Advertisements

သားရဲဝဏ္ဏသို့ပေးစာ (၁၇)

ချစ်သော သားလေးရဲဝဏ္ဏ…..

ဒီရက်ပိုင်း fb စာမျက်နှာတွေမှာ မကြားဝံ့၊ မမြင်ဝံ့၊ မဖတ်ဝံ့တဲ့ သတင်းတွေထဲက ကလေး၊ လူငယ်လေးတွေနဲ့ ဖြစ်ပုံကွဲသတင်းလေးတွေကို ဖေဖေပြောပြမယ်နော်။

ရေတာရှည်မြို့နယ်ထဲက ကျောင်းတစ်ကျောင်းမှာ ဒုတိယတန်း ကျောင်းသားလေးတွေကို စာမရလို့ဆိုပြီး ဆရာမက ဘောင်းဘီချွတ် လက်ပိုက်ရပ်ခိုင်းထားတဲ့ ပုံတွေ fb မှာ ပြန့်ကုန်တာပေါ့ ဖေဖေလေ အဲဒီပုံမြင်တော့ အံ့သြတုန်လှုပ် စိတ်ပျက်သွားတာပါပဲ။ အပြစ်ပေးတဲ့ ဆရာမရော၊ ပုံတင်ထားတဲ့သူကိုရော ဖေဖေမကျေနပ်ဘူး။ ဆရာမတစ်ယောက်ဖြစ်ပြီး အဲဒီလောက်မဆင်မခြင်လုပ်ရသလား။ အရှည်မတွေးတတ်ဘူးလား။ ကလေးတွေခံစားမှုကို နားမလည်တာလား။ ဒီလိုအတွေးအခေါ်နုံနဲ့တဲ့ ဆရာမရဲ့ ပညာရေး အတွေးအခေါ်အယူအဆ သိမ်ဖျင်းမှုမျိုး ဘယ်လောက်တောင် စိမ့်ဝင်နေပါလိမ့်လို့ ဖေဖေစဉ်းစားနေမိတော့တယ်။

နောက်ပုံရိုတ်တင်သူ။ သူက ချောင်းရိုက်တာမဟုတ်ဘူးနော်။ အသေအချာရိုကတ်တာ။ ဒါဆို လုပ်ဖော်ကိုင်ဖက်ထဲကလား။ ကျောင်းသားမိဘလား။ ကျောင်းသားမိဘက ဘာကြောင့် စာသင်ခန်းထဲ ရောက်နေရတာလဲ။ အကြိမ်ကြိမ်ဖြစ်နေလို့ ဆိုပြီး တစ်ပြည်လုံးသိအောင် လုပ်ရတာပါဆိုတဲ့ ကျောင်းသားမိဘရဲ့ ဆင်ခြေကိုလည်း ဖေဖေမနှစ်သက်ပါဘူး။

ကလေးတွေကို ဒဏ်ပေးတဲ့ ဆရာမကို ကျောင်းရပ်မိရပ်ဖတို့နဲ့ တွေ့ဆုံစေပြီး ညှိနှိုင်းတာမျိုး လောက်နဲ့ မရနိုင်ဘူးလား။ On Line တင်မှ ဖွမှ ဖြစ်မှာမလို့လား။ အမှုကြီးအောင်တမင်လုပ်တာလား။ စဉ်းစားစရာတွေပေါ့သားရယ်။ အခုတော့ပြဿနာက ပိုပြီးကြီးသွားပြီ။ မြို့နယ်ပညာရေးမှူးတွေက စာသင်ကြားခွင့်ရပ်စဲပြီ။ ဆရာမက စာမသင်ရင် ဘာလုပ်မျာတုန်း။ ပုံတင်တော့လည်း ကလေးတွေပုံတွေက ဖျက်တာ၊ ဝါးတာတော့မဟုတ်ပဲ အရှိအတိုင်း တင်တော့ ဖင်ပြောင်လေးတွေနဲ့ပေါ့။

