ထားဝယ် နိုဝင်ဘာ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီနှင့် လေညာဒေသရှိ ဥယျာဉ်နှစ်ခုမှာ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ရန် ရည်ရွယ်ကြောင်း လွန်ခဲ့သည့် ၁၆ နှစ်က ပြည်ထောင်စုအဆင့်မှ စာထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်အထိ အတည်ပြုသည့်အဆင့်သို့ တိုးတက်မလာသေးကြောင်း သစ်တောဦးစီးဌာန တိုင်းရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ပြောသည်။

တနင်္သာရီရှိ မြေ ဧရိယာ ၆၄၀ ၀၀၀ ဧက နှင့် လေညာရှိ မြေဧရိယာ ၄၃၆ ၄၈၀ ဧကတွင် အမျိုးသားဥယျာဉ်အဖြစ် ဖွဲ့စည်းရန် ရည်ရွယ်ကြောင်း ပြည်ထောင်စုအဆင့်က ၂၀၀၂ခု မတ်လ ၁၈ရက်နေ့တွင် ကြေညာထားသည်ဟု သိရသည်။ အဆိုပြုအမျိုးသားဥယျာဉ် ၂ခုမှာ ထိုင်းနယ်စပ်နှင့် ဆက်စပ်နေပြီး ဇီဝမျိုးစုံ မျိုးကွဲများ၊ ရှားပါးသစ်ပင်မျိုးစေ့နှင့် တောရိုင်းတိရစ္ဆာန်များစွာ ရှိနေကြောင်း သိရသည်။

“ရည်ရွယ်ကြောင်း ကြေညာပြီးနောက်ပိုင်း ကြေးတိုင်ပုံစံတွေ လုပ်ဖို့ မပြီးပြတ်သေးတာရယ်၊ ဒေသခံတွေ ဆိုင်ရာဆိုင်ကြောင်း တောင်းဆိုမှုတွေ အပြည့်အစုံကောက်ယူလို့ မရသေးတာရယ်ကြောင့် အတည်ပြုဖွဲ့စည်းနိုင်တဲ့ အဆင့် တိုးတက်မလာသေးဘူး”ဟု ဦးကျော်ဇေယျက ဆိုသည်။ ယင်းအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ယင်းအမျိုးသားဥယျာဉ်နှင့်ပတ်သက်ပြီး ထားဝယ်အခြေစိုက် NGOအဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် Conservation Alliance of Tanawthari-CAT၏ ‘ရွာသားများ၏အနာဂတ်ကို ခြိမ်းခြောက်နေသော တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အဆို ပြုအမျိုးသားဥယျာဉ်နှစ်ခုအကြောင်း’  အစီရင်ခံစာ တစ်စောင် ၂၀၁၈ခု ဖေဖေါ်ဝါရီတွင် ထွက်ပေါ်လာပြီးကတည်းက ဌာနေတိုင်းရင်းသားများက ယင်းသို့ တည်ထောင်ခြင်းကို မလိုလားကြကြောင်း မြိတ်ခရိုင်အခြေစိုက် တောင်ပိုင်းလူငယ်အဖွဲ့မှ တာဝန်ခံကိုစံငွေက ပြောသည်။

သစ်တောများကို ဒေသခံတို့ကိုယ်တိုင် ထိန်းသိမ်းဆောင်ရွက်နိုင်ပြီး အခြားသူ လုပ်ဆောင်ပေးရန် မလိုအပ်ကြောင်း ဌာနေတိုင်းရင်းသားများက သဘောထားရှိကြသည်ဟု ၎င်းကဆိုသည်။

မြန်မာ- ထိုင်းနယ်စပ် ထိုင်းဘက်ခြမ်းရှိ ကန်ကရာချန် ခေါ်အမျိုးသားဥယျာဉ်ကို အကောင်အထည်ဖော်ပြီးချိန်တွင် ယင်းဧရိယာရှိ နယ်မြေခံများ နှင်ထုတ်ခံရ၍ အလားတူ အပြောင်းရွှေ့ခံရမည်ကို ဌာနေတိုင်းရင်းသားများက စိုးရိမ်နေကြောင်း ကိုစံငွေက ပြောသည်။

အမျိုးသားဥယျာဉ်လုပ်ငန်းအစီအစဉ်ကို ဒေသခံများက နားမလည်၍ စိုးရိမ်နေကြခြင်းဖြစ်ကြောင်း၊ လက်ရှိနေရာတွင် မိရိုးဖလာအတိုင်း ဥယျာဉ်ခြံများ လုပ်ကိုင်စားသောက်နိုင်ပြီး စွန့်လွှတ်ထွက်ခွာစရာ မလိုကြောင်း တိုင်း သစ်တော ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ပြောသည်။

သို့သော် တစ်ဖက်တွင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ရာ အသစ် တိုးချဲ့မည့် လုပ်ငန်းများအတွက် စည်းကမ်းတကျနှင့် လိုက်နာလုပ်ဆောင်ရမည်ဖြစ်၍ အကန့်အသတ် အနည်းအကျဉ်းတော့ ရှိမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ အဆိုပြုထားရာနယ်မြေတွင် ကျေးရွာ၄၂ ရွာ၊ လူဦးရေ ၁၄၁၈၁ ဦး နေထိုင်ကြောင်း၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် လေညာဒေသတွင် ကျေးရွာ၁၃ရွာ၊ လူဦးရေ ၂၄၇၀ဦးနေထိုင်ကြောင်း၊ ဒေသခံများမှာ အသက်မွေးမှုအတွက် ရွှေ့ပြောင်းတောင်ယာ၊ ဥယျာဉ်ခြံ အပါအဝင် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ သစ်တောကို မှီခို၍ လုပ်ကိုင်ကြောင်း ကာယကံရှင်များထံမှ သိရသည်။

ယင်းအပြင် အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်း၊ နေအိမ်အတွက် သစ်ထုတ်ခြင်း၊ ဆေးဖက်ဝင် သစ်ဥသစ်ဖု ရှာဖွေခြင်း စသည်တို့အတွက်လည်း သစ်တောကို မှီခိုသည်ဟု သိရသည်။

တိုင်းအတွင်း ယခုလက်ရှိ ထိန်းသိမ်းရေးလုပ်ဆောင်နေရာများမှာ တနင်္သာရီသဘာဝကြိုးဝိုင်း၊ လန်ပိ အဏ္ဍဝါအမျိုးသားဥယျာဉ်၊ မော့စကော့ကျွန်း ဘေးမဲ့တော စသည်တို့ဖြစ်သည်။

တင့်လွင်

Leave a Reply