ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် သွားခဲ့သော်လည်း သူတတ်မြောက်ခဲ့သည်က ဂစ်တာ ပညာ…။ သူကား Mon Music Band (မွန်ဂီတအဖွဲ့)မှ လိဒ်ဂစ်တာဆရာ ဘိုဘိုဖြစ်သည်။
လိဒ်ဂစ်တာဆရာဘိုဘိုကို ၁၉၈၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် သံဖြူဇရပ်မြို့၊ ကြာကန်ရပ် ကွက်တွင်မွေးဖွားခဲ့သည်။
လက်ရှိတွင် Metal ဂီတအမျိုးအစားအချို့ကို ရူးသွပ်စွာတီးခတ်နေသူ ဘိုဘိုသည် အသက် ၁၆ နှစ်အရွယ်မှပင် ဂစ်တာကို စတင်တီးခဲ့သူဖြစ်သည်။

bobo
“ပထမဆုံးတော့ ဝါသနာအရပေါ့ဗျာ။ သူငယ်ချင်းတွေနဲ့ ဂစ်တာတီးတယ်”ဟု  လိဒ်ဂစ်တာဆရာဘိုဘိုကဆိုလေ သည်။
ဆယ်သက်ကျော်အရွယ်တွင် ဝါသနာအရဂစ်တာတီးခတ်နေသူ ဘိုဘိုမှာ ၁၉၉၉ ခုနှစ်တွင် ဘဝအရေးအတွက် ထိုင်းနိုင်ငံသို့ သွားရောက်၍ အလုပ်လုပ်ကိုင်ခဲ့သည်။
ထိုသို့ သွားရောက်လုပ်ကိုင်ခဲ့သော ဘိုဘိုအတွက် အသက် ၂၂ အရွယ်ရောက်ရှိချိန် ၂၀ဝ၂ ခုနှစ်တွင် ထိုင်းနိုင်ငံတွင်ရာဘာ အစေးခြစ်လုပ်ငန်းကိုလုပ်ကိုင်ရင်း ဂစ်တာပညာကို ထဲထဲဝင်ဝင်စတင်သင်ယူခွင့် ရရှိခဲ့သည်။
ရော်ဘာအစေးခြစ်လုပ်ကိုင်နေရာတွင် ထိုင်းနိုင်ငံတွင် ခြံများပြောင်းရွှေ့လုပ်ကိုင်ရင်းနှင့် ဂစ်တာကို သေချာ သင်ကြား ပေးမည့် ဆရာနှင့်စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဘိုဘိုက ပြောဆိုသည်။
ဘိုဘိုကို ဂစ်တာပညာသင်ပေးသည့်သူမှာ သူဌေး၏ တူဖြစ်သူ ထိုင်းလူမျိုး ဖိနွမ်း ဖြစ်ပြီး  ဖိနွမ်းသည် မင်္ဂလာ ဆောင်နှင့် အခမ်းအနားများတွင် ဂစ်တာလိုက်လံတီးခတ်နေသူတစ်ဦးဖြစ်ကာ ရော်ဘာ အစေးခြစ်သမားလေး ဘိုဘိုအိမ် သို့ လာရောက်လည်ရာမှ ဂစ်တာသင်ပေးရန် လမ်းစရခဲ့သည်ဟု ဆိုသည်။
“အိမ်မှာ ကျွန်တော့်ဂစ်တာ တစ်ခုကို ဆရာကတွေ့သွားတယ်။ ဝါသနာပါနေလား ဝါသနာပါရင် အိမ်ကို လာခဲ့လို့ ဆရာက ပထမဆုံးဖိတ်ခေါ်လိုက်တယ်။ကျွန်တော်လည်း ဆရာအိမ်ကို သွားခဲ့တယ်” ဟု ဘိုဘိုက ဂစ်တာသမားဘဝသို့ စတင်ဝင်ရောက်ရန်လမ်းခရီးအစကို ပြန်ပြောင်းပြောဆိုသည်။
ထိုသို့ သူဌေး၏ တူ ဖိနွမ်းအိမ်သို့ ရောက်ရှိချိန်တွင်တော့ အနုပညာပစ္စည်းများကို တွေ့မြင်လိုက်ရကာ အစေးလှီးသမား ဘိုဘိုတစ်ယောက် ဂီတအတွက် ဆန္ဒများပိုမိုပြင်းပြလာခဲ့သည်။
“အဲဒီမှာပဲ ဆရာက ပြောတယ် တစ်နေ့ကို သုံးလေးနာရီ လေ့လာသင်ယူရမယ် ။မင်းလုပ်နိုင်မလားတဲ့။ ကျွန်တော်လည်း ဖြစ်ချင်တဲ့ဆန္ဒကို ပြင်းပြနေတဲ့အတွက် လုပ်နိုင်ပါတယ်လို့ အဖြေပေးလိုက်တယ်”
