အတ္ထရံကြိုးတံတားပေါ် တန်ပို တင်ဆောင်ဖြတ်သန်းသည့် ယာဉ်များ စိစစ်မည်

မော်လမြိုင်၊ ဧပြီ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အတ္ထရံကြိုးတံတားပေါ်တွင် ဖြတ်သန်းသွားလာသည့် ယာဉ်များကို သတ်မှတ် ကုန်အလေးချိန်ပမာဏထက် ပိုမိုတင်ဆောင် သယ်ယူမှု မရှိစေရန် စိစစ်ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“တံတားက ပြည်ထောင်စုရဲ့ ကြီးကြပ်မှုအောက်မှာပဲ ရှိတယ်။ တန်ပို လုံးဝဖြတ်ခွင့်မပေးဘူးလို့ အသက်ပြန်သွင်းရမယ် ” ဟု ဦးမင်းကျော်လွင်က ပြောသည်။

ယခုအခါ ပြည်နယ်လမ်းဦးစီးဌာနကို တံတားများအား ယခင်ထက် ပိုပြီး ကြပ်မတ်ဆောင်ရွက်ရန် စာထုတ်ပြန် အကြောင်းကြားထားကြောင်းနှင့် တံတားများတွင် ချို့ယွင်းမှုများကို ပြန်လည်ပြုပြင်နေကြောင်း ၎င်းက ထပ်မံပြောသည်။

“ဆောက်လုပ်ရေးဌာနအနေနဲ့ အဲဒီအတ္တရံကြိုးတံတားကို အမြဲတမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ အမြင်အာရုံအနေနဲ့ပဲ ရှိတယ်။ နည်းပညာတွေကို စိစစ်ဖို့အခါကျတော့ စက်ပစ္စည်းတွေ မရှိဘူး” ဟု ဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

ထို့ပြင် ဂျပန်နိုင်ငံJICAအစီအစဉ်ဖြင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လာမည့်နှစ်၌ တံတားသုံးစင်း တည်ဆောက်သွားရန် လျာထားကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

“ဆယ်ဘီးကားကုန်ပါလို့ရှိရင် ဖြတ်သန်းသွားလာခွင့်မပေးဘူး။ ခြောက်ဘီးကား သတ်မှတ်ချက်အတိုင်းပဲ။ တတ်နိုုင်သလောက်တော့ ကနဦးအနေနဲ့စစ်ဆေးနေတာဖြစ်တယ်” ဟု တံတားအထူးတပ်ဖွဲ့ ၁၄မှ ဒု- ညွန်ကြားရေးမှူး ဦးဇော်မိုးလွင်က ပြောသည်။

အတ္ထရံကြိုးတံတားကို ၁၉၉၆ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၈ ၌ ဖွင့်လှစ်ခဲ့ကြောင်း၊ အရှည် ၁၄၂၀ ပေရှိကြောင်း သိရသည်။

Written by ခင်နန်းဌေး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.