အာရှလမ်းမကြီးနံဘေးတွင် နေရာယူထားသောကြောင့် အကွက်အကွင်းကောင်းသည်ဟု ဆိုသော်လည်း လှိုင် အဝေးပြေးယာဉ်ရပ်နားဝင်း၏ အနေအထားမှာ ခရီးသည်များအတွက်တော့ မလူးသာမလွန့်သာ။myay nee gone

ပြည်တွင်း၊ပြည်ပ ခရီးသွားလာရောက်မှုများပြားသော မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင်၏ လှိုင် အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ခရီးသည်ယာဉ်လိုင်းများပြားလာခြင်းနှင့်အတူ နေရာကလည်း ကျပ်တည်းလာသည်။

သို့သော် မညီမညာသော လမ်းများနှင့် ဝမ်းရေးအတွက် အပြိုင်အဆိုင် ခရီးသည်ရှာဖွေသော တက္ကစီသမားများ စခန်းချရာ ယင်းယာဉ်ရပ်နားစခန်း ကြီးကို အဆင့်မြှင့်မည့် သတင်းများက ပြီးခဲ့သောလများအတွင်းမှစ၍ ထွက်ပေါ်လာသည်။

ပြည်နယ်အစိုးရတာဝန်ရှိသူများက မော်လမြိုင်မြို့တွင် နိုင်ငံတကာအဆင့်မီအဝေးပြေးဂိတ်တည်ဆောက်ရန် ကမ်းလှမ်းထားသည်ဟုဆိုကြသည်။ မော်လမြိုင်တွင် အဆင့်မီအဝေးပြေးယာဉ်ရပ်နားစခန်း ပေါ်ပေါက်ရန် လိုအပ်နေပြီလော။

ယင်းအခြေအနေနှင့်ပတ်သက်၍ မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်(၄) ဦးနေဝင်းက ” လုံးဝကို တိုးချဲ့သင့်တယ်။ဝန်ကြီးချုပ်နဲ့ ကားဝင်းနေရာအသစ်အတွက် လာပြောထားတာရှိတယ် ဆောက်မယ်။ မဆောက်မယ်ဆိုတာလည်း ဘာမှ မသိသေးဘူး ” ဟုပြောဆိုသည်။

ဆယ်နှစ်ဝန်းကျင် ယာဉ်ဝင်း

ရှေးယခင်အချိန်က မော်လမြိုင်နှင့် အခြားမြို့များသို႕ ပြေးဆွဲနေသော ယာဉ်လိုင်းများ၏ စခန်းချရာ ဂိတ်မှာ ဈေးကြိုရပ်ကွက်ရှိ ယာဉ်ရပ်နားဝင်းသာဖြစ်ခဲ့သည်။
“အရင်တုန်းက ကားတွေအားလုံး ဈေးကြိုဝင်းကပဲထွက်ရတယ်လေ”ဟု မော်လမြိုင်မြို့သား အသက် ၃၄ နှစ်အရွယ်အမျိုးသားကပြောဆိုသည်။

ဈေးကြိုအဝေးပြေးယာဉ်ရပ်နားစခန်းကို ကာလအတိုင်းအတာတစ်ခုအထိ မှီခိုခဲ့ရာမှ ၂၀ဝ၅ ခုနှစ်အတွင်း မုတ္တမမြို့နှင့် မော်လမြိုင်မြို့သို့ ဆက်သွယ်ပေးသော သံလွင်တံတားဖွင့်လှစ်ပြီးနောက်ပိုင်းမှသာ လှိုင်အဝေးပြေးယာဉ်ရပ်နားဝင်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အာရှလမ်းမကြီးနံဘေးတွင် နေရာယူထားသည့် လှိုင်အဝေးပြေးယာဉ်ရပ်နားဝင်းသည် မော်လမြိုင်နှင့် မုတ္တမမြို့သို့ဆက်သွယ်ထားသည့် သံလွင်တံတားတည်ဆောက်ပြီးချိန်မှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

