ပြည်သူများ သတင်းအမှန်ရရှိရေးကို ကန့်သတ်ပိတ်ပင်ထားသော ဥပဒေများပါရှိသည့်အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေကြမ်းကိုသာ လွှတ်တော်က အတည်ပြုလိုက်မည်ဆိုပါက အထိန်းအချုပ် ကင်းမဲ့သည့် အာဏာများရှိသော အဖွဲ့တစ်ခုကို အဆိုပါဥပဒေကြမ်းအရပေါ်ပေါက်လာစေနိုင်သည်ဟု ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့တစ်ဖွဲ့က သုံးသပ်သည်။

၁၉၉ဝ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့သည့် အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေကို အစားထိုးရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ယခုနှစ် ဇွန်လ ၁ဝရက်နေ့က လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းအပေါ် လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်းမြန်မာ(Free Expression Myanmar) က ဇူလိုင်လ ၁၈ ရက်နေ့က သုံးသပ်ချက် တစ်ရပ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဥပဒေကြမ်းသည် အစိုးရ၏လျှို့ဝှက်ပိုင်ဆိုင်သော သတင်းအချက်အလက်များကိုအများပြည်သူ လက်လှမ်းမီရန် လုပ်ဆောင်သည့် မည်သည့်ကြိုးပမ်းချက်ကိုမဆို လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ရန် အခွင့်အလမ်းများ ပါရှိနေသည်ဟု မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့် ရှိလာစေရေး လုပ်ကိုင်နေသော အဆိုပါအဖွဲ့က သုံးသပ်သည်။

ဥပဒေကြမ်းအား လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်ပါက ကမ္ဘာ့အလျှို့ဝှက်ဆုံး နိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်နှင့်ပြီးသား မြန်မာနိုင်ငံ၏ သတင်းအချက်အလက် သိပိုင်ခွင့်ကို သိသိသာသာ မှေးမှိန်သွားစေနိုင်သည့်အပြင် မီဒီယာနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများအပေါ်စိုးရိမ်ဖွယ်ရာ ဖြစ်နိုင်ခြေအန္တရာယ်များ သက်ရောက်လာမည်ဟု ယင်းအဖွဲ့က သတိပေးသည်။

အဆိုပါဥပဒေကြမ်းကို ယခု ဥပဒေကြမ်းကော်မတီက လေ့လာသုံးသပ်နေပြီး သုံးသပ်ချက်နှင့်အတူ လွှတ်တော်အသီးသီးသို့ တင်မည်ဖြစ်သည်။

ယင်းဥပဒေကြမ်းအရ နိုင်ငံတော် အစိုးရ၏ မှတ်တမ်းများ၊ သတင်းအချက်အလက်များအားလုံခြုံရေးအဆင့်သတ်မှတ်ရာတွင် ‘ထိပ်တန်းလျှို့ဝှက်အဆင့် မော်ကွန်း’အဖြစ် သတ်မှတ်လိုက်ပါက ယင်းအချက်အလက်ကို နှစ်ပေါင်း ၃၀ သို့မဟုတ် ထိုကာလထက်ကျော်လွန်၍ထိန်းချုပ်ဖုံးကွယ်ထားနိုင်မည်ဖြစ်သည်။

အလားတူ ‘လျှို့ဝှက်အဆင့်မော်ကွန်း’အဖြစ် သတ်မှတ်လိုက်လျှင် ၂၅ နှစ်၊ ‘အတွင်းရေးအဆင့်မော်ကွန်း’အဖြစ် သတ်မှတ်လိုက်လျှင် နှစ်ပေါင်း ၂၀၊ ‘ကန့်သတ်အဆင့် မော်ကွန်း’အဖြစ် သတ်မှတ်လိုက်လျှင် ၅ နှစ်အထိ အစိုးရ၏ မှတ်တမ်းများ၊ သတင်းအချက်အလက်များကိုအများပြည်သူများ သိရှိပိုင်ခွင့်ကို တားထားနိုင်မည်ဖြစ်သည်။

