မော်လမြိုင်၊ စက်တင်ဘာလ ၁၉

မွန်ပြည်နယ် ဝန်ကြီးချုပ် နှင့် အစိုးရ အဖွဲ့ဝင်များ သည် အုပ်ချုပ်ရေးပိုင်းရှိဌာနဆိုင်ရာများကို စီမံအုပ်ချုပ်ရမည့် အစား လွှတ်တော် လုပ်ငန်းစဉ်တွေကို ဝင်ရောက်လွမ်းမိုးနေတယ်လို့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိကပြောကြားသည်။

၁၄ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေး တွင် ပြည်နယ် လွှတ်တော်ကိုယ် စားလှယ်များက မေးခွန်း ၄၉ ခု မေးရန် အစိုးရဆီကြိုတင်ပေးပို့ အကြောင်းကြားခဲရာ အစိုးရ က ၂၅ ခု သာ ဖြေဆိုနိုင်မည်ဟုတုန့်ပြန်ခဲ့သည့် အပေါ် တွင် ဒေါ်တင်အိ က ယခုကဲ့သို့ပြောဆိုခြင်းလည်းဖြစ်သည်။

အစိုးရ က ယင်းသို့ ငြင်းဆိုမှုမှာ ဥပဒေနှင့် မညီကြောင်း ထိုပအပြင် လွှတ်တော်အပေါ် ဥပဒေ မှလွဲ၍ မည်သည့်အရာကမှ လွှမ်းမိုးလို့ မရကြောင်း ဒေါ်တင်အိက ထပ်လောင်းပြောကြားခဲ့သည်။

“ ကျွန်မကို ဒီဥစ္စာမမေးပါနဲ့ နောက်မှမေး လို့ဆိုပြီး ၊ ဘာကြောင့် ပြောတာလဲ။ ကျွန်မတို့ကို လာလွှမ်းမိုးနေ တယ်လို့ ကျွန်မခံစားရတယ်။ ကျွန်မတို့ကို လွှမ်းမိုးဖို့ ဥပဒေပဲရှိတယ်နော် ။ဘယ်လူမှမရှိဘူး။ ကျွန်မအနေနဲ့ စိတ်မကောင်းဘူး ကျွန်မတို့ ဒီမိုကရေစီစနစ်သွားနေတာရော ဟုတ်ရဲ့လားပေါ့” ဟု ဒေါ်တင်အိက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများက ကိုယ်စားလှယ်များ၏ အကျိုးစီးပွားမပါဝင်ဘဲ ရောက်ရှိလာ သည့် တိုင်ကြားစာ၊ ပြည်သူ့အသံ ပြည်သူ့သဘောထားတွေအပေါ် အခြေခံပြီး မေးခွန်းမေးရခြင်းဖြစ် သောကြောင့် အစိုးရ ၏ အကြောင်းပြန်ကြားချက်ကို လက်မခံကြောင်း ၊ သထုံမဲ ဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

“မြေပြင်မှာကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို မေးခွန်းမေးတာ အရမ်းခက်ခဲပြီး ဆောင်ရွက်ပေးဖို့ နည်းဥပဒေတွေမရှိသေးဘူးဆိုရင် တစ်မျိုး ဥပဒေလည်းရှိတယ် လုပ်ထုံးလုပ်နည်း တွေလည်းရှိတယ် ပြည်သူတွေရဲ့ အခက်အခဲတွေကိုဖြေရှင်းပေးရမှာဖြစ်ပါတယ် ဘာကြောင့်မဖြေရှင်းတဲ့ အပေါ်မှာ နားလည်လက်ခံပေးဖို့ ခက်ခဲပါတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အတွင်းတွင် အစိုးရအနေဖြင့် ယင်းသို့ဖြစ်စဉ်မျိုး မည့်သည့်တစ်ခါမှ မဖြစ်ပေါ်ဖူးခဲ့ကြောင်း မေးခွန်းဖြေဆို မှုများ ကို ရွေ့ဆိုင်းနေမည်ဆိုပါက အဆင်မပြေကြောင်း ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်၂လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ဆိုသည်။

“ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက လိုအပ်လို့မေးတာ ပြည်နယ်လွှတ်တော်ကလည်း ပြည်ထောင်စုလွှတ်တော်လို့ မဟုတ်ဘူးလေ အဲလိုမဟုတ်တဲ့ အတွက် ဒီခေါ်တဲ့အချိန်မှာ ဖြေကြားပေးစေချင်တာပေါ့လေ ဒီနေ့မေးခွန်းဆိုရင် မြေပြိုသွားတာ ပြီးခဲ့တဲ့ လကတည်းက ကျွန်တော်က ခုမှ မေးရတယ် ဒါကို တကယ်လို့ နောက်တစ်ကြိမ်မှဖြေမယ်ဆိုရင် အဆင်မပြေနိုင်ဘူး” ဟု ဦးဇော်ဇော်ထူးက ဆိုသည်။

အစိုးရအနေ မေးခွန်းများ နှင့်ပတ်သက်ပြီး လွှတ်တော်သို့ပေးပို့လာသော အကြောင်းကြားစာ ကိစ္စ ကို သိရှိထားခြင်း မရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းကပြောသည်။

“အဲ့ဒါတော့ကျွန်တော်မသိဘူး ကျွန်တော်နဲ့ သက်ဆိုင်တဲ့ မေးခွန်းနှစ်ခုပဲ ကျွန်တော်ဆီရောက်တယ် ၂ခုလုံးကို ဒီလွှတ်တော်မှာဖြေကြားသွားပါမယ်။ ကျန်တာတော့ ကျွန်တော်လည်းမသိဘူး” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

မွန်ပြည်နယ် အစိုးရ က အဆိုပါ အကြောင်းကြား စာကို စက်တင်ဘာလ ၁၇ရက်နေ့ရက်စွဲဖြင့် လွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာဌာနများ အနေနှင့် မေးခွန်းများ ဖြေဆိုရန် အချိန်မလုံလောက်သောကြောင့် နော်ကတစ်ကြိမ် ကျင်းပမည့် လွှတ်တော်အစည်းအဝေး မှသာဖြေဆိုနိုင်မည် ဖြစ်ကြောင်း အကြောင်း ပြန်ခဲ့ခြင်း ဖြစ်သည်။

ရန်လင်းအောင်

Leave a Reply