ယင်းနောက်တွင် တော့ ဆရာဖြစ်သူက သံဖြူဇရပ်သားဘိုဘို့ကို ဂစ်တာနှင့်ပတ်သက်သည့်အခွေများ ဝယ်ခိုင်း၍ လေ့လာခိုင်းပြီး တစ်ရက်လျှင် သုံးနာရီခန့်လေ့ကျင်စေခဲ့လေသည်။
ကံအကြောင်းလှ၍ သင်ပေးမည့်ဆရာနှင့်တွေ့ဆုံခဲ့သော်လည်း တစ်ဘက်နိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား ဘဝဖြင့် ဂစ်တာပညာကို သင်ယူခဲ့ရသည်မှာ လွယ်ကူသည့်အလုပ်တော့မဟုတ်ချေ။
ဘိုဘိုသည် ရော်ဘာအစေးခြစ်နားပါက ဂစ်တာပညာကို တစ်ရက်လျှင် သုံးလေးနာရီခန့်သင်ယူရပြီး ထိုသို့သင် ယူရာတွင် အိပ်ရေးပျက်လာကာ အလုပ်တွေကို ထိခိုက်လာခဲ့ကြောင်း ၎င်းက ဂီတသမားဘဝအစခရီးကြမ်း ဖြတ်ကျော်ခဲ့ပုံများကို ရှင်းပြသည်။
“အိပ်ရေးပျက်တော့ အစေးခြစ်မနိုင်ဖြစ်တယ်။ အစေးခြစ်မနိုင်တော့ သူဌေးမကြိုက်တော့ သူဌေးက မောင်းထုတ် တယ်။  ခြံတွေပျောက်တာပေါ့။ ဟိုပြောင်းဒီပြောင်းလုပ်နေရတယ်”ဟု သူ့ အဖြစ်အပျက်ကို ပြောပြသည်။
ရွှေ့ပြောင်းလုပ်သားဘဝ ပြောင်းရွှေ့ရင်းနှင့်ပင် ဂစ်တာပညာကို အဆက်မပြတ်လေ့လာသင်ကြားခဲ့ပြီး ၂၀ဝ၇ ခုနှစ်အရောက်တွင်မူ ထိုင်းနိုင်ငံတွင်ကျင်းပသည့် မွန်အမျိုးသားနေ့အခမ်းအနားများတွင် ဂစ်တာလိုက်လံတီး ခတ်ပေးခဲ့သည်။
၂၀ဝ၈ ခုနှစ်က ထိုင်းနိုင်ငံ၊ဆူရတ် ဒေသတွင် မွန်ဂီတအခွေ  အသံသွင်းချိန်တွင်တော့ လက်ရှိ မွန်လူမျိုး နာမည် ကျော် တေးသံရှင် အဂ္ဂနှင့် စမိုင်းချမ်းတို့အတွက် တစ်ကြိမ်စီ ဂစ်တာ တီးခတ်ပေးခဲ့ကြောင်း ဘိုဘိုက ဖြည့်စွက်ပြောဆိုသေးသည်။
” ထိုင်းနိုင်ငံမှာ စီးပွားရေးသွားလုပ်ပေမယ့် စီးပွားရေးဆိုတာ ဘာမှ သေသေချာချာမလုပ်ဖြစ်ခဲ့ဘူး။ ကိုယ့်ရဲ့ဝါသနာပါရ ာ ကိုပဲ အချိန်ကုန်ခဲ့ရတယ်” ဟု သူကဆိုသည်။
မွန်လူမျိုးတို့အခေါ်ရှမ်းပြည် (ထိုင်းနိုင်ငံ) တွင် စီးပွားရှာရန်သွားရောက်ခဲ့သော်လည်း ရောက်ရှိချိန်တွင်တော့ ဖျောက်ဖျက်မရ သည့် ဂီတဝါသနာပိုးအတွက်သာ အချိန်ပေးခဲ့သည်။ ဝမ်းစာဖြည့်ဆည်းခြင်းအတွက် မိဘများကတော့ ဖိအားများပေးခဲ့ဖူးသည်။
“ဖြစ်အောင် ဆက်လုပ်တာပဲ။ မိဘတွေကလည်း အားမပေးခဲ့ဘူးပေါ့။ ဒီကိစ္စနဲ့ အချိန်ကုန်ခံမနေနဲ့ စီးပွားရေး လုပ်ဖို့ကိုပဲ အမြဲတမ်း ဖိအားပေးခဲ့တယ်” ဟု ဘိုဘိုက ဆိုသည်။
Metal ဂီတအမျိုးအစားအချို့ကို ရူးသွပ်သူ ဘိုဘိုမှာ ၂၀၁၀ ပြည့်နှစ်သင်္ကြန်ကာလ မဟာချိုင်မွန်အမျိုးသား နေ့တွင် လာရောက်တီးခတ်ရန် ဖိတ်ခေါ်စဉ်တွင် The Light  မွန်ဂီတအဖွဲ့မှ တေးသံရှင် ရာမာဉ်နှင့် တွေ့ဆုံရာမှ အဆိုပါ အဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့သည်။
