မော်လမြိုင်၊ ဒီဇင်ဘာ ၁၃

ပြည်နယ် အစိုးရအဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး မိမိ အသိစိတ်ဓာတ်ဖြင့် အလုပ်လုပ်ကြရန် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ဒီဇင်ဘာ ၁၃ ရက်မှာ ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် သတိပေး တိုက်တွန်းပြောဆိုလိုက်သည်။

“အစိုးရအဖွဲ့ ဝန်ကြီးတွေ လွှတ်တော် ကိုယ်စားလှယ်တွေ ဒီနေ့ကစပြီးတော့ ဒီထက်ပိုပြီးတော့ ကြိုးစား၊ တိတိကျကျ၊ ကိုယ့်ရဲ့လုပ်ငန်းတာဝန်ကို ကိုယ်နားလည်ပါ။ မိမိလုပ်ဆောင်ရမယ့်အလုပ်ကို တစ်ပါးသူပြောရမှ မဟုတ်ဘဲနဲ့ မိမိအသိစိတ်နဲ့မိမိ လုပ်ပြီးတော့ နိုင်ငံ့ဝန်ထမ်း ကောင်းဖြစ်အောင် တိုက်တွန်းပါတယ်”ဟု ဒေါ်တင်အိက ပြောသည်။

ထို့အပြင် အစိုးရအဖွဲ့ ဝန်ကြီးများအနေဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်၏ ခြေလက်ဖြစ်သည့် ဝန်ထမ်းများ၏ အားနည်းမှု၊ စိတ်သဘောထား မပြောင်းလဲမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၆ အရ တိတိကျကျ ကိုင်တွယ်ရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပထမ (၆) လပတ် အစီရင်ခံစာသည်လည်း ပြည်နယ်အတွင်း တရားဥပဒေ စိုးမိုးမှု မရှိကြောင်းကို ဖော်ပြနေသည်ဟု ဥက္ကဋ္ဌက ဝေဖန် ပြောဆိုသည်။

ဥက္ကဋ္ဌက “ကိုယ်စားလှယ်ဆွေးနွေးတဲ့ အစိုးရရဲ့ ၆လစာ အစီရင်ခံစာကို နားထောင်ခြင်းအားဖြင့် ကျွန်မတို့ရဲ့ မွန်ပြည်နယ် ဟာ တရားဥပဒေစိုးမိုးရေး မရှိဘူး။ ကျွန်မတို့ နိုင်ငံမှာ တိုက်ဖျက်နေတဲ့ မူးယစ်ဆေးဝါး အရက်သေစာတွေ အနီးစပ်ဆုံး အဖြူအစိမ်းဝတ်နေတဲ့ ကျောင်းပတ်ဝန်းကျင်မှာ ရှိနေတယ်ဆိုကတည်းက ကျွန်မ အရမ်းစိတ် ဆင်းရဲရပါတယ်”ဟု ဆိုသည်။

ထို့နောက် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးအတွင်း တင်သွင်းမေးမြန်းရာ၌ ကတိဝင်ခဲ့သည့် အဆို၊ မေးခွန်းများကိုလည်း အစိုးရအဖွဲ့အနေဖြင့် အကောင်အထည် ဖော်ရာတွင် နှောင့်နှေးနေကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများကို ဟင်္သာမီဒီယာက ၎င်းတို့၏ သဘောထားအား သွားရောက် မေးမြန်းရာ ပြည်နယ် စာရင်းစစ်ချုပ်ရုံးတွင် အစည်းအဝေးရှိ၍ ပြန်လည်ဖြေကြားရန် ငြင်းဆိုခဲ့ကြသည်။

Written by ရွှေရိုး

Leave a Reply