မြေနီကုန်းယာဉ်ရပ်နားဝင်းပေါ်ပေါက်လာသော်လည်း ဈေးကြိုယာဉ်ရပ်နားဝင်းကို ပိတ်သိမ်းခြင်းမပြုခဲ့ပေ။

ထိုသို့ မော်လမြိုင်မြို့တော်တွင် ယာဉ်ရပ်နားဝင်းနှစ်ခုပေါ်ပေါက်ခဲ့ရာတွင် မွန်ပြည်နယ်အခြေစိုက် အခြားမြို့များသို့ သွားမည့်ယာဉ်လိုင်းအများအပြားမှာ မြေနီကုန်းရပ်ရှိ ယာဉ်ရပ်နားဝင်းကိုသာ အဓိက ရပ်နားကြတော့သည်။

ဈေးကြိုရပ်ကွက်ရှိ ယာဉ်ရပ်နားဝင်းကိုမူ ကရင်နှင့် တနင်္သာရီတို့သွားသည့်ယာဉ်လိုင်းအချို့နှင့် ရေး၊သံဖြူဇရပ် ပြေးဆွဲသည့်ယာဉ်လိုင်းများသာ ရပ်နားခဲ့ကြတော့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသို့ပြောင်းလဲခဲ့သောအချိန်မှ ယခုအထိဆိုပါက ယာဉ်ရပ်နားဝင်း၏ သက်တမ်းမှာ ဆယ်စုနှစ်တစ်စုဝန်းကျင်ရှိနေပြီဖြစ်လေသည်။

ပြောင်းလဲရမည်လော

စီးပွားရေးအတွက် အလားအလာကောင်းများပိုင်ဆိုင်ထားသော မွန်ပြည်နယ်သို့ပြေးဆွဲနေသော ယာဉ်လိုင်းများ မှာ တစ်စထက်တစ်စ များပြားလာသည်။

ယ.ထ.ကမှ ရရှိသောစာရင်းအရ မွန်ပြည်နယ်အခြေစိုက် ယာဉ်လိုင်းနှင့် ပြေးဆွဲခွင့်ပြုယာဉ်လိုင်း ၃၁ လိုင်းရှိပြီး အခြားပြည်နယ် များမှ မွန်ပြည်နယ်အတွင်းသို့ ယာဉ်လိုင်း ၅၂ လိုင်းပြေးစွဲလျက်ရှိသည်။

ထိုသို့ တိုးမြှင့်ခြင်းမှာ ခရီးသွားဈေးကွက်အလားအလာများကြောင့် ယာဉ်လိုင်းများက ပြေးဆွဲလာခြင်းဖြစ်ပြီး ခရီးသွားလာရသူများလည်း ပိုမို၍ အဆင်ပြေချောမွေ့လာနေသည်။

“ယာဉ်လိုင်းတွေများလာတယ်ဆိုရင်တော့ ခရီးသည်တွေစီးတဲ့အခါမှာရွေးချယ်ပြီးစီးလိုရတယ်” ဟု မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ(ယ.ထ.က) အတွင်းရေးမှူး ဦးကျော်ဝင်းမောင်က ပြောသည်။

ယင်းအချက်ကို ခရီးသွားလာသူများကလည်း ထောက်ခံပြီး ယခင်က နေပြည်တော်၊မန္တလေး အစရှိသည့် မြို့များသို့သွားရောက်ရာတွင် နှစ်ဆင့်သွားရခြင်းနှင့် မီးရထားများကိုသာအားကိုးခဲ့ရာမှ ယခုအခါ အဆိုပါမြို့များသို့ အဝေးပြေးယာဉ်လိုင်းများဖြင့် တိုက်ရိုက်သွားရောက်နိုင်နေပြီဖြစ်ကြောင်း ပြောဆိုကြသည်။

