Advertisements

ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကို မီးခိုးမထွက်သည့် စက်ရုံဟု တင်စားခေါ်ဝေါ်ကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီး၌ ၂ဝ ရာစုအလယ်မှစ၍ စက်မှုလက်မှုပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီးနောက် ဘေးထွက်ဆိုးကျိုးအဖြစ် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နှင့် လူသားထုကျန်းမာရေးအပေါ် အဓိက ခြိမ်းခြောက်ခံခဲ့ကြရသည်။ သို့သော် မတန်တဆအကျိုးအမြတ်များ၏ ဆွဲဆောင်မှုကြောင့် စက်မှုလက်မှုစက်ရုံ၊ အလုပ်ရုံကြီးများ၏ မီးခိုးခေါင်းတိုင်များ တိုးသထက်တိုးလာခြင်း၌ ထိရောက်သော ကာကွယ်မှုမလုပ်နိုင်ခဲ့ပေ။

ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်ဝသည့် နိုင်ငံကြီးများက ခရီးသွားလုပ်ငန်းကို အရှိန်မြှင့်လုပ်ကိုင်လာသောအခါ အကျိုးအမြတ်ကြီးမားသည့် လုပ်ငန်းကြီးတစ်ရပ်ဖြစ်လာပြီး စက်ရုံအလုပ်ရုံများကဲ့သို့ပင် နိုင်ငံအတွက် အရေးပါသောလုပ်ငန်းကြီးတစ်ရပ်ဖြစ်လာခဲ့သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးက
လည်း ဗျူဟာမြောက်အားထုတ်ပြင်ဆင်လာကြသည်။ မြန်မာတောတောင်ရေမြေ၊ တိုင်းရင်းသားလူမျိုးစုများ၊ ရှည်လျားသော သမိုင်းနှင့် ရှေးဟောင်းအမွေအနှစ်များ၊ ယဉ်ကျေးမှုဓလေ့ထုံးစံကွဲပြားကြွယ်ဝမှုအစရှိသည်တို့က ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သည့် သံလိုက်ဓာတ်များဖြစ်သည်။

သို့သော် လုံခြုံသန့်ရှင်းသော တည်းခိုစရာနေရာ၊ စိတ်ချယုံကြည်ရသော ကျန်းမာရေးစောင့်ရှောက်မှု၊ ငွေပေးချေသော ဘဏ်စနစ်၊ သယ်ယူပို့ဆောင်ရေးတို့၌ အားနည်းလျက်ရှိနေသေးသည်။

ထို့ထက်ဆိုးသည်မှာ ငွေတွင်းတူးလုပ်ငန်းအဖြစ် သဘောထားကာ နိုင်ငံခြားဧည့်သည်ဘက်ကိုသာကြည့်၍ နိုင်ငံနှင့်လူမျိုးပုံရိပ်လျော့ကျပျက်စီးစေမည့် လုပ်ရပ်များဖြင့် ဘယ်သူသေသေ ငတေမာပြီးရော လုပ်ကြလျှင် အဆိပ်အတောက်လုပ်ငန်းကြီးဖြစ်လာနိုင်သည်။ ဒေသခံပြည်သူလူထု အကျိုး
စီးပွားကို အထောက်အကူမဖြစ်ဘဲ နေရာကောင်း၊ အကွက်အကွင်းကောင်းမွန်သမျှကို ခရီးသွားလုပ်ငန်းဗန်းပြပြီး မြေသိမ်းယာသိမ်းလုပ်၍ ဟိုတယ်ဇုန်တည်ဆောက်ရေးသာ အားထုတ်ခဲ့ကြသော ခေတ်တစ်ခေတ်လည်းရှိခဲ့ဖူးရာ လက်တစ်ဆုပ်စာ လူတစ်စုအတွက် အချောင်လမ်းမဖြစ်အောင် စနစ်တကျကြပ်မတ်ထိန်းသိမ်းဖို့ လိုသည်။

မြန်မာနိုင်ငံသည် သဘာဝယဉ်ကျေးမှု အမွေအနှစ် ပြည့်စုံသော နိုင်ငံဖြစ်သည့်အလျောက် ကမ်းရိုးတန်းအရှည် ၂,၈၃၂ ကီလိုမီတာ သဘာဝထိန်းသိမ်းရေးနယ်မြေ ၃၆ ခု၊ရှေးဟောင်းမြို့တော်ကြီးများနှင့် တိုင်းရင်းသားလူမျိုးစုံ တစ်ရာကျော်ပိုင်ဆိုင်သော ရေခံမြေခံကောင်းများ ပိုင်ဆိုင်သည့် နိုင်ငံဖြစ်ခြင်းကြောင့် ပြည်တွင်း ပြည်ပ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကို အမျိုးသားအကျိုးစီးပွားနှင့်အညီ ပေါင်းစည်းလုပ်ကိုင်ကြရန် အခါကောင်းဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။

အယ်ဒီတာ

Advertisements
<

Leave a Reply