ယင်းကြောင့်အစိုးရ၏ မည်သည့် သတင်းအချက်အလက်ကိုမဆို ‘ထိပ်တန်းလျှို့ဝှက်အဆင့်’ အဖြစ် လုံခြုံရေးအဆင့် သတ်မှတ်ပြီး နှစ်ပေါင်း ၃၀ ထက်မက ကျော်လွန်သည့် ကာလအထိအစိုးရက ထိန်းချုပ်ဖုံးကွယ် ထားနိုင်မည်ဖြစ်သည်။

ယင်းအပြင်မှတ်တမ်းနှင့် မော်ကွန်းများ၏ လုံခြုံမှုသက်တမ်းသတ်မှတ်ချက် ကုန်ဆုံးသော်လည်း လိုအပ်ပါက ဖတ်ရှုကိုးကားခွင့်မပြုဘဲ ထားနိုင်ကြောင်း ဥပဒေကြမ်းတွင် ပြဋ္ဌာန်းထားသည်။

မှတ်တမ်းနှင့် သတင်းအချက်အလက်များအား လုံခြုံရေးအဆင့် သတ်မှတ်လိုက်ခြင်းသည်အစိုးရ၏ အကျင့်ပျက်ခြစားမှု၊ မှားယွင်းသောလုပ်ဆောင်မှု သို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ဝှက်ရန် အခွင့်အရေးများရရှိသွားပြီး လွယ်ကူစွာပင် တလွဲအသုံးချနိုင်မည်ဟု Free Expression Myanmar က သုံးသပ်သည်။

ယင်းအပြင် ခွင့်ပြုချက်မရဘဲ အစိုးရထိန်းချုပ်ထားသည့် သတင်းအချက်အလက်ကို ရယူလျှင်ထောင်ဒဏ်ကျခံရမည်ဖြစ်ပြီး လုံခြုံရေးအဆင့် အနိမ့်ဆုံးဖြစ်သည့် ကန့်သတ်အဆင့် သတင်းအချက်အလက်ကိုပင် မည်သူကရယူနိုင်ကြောင်း အစိုးရကသာ ဆုံးဖြတ်မည်ဖြစ်သည်။

ညွှန်ကြားရေးမှူးချုပ်၏ တရားဝင်ခွင့်ပြုချက်မရရှိဘဲ လုံခြုံမှုအဆင့်နှင့် သက်တမ်း မကုန်ဆုံးသေးသော မှတ်တမ်းနှင့် မော်ကွန်းတစ်ရပ်ရပ်ကို လေ့လာကြည့်ရှုခြင်း၊ ကူးယူခြင်း၊ ဦးစီးဌာန၏ ပြင်ပသို့ ယူဆောင်ခြင်း မပြုလုပ်ရန် ဥပဒေကြမ်းအသစ်တွင် တားမြစ်ထားပြီး  ယင်းတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက သုံးလထက်မပိုသော ထောင်ဒဏ်၊ ငွေကျပ်နှစ်သိန်း(သို့) ဒဏ်နှစ်ရပ်လုံးကို ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။ ယင်းအပြင် အခြားသော တားမြစ်ချက်များ ဖောက်ဖျက်ပါကလည်း ချမှတ်ရမည့် ပြစ်ဒဏ်များကို သီးခြားသတ်မှတ်ထားသေးသည်။

