Advertisements

မော်လမြိုင်၊ စက်တင်ဘာ

မော်လမြိုင်အပါအဝင် မြို့ကြီးအချို့၌ အစွန်းရောက်ဘင်္ဂါလီများက အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှု လှုပ်ရှားနိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတိပေးကြေညာချက်ထုတ်ပြန်ထားမှုနှင့် ပတ်သက်၍ မွန်ပြည်နယ်မှ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အစိုးရချမှတ်ထားသည့် ဥပဒေမူဘောင်နှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်အစ္စလာမ်သာသနာရေးရာကောင်စီဥက္ကဋ္ဌ ဦးအုန်းသောင် ပြောကြားသည်။

စက်တင်ဘာလ (၉)ရက်က မွန်ပြည်နယ်အစိုးရရုံး၊ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“မွန်ပြည်နယ်မှာနေထိုင်တဲ့အတွက် ပြည်နယ်အေးချမ်းသာယာဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ကျွန်တော် တို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှတော့ ဒီကိစ္စတွေကိုအစိုးရချမှတ်ထားတဲ့ ဥပဒေဘောင်အတွင်းကနေ ပူးပေါင်း ဆောင်ရွက်သွားမှာပါ”ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အရေးပေါ်အခြေအနေဖြစ်နေသောကြောင့် သဘောထားနှင့် နားလည်မှုများ ကွဲလွဲစေနိုင်သော အပြောအဆို၊ အပြုအမူများကို ရှောင်စေလိုကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောသည်။

“လူမျိုးရေး၊ ဘာသာရေးကို ဦးစားပေးနေမယ်ဆိုရင် ပြည်နယ်အတွက် ကောင်းလာမှာမဟုတ်ဘူး။ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေကလည်း မိမိတို့ဘာသာဝင်တွေကို ထိန်းကျောင်းပေးဖို့လိုအပ်ပါတယ်”ဟု ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ထပ်လောင်းပြောကြားသည်။

ပြည်သူလူထုအနေဖြင့် မသင်္ကာဖွယ်လူပုဂ္ဂိုလ်ဖြစ်စေ၊ ဖောက်ခွဲဖျက်ဆီးနိုင်မည့်ပစ္စည်းမျိုးဖြစ်စေ၊ အကြမ်းဖက်မှုဖြစ်ပေါ်စေရန် လှုပ်ရှားမှုတစ်စုံတစ်ရာဖြစ်စေ တွေ့ရှိခဲ့ပါက သက်ဆိုင်ရာသို့ ချက်ချင်း အကြောင်းကြားရန်လိုအပ်ပြီး ပြည်နယ်လုံခြုံရေးကျိုးပေါက်မှုမဖြစ်ပေါ်စေရေးကိုလည်း ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဗုဒ္ဓဘာသာဝင် ၆ ဦး၊ အစ္စလာမ် ၁၁ ဦး၊ ခရစ်ယန် ၅ ဦးနှင့် ဟိန္ဒူ ၄ ဦး စုစုပေါင်း ၂၆ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Written by – ထိုက်ထိုက်

Advertisements
<

Leave a Reply