Advertisements

 

မော်လမြိုင် အောက်တိုဘာ

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ လျော့ချရေးအတွက် အစုအဖွဲ့ပိုင်သစ်တောများစိုက်ပျိုးရန်လိုအပ်သည်ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးဒေါက်တာမင်းကြည်ဝင်းကပြောသည်။

“ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုပေါ်မူတည်ပြီးတော့ တစ်ကမ္ဘာလုံးမှာ အပူချိန်မြင့်လာတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့လျှော့ချဖို့ဟာ သစ်ပင်ရှိမှဖြစ်မယ်” ဟု ၎င်းက ရည်ရွယ်ချက်ကိုပြောပြသည်။

မြန်မာနိုင်ငံ၏ နှစ် ၃၀ ပင်မသစ်တောစီမံကိန်းအရ ၂၀၃၀ ခုနှစ်တွင် အစုအဖွဲ့ပိုင်သစ်တော ၂ ဒသမ ၇ သန်းရှိရမည်ဟု သတ်မှတ်ထားရာ လက်ရှိတွင် ဧက ၅ သိန်းကျော်သာ စိုက်ပျိုးနိုင်သေးသဖြင့် ပြည်သူများကို အစုအဖွဲ့ပိုင်သစ်တောများစိုက်ပျိုးစေလိုကြောင်း ၎င်းကပြောသည်။

ဒေသခံများစိုက်ပျိုးထားသောမြေနှင့် လွတ်ကင်းသောနေရာတွင် အစုအဖွဲ့ပိုင်သစ်တောစိုက်ပျိုးနိုင်ပြီး ဧကကန့်သတ်ထားခြင်းမရှိကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် အပင်များစိုက်ပျိုးနိုင်ပြီး ပျိုးပင်များကို သစ်တောဦးစီးဌာနတွင် ထုတ်ယူနိုင်သည့်အပြင် အစုအဖွဲ့မဟုတ်ဘဲ တစ်ဦးတည်းစိုက်ပျိုးလျှင်လည်း ခွင့်ပြုကြောင်း ၎င်းကပြောသည်။

စိုက်ပျိုးလိုသူများသည် သစ်တောဦးစီးဌာနတွင် လျှောက်ထားနိုင်ပြီး အာမခံငွေ တစ်ဧက ၅ သောင်းနှင့် မြေတစ်ဧကငှားရမ်းခ တစ်နှစ် ၁၀၀၀ ကျပ်နှုန်း သတ်မှတ်ထားပြီး နှစ် ၃၀ စာချုပ်ဖြင့် ငှားရမ်းနိုင်ကြောင်း၊ တစ်နှစ်အတွင်း စိုက်ပျိုးပြီးပါက အာမခံငွေကို ပြန်လည်ထုတ်ယူနိုင်သည်ဟု ၎င်းကဆိုသည်။

“သစ်ပင်ကြားထဲမှာ သီးနှံရောနှော စိုက်ပျိုးနိုင်တယ်။ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းက ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းလည်းရတယ်။ သစ်တောလည်းထိန်းထားတယ်” ဟု၎င်းကဆိုသည်။

စိုက်ပျိုးပြီး အနည်းဆုံး ၅ နှစ်ပြည့်လျှင် အတွင်းပိုင်းရှိအပင်များကို ခုတ်ရောင်းနိုင်ပြီး ထိုနေရာတွင် ပြန်လည်အစားထိုးစိုက်ပျိုးပေးရမည်ဟု ၎င်းကပြောသည်။

၂၀၁၈ ဇူလိုင်လအထိ ကောက်ယူထားသော စာရင်းများအရ မွန်ပြည်နယ်တွင် အသုံးပြုသူ ၂၈၉ ဦး စိုက်ပျိုးထားသော အစုအဖွဲ့ပိုင်သစ်တော ၁၄၁၈ ဒသမ ၅ ဧကရှိသည်။

မွန်ပြည်နယ်တွင် သစ်တောကြိုးဝိုင်း ၁၅ ခု၊ ကြိုးပြင်ကာကွယ်တော ၁ ခုနှင့် ဘဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေ ၂ ခုရှိပြီး ၎င်းတို့၏ စုစုပေါင်းအကျယ်အဝန်း ၅၃၅၆၈၀ ဧကရှိသည်။

သစ်တောဧရိယာသည် ပြည်နယ်အကျယ်အဝန်း၏ ၁၇ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။

စန္ဒာဉာဏ်

Leave a Reply