သားလေးရဲဝဏ္ဏရေ အဲဒီကလေးတွေ ကြီးပြင်းတဲ့အရွယ်ရောက်လာတဲ့အခါ ဒီပုံတွေကို Save လုပ်ထားသူတစ်ယောက်ယောက်က ပြန်ပြရင် ကလေးတွေ စိတ်အနှောက်အယှက်ဖြစ်ရတော့မယ်။ အခုကိုပဲ ဖြစ်ချင်ဖြစ်နေမှာ။ ဆရာမကတော့ သေချာပေါက် အရှက်ရပြီ။ စေတနာအမှားကနေ ရပ်ကျော်၊ရွာကျော်ဖြစ်တဲ့အပြင် နာကျင်ခံစားမှုက ဘဝတစ်လျှောက်လုံး ပါလာတော့မယ်။ စိတ်အလိုလိုက် ဆင်ခြင်တုံတရားမဲ့ခြင်းရဲ့ ရလဒ်တွေပေါ့ကွယ်။ မျက်တောင်တစ်ဆုံးကိုသာကြည့်တဲ့သူတွေရဲ့ အမြော်အမြင်ကင်းမှုကနေ စင်ထွက်လာတဲ့ ရိုက်ခတ်မှုပါပဲ။ အဲဒီပုံတွေကို Share လိုက်ကြတာ၊ ဝေဖန်လိုက်ကြတာများ ကြောက်စရာပါပဲ။ ကျိုးကြောင်းဆီလျော်မှုကို ဦးမတည်ဘဲ အယုတ်အနတ္တဆဲဆိုတာတွေ၊ ရုန်းရင်းကြမ်းတမ်းတဲ့ စကားတွေအလွယ်ပြောတာ၊ ရေးတာတွေ၊ သူ့ထက်ငါဦးအောင် ဖွလိုက်ကြတာကွယ်

သားလေးရေ… အဲဒီရေတာရှည်မြို့နယ်ထဲက ကျောင်းကလေးပြဿနာမပြီးသေးဘူး။ တောင်ဒဂုံမြို့နယ်ထဲက ဘုရားအလှူခံပုံးထဲက ပိုက်ဆံ ၃ဝဝ ကျပ်ကို ကလေး ၃ ယောက်က သွားကြားထိုးတံနဲ့ ကောက်ယူလို့ရဲ့ ဖမ်းအမှုဖွင့် လူငယ်သင်တန်းကျောင်းပို့တဲ့ သတင်းတွေတက်လာပြန်ပါရောလား။
ဘုရားပိုက်ဆံ(အလှူငွေ) တွေကို ဘီလျံနဲ့ ချီပြီး ဘုန်းသွားတဲ့ အဘတွေကျတော့ ပြုံးဖြဲဖြဲလုပ်နေတဲ့ သူတွေက ကလေးတွေကို ရဲလက်အပ်သတဲ့။ ရဲက ကလေးတွေကို မိဘဆီအပ်နှံပြီး ဆုံးမစကားပြောနဲ့ အမှုကို ငြိမ်းအေးသွားစေပေမဲ့ ဘုရားဂေါပကက မပြီးနိုင်မစီးနိုင်ဖြစ်ပြီး တရားစွဲတော့ ရဲ့ ပြန်ဖမ်း၊လူငယ်သင်တန်းကျောင်းပိုပလိုက်ရပြီပေါ့။ ပြစ်မှုပြစ်ဒဏ်လုံးဝမမျှတတဲ့ အဖြစ်ပါသားရယ်။

အဲဒီကလေးတွေကို လူငယ်သင်တန်းကျောင်းပို့လိုက်တာကြောင့် ကလေးမိဘတွေနဲ့ မတရားမှုကို မခံနိုင်တဲ့ သူတွေက ဆန္ဒထုတ်ဖော်ကြပါရော။ ကလေးမိဘတစ်ဦး အဖမ်းခံရပြန်တယ်။ ပြည်သူမနှစ်မြို့တဲ့ သဘာမတူတဲ့ ဂေါပက နုတ်ထုတ်ပေးဖို့ပါ တောင်းဆိုလာကြပြီပေါ့သားရယ်။