The Light  ဂီတအဖွဲ့သည် ထိုင်းနိုင်ငံသို့ မွန်နာမည်ကျော်တေးသံရှင်များ လာရောက်ပါက မကြာခဏ တီးခတ်ပေး ရသည့်အဖွဲ့တစ်ခုဖြစ်ပြီး ထိုမှ တစ်ဆင့် မွန်တေးသံရှင် မာံသက္ကနှင့်တွေ့ဆုံခဲ့ခြင်းက သံဖြူဇရပ်သားဘိုဘိုတစ်ယောက် မွန်ပြည်နယ်အခြေစိုက်မည့်  မွန်ဂီတအဖွဲ့ MMB ကို ဖွဲ့စည်းရာတွင် ပါဝင်ခဲ့လေတော့သည်။
“ကိုကျော်(မာံသက္က)တို့နဲ့ ဆုံတွေ့ပြီး ဒီကိုရောက်လာတယ်”  ဟု ဂစ်တာသမား ဘိုဘိုကပြောသည်။
ထို့နောက် ၂၀၁၄ ခုနှစ်တွင်  MMB အဖွဲ့ကို ဝင်ရောက်ခဲ့ပြီးနောက် မွန်ပြည်နယ်သို့ ပြန်လည်လာရောက်ကာ  ဂီတဖျော်ဖြေပွဲများတွင် လိုက်လံဖျော်ဖြေလျက်ရှိသည်။
လက်ရှိအချိန်တွင်တော့ အသက် ၃၃ နှစ်အရွယ်သို့ရောက်ရှိနေပြီ။ မွန်ပြည်နယ်အတွင်း ဂီတနှင့်ပတ်သက်သည့် သင်တန်းများဖွင့်လှစ်ရန် ကီးဘုတ်  ဆရာအာချမ်း(K.B အးဆာန်)နှင့် ဆွေးနွေးတိုင်ပင်ထားလျက်ရှိလေသည်။
“ဒီပညာကို ဝေမျှပေးဖို့အတွက် သင်တန်းဖွင့်ဖို့ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် အခုလည်း ကျွန်တော်တို့ လေ့လာနေရတုန်းပါပဲ။ ဆရာအာချမ်း(အးဆာန်)နဲ့တိုင်ပင်ပြီးတော့ နောက်နှစ်လောက်ဆို ဖွင့်ဖြစ်မယ်။ လောလောဆယ်တော့ Studio တစ်ခုဖြစ်လာအောင် အရင်တွန်းအားပေးပြီး လုပ်မယ်” ဟု ဘိုဘိုကရှင်းပြသည်။
မွန်ပြည်နယ်တွင် Studio တစ်ခုဖွင့်နိုင်ပါက ရန်ကုန်အထိ သွားရောက်ရန် လိုတော့မည်မဟုတ်ဘဲ ကုန်ကျစရိတ်သက်သာကာ ဂီတနှင့်ပတ်သက်သည်များကို မွန်ပြည်နယ်အတွင်း၌ပင် အကုန်ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
“ဒီအတတ်ပညာကို တတ်ထားပြီးတော့ ဒီလိုအဆင့်ထိလုပ်နိုင်မှ တာဝန်ကျေမယ်လို့ စိတ်ထဲက ဖြစ်နေတယ်” ဟု ပြည်နယ်အတွင်းမှ ဂီတသမားများ အဆင်ပြေရန် လုပ်ဆောင်ချင်သည့် ဆန္ဒကို ဘိုဘိုက ထုတ်ဖော် ပြောပြသည်။
ထို့ပြင် မွန်ပြည်နယ်အတွင်းမှ ဝါသနာရှင်များကိုလည်း ဂီတနှင့်ပတ်သက်၍ လျှောက်လှမ်းရန် စိတ်ခွန်အား များကို အကောင်းဆုံးပြင်ဆင်ရန်လိုအပ်ကြောင်းလည်း ၎င်းက ဆိုသေးသည်။
“အနုပညာ ဝါသနာတစ်ခုကို အကောင်အထည်ဖော်ရင် အရင်ဆုံးဒုက္ခတွေ အခက်အခဲတွေ ကြုံရလိမ့်မယ်။ အဲဒီအတွက် စိတ်ခွန်အားတွေ ကြိုတင်ပြင်ဆင်ထားလိုက်ပါ။ အကောင်းဆုံးဖြစ်အောင် ပြင်ထားလိုက်ပါ။ ဒါမှ အောင်မြင်ခြင်းအတွက် တက်လှမ်းနိုင်မယ်”ဟု အသက် ၃၃ နှစ်အရွယ်ရှိ လိဒ်ဂီတာသမား ဘိုဘိုက ဆိုသည်။

ရွှေရိုး

Leave a Reply