အထက်ပါ ယာဉ်လိုင်းအားလုံးမှ ခရီးသွားမော်တော်ယာဉ် အစီးရေ ၆၅၀ ကျော် ပြေးဆွဲလျက်ရှိနေပြီး ယင်းမှ မော်တော်ယာဉ်အများအပြားမှာ မော်လမြိုင်မြို့အဝေးပြေးဂိတ်များသို့ မဖြစ်မနေဝင်ရောက်နေရသည်။

မော်တော်ယာဉ်လိုင်းများက အခေါက်ရေများတိုးမြှင့်လာခြင်း၊လိုင်းများ ပိုမိုဝင်ရောက်လာခြင်းကြောင့် မော်လမြိုင်မြို့ ၏ လှိုင်အဝေးပြေးယာဉ်ရပ်နားဝင်းတွင်မူ မော်တော်ယာဉ်များနေရာရပ်နားရန် နှင့် ခရီးသည်များအတွက်လည်း အခက်အခဲများဖြစ်လာသည်။

မော်လမြိုင်မြို့နေထိုင်သူများက မြေနီကုန်းကားဝင်းဟု ခေါ်ဝေါ်သော ယာဉ်ရပ်နားဝင်းမှာ ၇ ဧကကျော် ကျယ်ဝန်းပြီး လက်ရှိ အသုံးပြုထားသော ဧရိယာမှာ ၅ ဧကကျော်သာရှိကြောင်း မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိ အသုံးပြုတည်ဆောက်ထားသော ဧရိယာတွင် ယာဉ်လိုင်းများနှင့် ယာဉ်အစီးအရေ အဝင်အထွက်များ ထပ်တိုးလာပါက ခရီးသည်များအတွက် အခက်အခဲများ ပိုမိုများပြားလာနိုင်နေသည်။

“လိုင်းထပ်တိုးမယ်ဆိုရင်တော့ အခက်အခဲရှိတယ် မလုံလောက်ဘူး။ယာဉ်ရပ်နားတာတို့ အခက်အခဲရှိတယ်”ဟု ယ.ထ.က မှ ဆိုသည်။

မော်လမြိုင်မြို့၏ အဝေးပြေးယာဉ်ရပ်နားဝင်းထပ်ချဲ့သင့်သည်ကိုမူ ဒေသခံများအပါအဝင် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ပြည်နယ်စည်ပင်ကော်မတီအဖွဲ့ဝင်များကလည်း လက်ခံထားကြသည်။

” လက်ရှိအနေနဲ့ဆိုရင် ကားဝင်းကိုလုံးဝတိုးချဲ့သင့်တယ်”ဟု မွန်ပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ အဖွဲ့ဝင်(၄) ဦးနေဝင်းက ကဆိုသည်။

အဆင့်မြှင့်ရေး

တိုးချဲ့ရန်မှာ ယခင်အစိုးရလက်ထက်က ပင်တင်ပြခဲ့ခြင်းဖြစ်ပြီး လက်ရှိယာဉ်ရပ်နားဝင်းအတွင်း ထပ်မံတိုးချဲ့ရန် မြေနေရာရှိနေကြောင်း မွန်ပြည်နယ် (ယ.ထ.က) အတွင်းရေးမှူး ဦးကျော်ဝင်းမောင်က ပြောသည်။

“ကားဝင်း အနောက်ဘက်ကို ချဲ့ရန်မြေနေရာ လက်ရှိကားဝင်း တစ်ဝင်းစာရှိတယ်” ဟု ၎င်းက ထောက်ပြပြောဆိုသည်။