လူငယ်ပြုပြင်ရေးသင်တန်းကျောင်းရောက်တာနဲ့ ဒီကလေးတွေက လိမ်မာသွားမှာလား။ ပိုဆိုးသွားမလား။ စဉ်းစားရမှာ။ အဲဒီကလေး ၃ ယောက်ထက်ပိုပြီး ဇရှိတဲ့ အမှုပိုကြီးတဲ့ မိဘအုပ်ထိန်းမှုမဲ့နေတဲ့ လေလွင့်ကလေးတွေများတဲ့ နေရာမှာအဲဒီကလေး ၃ ယောက်အကောင်းဘက်ကို ဦးတည်သွားမှာလား။ အဆိုးဘက်ကို ဦးတည်သွားမှာလား။ တကယ့်ကို ဆင်ခြင်ရတော့မှာကို ငါလုပ်လို့ရတယ်ဆိုတဲ့ အလွဲစိတ်နဲ့ အစွမ်းပြနေလေသလားလို့။ ဖေဖေမှာ အတွေးတွေများကုန်တော့တာပါပဲသားရယ်။ အခုတော့ ကလေးတွေရော၊ ကလေးမိဘတွေရော၊ ဘုရားလူကြီးဆိုတဲ့သူတွေရော စိတ်နှလုံးကြည်လင်မှုတွေပျောက်နေပြီပေါ့ကွယ်။

နောက် fb မှာ တက်လာတဲ့ သတင်းတစ်ပုဒ်ကတော့ ရှမ်းပြည်တောင်ပိုင်း၊ ရွှေညောငာ်မြို့ အထကကျောင်းမှာ ၉ တန်းကျောင်းသားတစ်ယောက်ဆီကနေ မူးယစ်ဆေးဝါး (Tablet) တွေတွေ့ရာက ကွင်းဆက်စစ်လိုက်တော့ ကျောင်းသား ၂၇ ယောက်ကို ထပ်မိပြန်သတဲ့။ အားလုံး ၂၈ ယောက်ပေါ့။ ရွှေညောင်ကျောင်းက သားသိတဲ့အတိုင်း ဖေဖေနေခဲ့တဲ့ ကျောင်းလေ။ ဖေဖေတို့ သောက်ကြတာ။ အခုတော့ မူးယစ်ဆေး အဆင့်ဖြစ်ကုန်ကြပြီ။ အသေအချာစစ်ရင် ၂၈ ယောက်ထက် ကျော်လေမလားကွယ်။ မူးယစ်ဆေးကို အခြေခံပညာကျောင်းထဲအထိ အရောင်းအဝယ်လုပ်နေကြပါလိမ့်။ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ လာဘ်ပေးလာဘ်ယူယဉ်ပါးနေခြင်းတွေရဲ့ အကျိုးဆက်တွေပါပဲ။ နောက်ကွယ်ကနေ ဖြန့်ချိ၊ သိုလှောင်ရောင်းဝယ်နေတဲ့သူတွေရဲ့ အင်အားကို တရားဥပဒေက မျက်ကွယ်ပြုနေကြပြီလားလို့ ဖေဖေတွေးမိတယ်သားရယ်။ တိုင်းပြည်ရဲ့ အညွန့်အဖူးလေးတွေ အဆိတ်ခံရ၊ အမဲ့ခံရတဲ့ အဆင့်ကနေ ပင်စည်တို့ပါ ခုတ်ဖြတ်၊ လှဲပစ်လိုက်ကြပြီ။

