မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၌ ထုတ်ပြန်ထားသည့် ပတ်ဝန်းကျင် စံချိန်စံနှုန်းများထက် ကျော်လွန်ပြီး အညစ်အကြေး စွန့်ပစ်မှုများကို စိစစ်တွေ့ရှိပါက လုပ်ငန်းပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြောသည်။

ပတ်ဝန်းကျင်နှင့် လူအန္တရာယ်ထိခိုက်မှုများကို ကာကွယ်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် စွန့်ပစ်ရေဆိုး၊ စွန့်ထုတ်အမှိုက်များ၊ ထုတ်လွှတ်အခိုးအငွေ့များနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာကတည်းက ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခုနောက်ပိုင်းမှာ စွန့်ပစ်ရေဆိုးနဲ့ စွန့်ထုတ်အစိုင်အခဲတွေအတွက် ကန့်သတ်ရမယ့် အပိုင်းတွေ ပါလာပြီ။ ကျွန်တော်တို့ရဲ့ လမ်းညွှန်ချက်ကို မလိုက်နာလို့ ရှိရင်နိုင်ငံတော်အဆင့်ကိုလည်း စက်ရုံ ပိတ်သိမ်းတဲ့အထိ အရေးယူလို့ရတယ်”ဟု ၎င်းက ဆိုသည်။

စက်ရုံ၊ အလုပ်ရုံများမှ ထုတ်လွှတ်နေသည့် ရေဆိုးရေညစ်များမှာ အသေးအဖွဲဟုဆိုသော်လည်း ရေရှည်တွင် ပတ်ဝန်းကျင် ထိခိုက်မှုနှင့် အန္တရာယ်ရှိလာနိုင်ခြင်းကြောင့် အဆိုပါ လုပ်ငန်းများကို ထိန်းသိမ်းရမည့် အခြေအနေဖြစ်လာကြောင်း ဦးစိုးနိုင်က ပြောသည်။

ယခုအခါ စက်ရုံ၊ အလုပ်ရုံများကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှု EMP အစီရင်ခံစာ တစ်ရပ် ရေးဆွဲရန် ညွှန်ကြားသွားမည်ဖြစ်ပြီး ၊ EMP လုပ်ဆောင်ရန် အရက်ချက်စက်ရုံ၊ ဟိုတယ် အပါအဝင် လုပ်ငန်း ကိုး မျိုးအား သတ်မှတ်ပေးထားပြီးဖြစ်ရာ ဆောင်ရွက်ခြင်း ရှိ မရှိကို စိစစ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့မှာ ထုတ်လုပ်မှု လမ်းညွှန်ချက်ဆိုတာ ရှိတယ်။ ရေဆိုရင် ဘယ်လောက်ပဲ ထုတ်လုပ်ရမယ်၊ စွန့်ပစ်ရေကို စစ်လိုက်ရင် ဘယ်စက်ရုံက ဘယ်လောက်ရှိရမယ်ဆိုတာ သတ်မှတ်ထားတယ်။ အမှန်ကတော့ လုပ်ငန်းရှင်က စစ်ရမှာ ဖြစ်ပြီး သူတို့ တင်ပြတာကို စိစစ်သွားမယ်”ဟု ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း က ဆိုသည်။

မြန်မာနိုင်ငံတွင် ယခုအခါ အရက်ချက်စက်ရုံများ၏ ရေဆိုးရေညစ်စွန့်ထုတ်မှုကြောင့် ဧရာဝတီမြစ်ရေ ညစ်ညမ်းမှုများ ပေါ်ပေါက်လာပြီးဖြစ်ရာ ယင်းအခြေအနေကို စဉ်းစားသုံးသပ်ပြီး မွန်ပြည်နယ်၏ ပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဦးစိုးနိုင်က ပြောသည်။

Written by – ဇော်ထိုက်

 

 

 

 

 

 

 

 

 

 

 

Leave a Reply