မော်လမြိုင်၊ ဇန်နဝါရီ 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် အတ္တရံမြစ်ရေကို PH 7 အဆင့်ထိ သန့်စင်ခြင်းလုပ်ငန်းအား ယခု ၂၀၁၈ ဇန်နဝါရီလအတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွန်ကြားရေးမှူး ဦးမြင့်အောင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“၂၀၁၄ ခုနှစ်ကတည်းက မြေပြင်ညီညာမှု စနစ်ကို လေ့လာခဲ့တယ်။ အခုအဲဒါတွေ ကျော်လွှားပြီး မနှစ်က BOT စနစ်နဲ့ စာချုပ်မူကြမ်းကို ပြုလုပ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်တွေက ခွင့်ပြုပေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါလုပ်ငန်းကို Myanmar Thirdthai Water ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပြုထားကြောင်း ၊ ၁၈ လနှင့်အပြီး ဆောင်ရွက်နိုင်မည်ဟုခန့်မှန်းထားကြောင်း ပြည်နယ်ညွှန်ကြားရေးမှူးက ပြောသည်။

အတ္ထရံမြစ်ရေကို နိုင်ငံတကာ ခေတ်မီ စက်ကြီးများဖြင့် စနစ်တကျ သန့်စင်ပြီးနောက် ၂၄ နာရီအတွင်း မော်လမြိုင်တစ်မြို့လုံးသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ ပထမဦးဆုံးအနေဖြင့် မြစ်နှင့် နီးစပ်သော ရွှေမြိုင်သီရိ၊သာယာအေး၊ လှိုင်၊ ကျိုက်ဖနဲ၊ ဒိုင်းဝန်ကွင်း၊ ဖက်တန်း၊ မရမ်းကုန်း စသည့်ရပ်ကွက်များကို စတင်ဖြန့်ဖြူးနိုင်ရန် လျာထားကြောင်း သိရသည်။

“ရေလည်းကောင်းရမယ်၊ အခုပေးနေတဲ့ နှုန်းထားထက် သက်သာရမယ်။ သောက်သုံးရေကို စံနှုန်းပြည့်ရမယ်။ ဒါကို ဖြစ်လာမယ်ဆိုရင် အဓိက ရေရှားတဲ့ ပြဿာနာတွေကို ရှင်းသွားနိုင်မယ်”ဟု ပြည်နယ်စည်ပင်ဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားထားသည်။

သန့်စင်ပြီး မြစ်ရေကို မြို့ပေါ်ရပ်ကွက်များသို့ ဖြန့်ဝေပေးရာ၌ နှုန်းထားအနေဖြင့် တစ်ယူနစ်လျှင် ငွေကျပ် ၁၅၀ ကျပ်မှ ၂၀၀ ကြား သတ်မှတ်သွားမည်ဖြစ်ကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ညွန်ကြားရေးမှူးက ပြောသည်။

Written by ခင်နန်းဌေး

Leave a Reply