ထို့အတူ ရန်ကုန်မြို့ကဲ့သို့ ယာဉ်ဆိုက်ရောက်ဂိတ်တစ်ခု တည်းဆောက်ခြင်းမျိုးပုံစံတစ်ခုခု လုပ်ဆောင်သင့် ကြောင်း
ထို့အပြင် မော်လမြိုင်မြို့တွင် နိုင်ငံတကာအဆင့်မီ ယာဉ်ရပ်နားဝင်း တစ်ခုတည်ဆောက်ရန် ဥရောပအခြေစိုက် ကုမ္ပဏီတစ်ခုက ပြည်နယ်အစိုးရထံ ကမ်းလှမ်းထားကြောင်းလည်း သတင်းများကလည်း ထွက်ပေါ်နေသည်။

ယင်းနှင့်ပတ်သက်၍ မွန်ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ထွန်းဌေးက “ဝန်ကြီးချုပ်ကို လာပြောထားတာရှိတယ် ဂျာမနီက ဖြစ်လောက်မယ် “ဟု ပြောကြားသည်။

အဆိုပါကမ်းလှမ်းထားသည့်ကုမ္ပဏီက အမိုးပါသည့် သုံးထပ်အဆောက်အဦပုံစံ အဝေးပြေးယာဉ်ရပ်နားဝင်း တစ်ခုတည်ဆောက်လိုခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရတာဝန်ရှိသူများထံမှ သိရသည်။

“Facilities(ဝန်ဆောင်မှု) အပြည့်နဲ့ဆောက်ချင်တာပါ နိုင်ငံတကာအဆင့်မီ ဆောက်ချင်တာပါ”ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောဆိုသည်။

အမှန်တကယ် အဆင့်မြှင့်တင်မည်ဆိုပါက ခရီးသွားဧည့်သည်များအဆင်ပြေရန် အနားယူနိုင်သည့်နေရာများကို သေချာလုပ်ဆောင်၍ ဆိုင်ရှင်များနှင့် တက္ကစီသမားများ ပြန့်ကျဲနေခြင်းကိုလည်း အသေအချာ လုပ်ဆောင် ပေးရန် လိုအပ်ကြောင်း မော်လမြိုင်တွင်နေထိုင်သည့် မွန်လူငယ်ပညာပေးအဖွဲ့ဝင် မင်းစိုက်ရော့က ပြောကြား သည်။

မော်လမြိုင်မြို့ရှိ အဝေးပြေးယာဉ်ဝင်းများတွင်မူ တက္ကစီသမားများကလည်း ဝမ်းရေးအတွက် အပြိုင်အဆိုင် လိုက်လံခေါ်ယူခြင်း၊ ယာဉ်ဂိတ်များနှင့် စားသောက်ဆိုင်တန်းများရှုပ်ထွေးနေခြင်းစသည့် အနေအထား များရှိနေသည်။

“အဲဒါကြောင့် အရမ်းရှုပ်နေတော့ အခုအဆင့်မြှင့်လုပ်မယ်ဆိုရင် သူ့နေရာနဲ့သူခွဲပြီး လုပ်ဆောင်ရင် ပိုကောင်းလိမ့်မယ်”ဟု မွန်လူငယ်ပညာပေးအဖွဲ့ဝင်လည်းဖြစ်သူ မင်းစိုက်ရော့က ရှင်းပြသည်။

ထိုင်းနိုင်ငံတွင်မူ ယာဉ်ရပ်နားဝင်းများကို ယာဉ်ရပ်နားဝင်းများအတွက်သာ လုပ်ဆောင်ထားပြီး ကားဂိတ်၊ စားသောက်သည့်နေရာနှင့် အနားယူသည့်နေရာများကို စနစ်တကျလုပ်ဆောင်ထားကြောင်း ၎င်းကဖြည့်စွက် ပြောဆိုသည်။

လှိုင်ယာဉ်ရပ်နားဝင်းတွင် လုပ်ကိုင်စားသောက်နေသူများကလည်း အဆင့်မြှင့်တင်မည်ကို လိုလားပြီး လက်ရှိနေရာ၌ ပင် အဆင့်မြှင့်သင့်ကြောင်း ပြောဆိုကြသည်။

