ရခိုင်ပါတီတွေကြီးစိုးပြီးတော့ ေခေတ်အဆက်ဆက် ပြည်သူတွေအနေနဲ့မဲပေးလာခဲ့တဲ့ ပါတီရဲ့ ခိုင်မာမှုကို NLD အစိုးရအနေနဲ့ အရှိန်နဲ့ မထိုးဖောက်နိုင်မှန်းသိလို အခုလိုမျိုး ပယ်ဖျက်လိုက်တာလို့ ကျွန်တော်ကတော့ မှတ်ချက်ပြုလိုပါတယ်။

Q : NLD ဘက်ကတော့ ဒါဟာရွေးကောက်ပွဲကော်မရှင်နဲ့ပဲ ဆိုင်တယ်လို့ ဆိုထားတယ်ဆိုတော့ လက်ရှိ အာဏာရပါတီရဲ့ ထိုးနှက်မှုမဟုတ်ဘူးဆိုတဲ့ သဘောဖြစ်တာပေါ့။ ဒီအပေါ်မှာရော ဖြစ်နိုင်၊ မဖြစ်နိုင် ဘယ်လိုယူဆလဲ။

A : ဒါကိုတော့ ကျွန်တော် အပြည့်အဝ လက်မခံဘူးဗျ။ ရွေးကောက်ပွဲဆိုတာကတော့ သူတို့ပါတီတွေ အနိုင်ရဖို့အတွက်ကတော့ ပုံစံအမျိုးမျိုးနဲ့ မဲဆွယ်စည်းရုံးပြီးတော့ ပုံစံခွက်ထဲကိုဝင်အောင်တော့ လုပ်ကြတာပဲ။ NLD အစိုးရအနေနဲ့ကတော့ ဒါတွေဟာ လွဲလွဲဖယ်ဖယ်ပြောတယ်လို့ပဲ ကျွန်တော်ပြောချင်တယ်။ သူတို့အနေနဲ့လည်း ရခိုင်ပြည်မှာ ရွေးကောက်ပွဲ ကျခြင်း မကျခြင်း (နိုင်ခြင်း၊ မနိုင်ခြင်း)က သူတို့အတွက် အကျိုးအမြတ်မရဘူးလို့ပဲ ကျွန်တော်ပြောချင်တယ်။ ဘာလို့လဲဆိုတော့ နေရာအများစုက နိုင်မှာပါပဲ။

Q : NLD ကိုယ်စားလှယ်လောင်းတွေ အဖမ်းခံခဲ့ရတဲ့ တောင်ကုတ်မှာတော့ ရပ်ကျေးအုပ်စုတွေမှာပဲ မလုပ်ဘူးဆိုတော့ အဲဒီနေရာတွေရဲ့ လုံခြုံမှုကရော ဘယ်လိုရှိလဲ။

A : တိုက်ပွဲလို့ပြောရင် ဂွနဲ့ သံတွဲကြားမှာလည်း ပစ်ခတ်မှုတွေရှိတာပဲ။ တောင်ကုတ်ကတော့ ဖမ်းသွားတယ်ဆိုပေမယ့် တိုက်ပွဲဖြစ်နေမျိုးတော့ မဟုတ်ဘူး။

Q : ဒီအခြေအနေတွေဟာ ငြိမ်းချမ်းရေးကို ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိနိုင်မယ်လို့ မြင်လဲ။

A : အဓိကကတော့ ဘာပဲဖြစ်ဖြစ် အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် ကြွေးကြော်ပြီးတက်လာတဲ့ အစိုးရအနေနဲ့ ဒီထက်ပိုပြီး ကျယ်ပြန့်တဲ့ သဘောထားကြီးမှုတွေကို ထုတ်ဖော်ပြသဖို့လိုပါလိမ့်မယ်။ ပြီးတော့မှပဲ တိုင်းရင်းသား လူမျိုးတွေအနေနဲ့ သူတို့အာမခံတဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်တွေ၊ လွတ်လပ်စွာကိုးကွယ်ခွင့်တွေ၊ တန်းတူရေးတို့၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတို့ကို လက်တွေ့ကျကျ လက်တွဲပြီးသွားနိုင်မလား မသွားနိုင်ဘူးလားဆိုတာကို တစ်ခြားနည်းလမ်းရှာကြည့်ရတော့မှာပေါ့ဗျာ။ ဒါက သူတို့သဘောထားကြီးလေ ပိုလွယ်လေ ဖြစ်ပါလိမ့်မယ်။

Q : ဒီတော့ အခြေအနေတွေအရ NLD ကိုဘာများပြောချင်မလဲ။

A : ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလက NLD အနိုင်ရတဲ့ တစ်ချို့မြို့နယ်တွေ သူတို့အားကောင်းတဲ့ မြို့နယ်တွေကို ချန်လှပ်ထားခဲ့တာကတော့ ဒါက ပိုပြီးသိသာထင်ရှားပါတယ်။ ဒါက သက်သက်အကြောင်းပြချက်ရပြီးတော့ NLD ခေါင်းဆောင်တွေအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု လူကြီးလူကောင်းဆန်မှုအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

Q : ရွေးကောက်ပွဲကော်မရှင်ဘက်ကိုရော ဘယ်လိုတုန့်ပြန်ဖို့ ရှိမလဲ။

A : ပယ်ဖျက်ခံရတဲ့ နေရာတွေမှာတော့ ကျွန်တော်တို့ ဝင်ပြိုင်ခွင့်မရတော့ဘူးပေါ့။ ဒါပေမယ့် ကျန်ရှိနေသေးတဲ့ နေရာတွေမှာတော့ အကောင်းဆုံးဖြစ်အောင်တော့ ဆက်လက်ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ လုပ်သွားမှာပါ။ ပယ်ဖျက်ခံရတဲ့ မြို့နယ်တွေအတွက်လည်း ကျွန်တော်တို့ ဥပဒေလမ်းကြောင်းအရ ဒီဟာတေေွအပေါ်မှာ ကျွန်တော်တို့ အဖြေရှာဖို့အတွက်လည်း စဉ်းစားနေတာတွေရှိပါတယ်။ နောက်တစ်ခုကတော့ ရွေးကောက်ပွဲလည်းမဖြစ်ဘူး။ ဥပဒေအရလည်း ဖြေရှင်းလို့မရဘူးဆိုရင် ပြည်သူ့ဆန္ဒခံယူပွဲလုပ်လိုက်ပေါ့ ရှင်းရှင်းလေးပါပဲ။

<><><>

ရိုးဂုဏ် ဆက်သွယ်မေးမြန်းထားသည်။

Leave a Reply