ဆရာ၊ ဆရာမတွေလည်း ကိုယ့်တပည့် ကျောင်းသားလေးတွေရဲ့ အခြေအနေကို အကဲခတ်၊ မိဘကလည်း သတိထားစောင့်ကြည့်လုပ်ရတော့မယ်။ လက်တည့်စမ်းတာလေးတွေကနေ စွဲလမ်းပြီး မူးယစ်နွံထဲ နစ်နေတဲ့ ကျောင်းသားတွေများသထက်များလာကြပြီ။ Tablet က မှရလွယ်၊ သိမ်းရလွယ်တော့ ကျောင်းသားတွေ လက်ထဲအလွယ်အတကူ ရောက်မှာပဲ။ မိဘက ကိုယ့်သားသမီးငွေအသုံးအစွဲလွန်ကျူးလာပြီး၊ လိုအပ်တာထက် အိပ်ယာထဲခွေနေပြီဆိုရင် သတိထားရတော့မယ်။ ဝန်းကျင်အပြောင်းအလဲကို လုပ်ရတော့မယ်။ သားသမီးချင်း ကိုယ်ချင်းစာတရားမတာားနိုင်တဲ့ ဘနဖူးသိုက်တူးသူတွေကြောင့် သားတို့ အရွယ်လူငယ်တွေအညွန့်တုံးရရှာပြီ။ ဆရာ၊ ဆရာမများလည်း စာသင်ရင်း မူးယစ်နှံ့မရောက်ဖို့ ဆုံးမသတိပေးတာမျိုး အခါခါလုပ်ပေးဖို့လည်း လိုတယ်။ တစ်ခွက်တစ်ခါသောက် For Show လုပ်ပြီး မူးယစ်ဟောပြောပွဲ၊ ပြိုင်ပွဲလုပ်တာလောက်နဲ့တော့ မရဘူး။ ဆေးကုရခက်ခဲပြီလို့ ဖေဖေထင်တာပါပဲကွယ်။

လာပြန်ပြီသားရေ…..မော်လမြိုင် အထက (၇) ရှေ့ကွမ်းယာဆိုင်ရှေ့မှာ ကျောင်းသားလေးတွေ စီးကရက်ကိုယ်စီနဲ့ ပုံတွေတက်လာပြန်ပြီ။ အဖြူ၊ အစိမ်းဝတ်ကျောင်းသားငယ်လေးတွေပေါ့သားရယ်။ ကျောင်းရှေ့မှာ ကွမ်းယာဆိုင်လာဖွင့်တာကို ခွင့်ပြုတာကိုက အမှားပဲ။ ရောင်းတဲ့သူ၊ ဝယ်တဲ့သူတွေကို သတိပေးတားဆီးသင့်တယ်လို့ ဖေဖေထင်တယ်။ ဖေဖေတို့ လူမျိုးက အားမနာသင့်တဲ့နေရာမှာ အားနာတတ်တာကိုက မဟာအမှားပဲသားရဲ့။ ဆေးလိပ်ကနေ မူးယစ်ဆေးအထိ ခြေလှမ်းတွေ ကျွံသွားမှာ စိုးရိမ်လိုက်တာ။ ရွှေညောင် အထကမှာကိုပဲ အဲဒီဖြစ်ရပ်ရှိနေပြီမဟုတ်လား။

သားလေးရဲဝဏ္ဏရေ မေတ္တာတရားကင်းတဲ့ သူတွေကြောင့် ဖေဖေတို့ရဲ့ သားငယ်၊ သမီးငယ်တွေ စိတ်ဒဏ်ရာပေးခံရ၊ မူးယစ်နွံထဲ ပစ်ချခံရနဲ့ ဖြစ်နေပြီ။ နိုင်ငံ့အနာဂတ်ဆိုတာကို မေ့ကုန်ကြပြီ။ အတ္တကို ရှေ့တန်းတင်သူတွေကြောင့်လို့ ဖေဖေစွပ်စွဲပါတယ်။ သားကတော့ တက္ကသိုလ်ပညာကို မကြာခင် သင်ရတော့မယ်။ ဒါပေမယ့် သားကိုယ်တိုင်ကတော့ တစ်ယောက်အဖြစ်ရှိဆဲ။ ဒါကြောင့် ဆင်ခြင်တုံတရား၊ သတိတွေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့လိုပြီ။. ဒီအတွက် စားဖတ်ပါ။ မေတ္တာတရား ရင်မှာကိန်းဝပ် ကျင့်ကြံပါလို့ ဖေဖေတိုက်တွန်းလိုက်ပါတယ်။

သားရဲ့ သူငယ်ချင်းတွေကိုလည်း မျှဝေပေးလိုက်ပါဦးနော်။

သားရဲ့ချစ်သောဖေဖေ

Written by  – ရဲသျှမ်း

 

Leave a Reply