“လက်ရှိကားဝင်းကိုပဲ တိုးချဲ့ဆောက်လုပ်စေချင်ပါတယ် မိသားစုတွေရဲ့ အများဆန္ဒ အရ လက်ရှိဝင်းကိုပဲ နိုင်ငံတကာ အဆင့်မှီ ဆောက်လုပ်စေချင်တာပါ တစ်နေရာကိုရှာမယ်ဆို မြို့အနေအထားအရ ခက်ခဲပါတယ်” ဟု လှိုင်အဝေးပြေးကားဝင်း အထောက်အကူပြုကော်မတီ အထွေထွေအတွင်းရေးမှူး ဦးနိုင်ထွန်းကရှင်းပြသည်။

ပြောင်းရွှေ့လိုက်ရသည့်နေရာတွင် သွားရောက်လုပ်ကိုင်ရပါက ယာဉ်ရပ်နားဝင်းအတွင်းလုပ်ကိုင် နေသူများအတွက် နေရာဝေးလံလာနိုင်ခြင်း၊ လုပ်ကိုင်စားသောက်ရာ တွင် အခက်အခဲများဖြစ်လာမည်ကို ၎င်းတို့က စိုးရိမ်နေကြခြင်းဖြစ်သည်။

“အခက်အခဲတွေ အားလုံးကို စိုးရိမ်ကြတာဖြစ်ပါတယ် အခက်အခဲတွေရှိပါတယ် ။
ကားဝင်းအသစ် ဆောက်တာ ကိုတော့ ကန့်ကွက်တာမဟုတ်ပါဘူး။
ကျွန်တော်တို့လည်းကြိုဆိုပါတယ်”ဟု အထွေထွေအတွင်းရေးမှူး ဦးနိုင်ထွန်းက ယာဉ်ဝင်းတွင်လုပ်ကိုင်နေကြသူများ၏ ဆန္ဒကိုရှင်းပြသည်။

လက်ရှိကားကွင်းကို လုပ်ဆောင်ထားသည်မှာ အချိန်ကာလမကြာမြင့်သေးသောကြောင့် နောက်ထပ်ပြန်ဖြို၍ ပြုလုပ်မည်ဆိုပါက ဝယ်ယူထားသူများ နစ်နာနိုင်ကြောင်း မင်းစိုက်ရော့ကလည်း ၎င်း၏ ထင်မြင်ချက်ကို ဆိုသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးကမူ အဆင့်မြှင့်တင်ရာတွင် လက်ရှိ ကားဂိတ်နှင့် ကားဝင်းအတွင်း လုပ်ကိုင်စားသောက်သူများ နစ်နာအောင်လုပ်ဆောင်သွားမည်မဟုတ်ကြောင်း ကတိပြုပြောကြားသည်။

ယာဉ်ရပ်နားဝင်းကို အဆင့်မြှင့်တင်ရန်လိုအပ်သကဲ့သို့ပင် အဆင့်မြှင့်တင်ရာတွင်လည်း ရေရှည် အချိန်ကြာ မြင့်စွာအသုံးပြုနိုင်ရန် အကောင်ထည်ဖော်ဆောင်သင့်ကြောင်း ပြည်နယ်စည်ပင်ကော်မတီ အဖွဲ့ဝင် ၄ ဦးနေဝင်းက သုံးသပ်ပြောဆိုသည်။

ယာဉ်ဝင်း၏ အထောက်အကူပြုကော်မတီ အထွေထွေအတွင်းရေးမှူး ဦးနိုင်ထွန်းကတော့ ” ဒီကားဝင်းက တကယ်လည်း ကျပ်နေတယ် ။ ကားဝင်းအဆင့်မြှင့်လိုက်မယ်ဆိုရင်တော့ ပိုအဆင်ပြေလာမှာပါ “ဟု ဆိုလေသည်။

Leave a Reply