လုံခြုံမှုအဆင့်အတန်း သတ်မှတ်ထားသည့် အစိုးရ၏ မှတ်တမ်းနှင့် မော်ကွန်းများကို ဖတ်ရှု့ရန်၊သုတေသနပြုလုပ်ရန် (သို့) အကိုးအကားပြုလုပ်ရန် ဌာနဆိုင်ရာသုတေသီများက တောင်းခံပါက သက်ဆိုင်ရာအစိုးရဌာန အစိုးရအဖွဲ့အကြီးအကဲ၏ ထောက်ခံစာလိုအပ်သည်။ ယင်းတို့ကိုပုံနှိပ်ထုတ်ဝေခြင်း၊ မိတ္တူကူးယူခြင်းတို့ကို ကြီးကြပ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်သဘောတူညီချက်ရရှိပြီးဖြစ်ရမည်ဟု ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ယခုဥပဒေကြမ်းသစ်တွင် ကန့်သတ်ထားမှုများအရ သတင်းအချက်အလက်များ လွယ်ကူစွာရရှိနိုင်သော ပြန်ကြားရေးဝန်ကြီးဌာနကဲ့သို့သော ဝန်ကြီးဌာနများမှ သတင်းအချက်အလက်များကိုပင် အများပြည်သူသိရှိရန် အခက်အခဲဖြစ်လာနိုင်သည်ဟု Free Expression Myanmar မှဒေါ်ယဉ်ရတနာသိန်းက Myanmar Now ကို ပြောသည်။

“အရင်က ဥပဒေနဲ့ အရမ်းကြီးတော့မကွာဘူး။ အလုံးစုံပြောင်းလဲတာတော့ မတွေ့ရဘူး။  ဒါပေမဲ့ အခုဟာက ပိုပြီးဆိုးတာတွေ့ရတယ်။ ဝန်ကြီးဌာနတစ်ခုချင်းစီရဲ့ သတင်းအချက်အလက်အားလုံးကို မှတ်တမ်းအဖြစ်သတ်မှတ်လို့ရတယ်။ ပြီးတော့ မော်ကွန်းအဖြစ်သတ်မှတ်လိုက်လို့ရတယ်”ဟု ဒေါ်ယဉ်ရတနာသိန်းက ပြောသည်။

၎င်းက မြန်မာနိုင်ငံတွင် သတင်းအချက်အလက် ရယူပိုင်ခွင့် ဥပဒေမရှိသေးချိန်တွင် အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေကြမ်းကို ပြဋ္ဌာန်းရန် မသင့်တော်ကြောင်း ဝေဖန်သည်။

ဒီမိုကရေစီနိုင်ငံတစ်ခုတွင် အစိုးရက ထိန်းသိမ်းထားသော သတင်းအချက် အလက်များသည်အများပြည်သူ၏ ပိုင်ဆိုင်မှုဖြစ်သော်လည်း ယခုဥပဒေကြမ်းသည် သတင်းအ ချက်အလက်များကို အစိုးရပိုင်ဖြစ်စေသည်ဟုFree Expression Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Right to Information သည် တောင်းဆိုချက်တစ်ရပ်ကို စောင့်နေရန်ထက် သတင်းအချက်အလက်များကို တောင်းစရာမလိုဘဲ ကြိုတင်ထုတ်ဝေပေးရန် လိုအပ်သော်လည်း ယခုဥပဒေကြမ်းအရ အစိုးရသည် မည်သည့် သတင်းအချက်အလက်ကိုမျှ ထုတ်ပြန်ရန် လိုအပ်တော့မည်မဟုတ်ပေ။

“Right to information law ကို ပီပီပြင်ပြင် ပြဋ္ဌာန်းဖို့လိုတယ်။ အဲဒါကို ပြဋ္ဌာန်းမှ သတင်းအချက်အလက် ကော်မရှင်ဆိုတာ ဥပဒေအတိုင်း ထွက်လာပြီ။ ဒီကော်မရှင်ကလည်းလွတ်လပ်ပြီး အမှီအခိုကင်းပြီဆိုမှ မော်ကွန်းဥပဒေကို ပြဋ္ဌာန်းသင့်တယ်။ ပြီးတော့ ဒီဥပဒေနှစ်ခုက link ရှိသင့်တယ်”ဟု ဒေါ်ယဉ်ရတနာသိန်းက ထောက်ပြပြောဆိုသည်။

Leave a Reply