Advertisements

၁၉၁၇ မတ်လ သူရိယမဂ္ဂဇင်းမှာ “မောင်သိန်းတင်၊ မသိန်းရှင်“ ဆိုတဲ့ ဝတ္ထုတစ်ပုဒ်ဖော်ပြခဲ့တယ်။ ကလောင်အမည်က “ရေးသူဆုရသည်“ တဲ့။ ဆရာကြီး ရွှေဥဒေါင်းပါ။ ဒီဝတ္ထုကို မြန်မာဝတ္ထုတိုရဲ့ ပထမဆုံးဝတ္ထုလို့ သုတေသီတွေကဆိုကြပါတယ်။

ဒီနှစ် ၂ဝ၁၇ မှာ မြန်မာဝတ္ထုတိုဖြစ်တည်ခဲ့တာ နှစ် ၁ဝဝ ပြည့်ပြီပေါ့။ ဆရာကြီးရွှေဥဒေါင်းရဲ့ “မောင်သိန်းတင်၊ မသိန်းရှင်“ ဝတ္ထုက ဖျော်ဖြေရေးသက်သက်ပဲ။ ဘာmessage မှ မပါဘူး။ ဘုရားဒကာသား မောင်သိန်းတင်နဲ့ ပွဲစားကြီး မသိန်းရှင် ရင်ခုန်ကြတယ်။

မောင်သိန်းတင် ၈ တန်းအောင်တော့ ရွှေဘိုမှာ စာရေးလေးလုပ်တယ်။ သူ့သူငယ်ချင်း မသင်းကြည်က မောင်သိန်းတင်ကို တစ်ဖက်သတ်စိတ်ဝင်စားတယ်။ မောင်သိန်းတင်က မသိန်းရှင်ကိုပဲ လွမ်းတနေတယ်။ မန္တလေးကို ပြန်မလာနိုင်တဲ့ မောင်သိန်းတင်ကို မသိန်းရှင်က လွမ်း၊ မသင်းကြည်ကလည်း သူ့ကို ပြန်မချစ်လို့ လွမ်း။ ဒါပဲ…ဝတ္ထုက ဖျော်ဖြေရေးကိုပဲ ဦးတည်ခဲ့တယ်။

စကားပြေကတော့ ဆရာကြီး လက်ဆိုတော့ အင်မတန်အားကောင်းပါတယ်။ နောင်တော့ မြန်မာဝတ္ထုတိုများအကြောင်းအရာ၊ ပုံသဏ္ဍာန်၊ စကားပြေအဖွဲ့အနွဲ့တွေလည်း ပြောင်းလဲလာပါတော့တယ်။ ဝတ္ထုတိုရေးဖွဲ့သူတွေလည်း အလွန်ပဲများပြားလာတဲ့အတွက် စာပေလောကကြီး အားရစရာပဲလို့ဆိုကောင်းဆိုနိုင်ပေမယ့် မဂ္ဂဇင်းတွေတဖြုတ်ဖြုတ်ကြွေကုန်လေတော့ စာရေးသူတွေအတွက် ရေးကွက်နေရာရှားလာပါတယ်။

မြန်မာပြည်လူဦးရေအချိုးနဲ့ ယှဉ်ရင် ရသ၊ အနုပညာဇောင်းပေးတဲ့ မဂ္ဂဇင်းအလွန်ပဲနည်းတယ်လို့ ဆိုရလိမ့်မယ်။ ဘာကြောင့် နည်းတာလဲ….. အဖြေကရှင်းတယ်ဖတ်သူနည်းလို့။PEN MYANMAR က ဝတ္ထုတို ရာပြည့်စာပေစကားဝိုင်းတွေ မန္တလေး၊ ရန်ကုန်မှာ လုပ်ခဲ့ပြီး စိတ်ကူးချိုချိုစာပေကလည်း ရန်ကုန်ဘွတ်ပလာဇာ (YBP) မှာ ၃ဝ.၉ ကနေ ၆.၁ဝ အထိ စာပေစကားဝိုင်း၊ စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေ ကျင်းပပေးပါတယ်။ အဲဒီပွဲမှာ ကျွန်တော်တို့လည်း ပါဝင်ခွင့်ရခဲ့ပါတယ်။

၁/၁ဝ နေ့မှာ ကျွန်တော်၊ ဆရာသိုက်ထွန်းသက်၊ ဆရာဂျိုဇော်၊ ဆရာဆူးငှက်၊ ဆရာညီပုလေး၊ ဆရာနေဝင်းမြင့်၊ ဆရာမချောအိမာန်တို့ စာပေသက်သက် ဟောပြောရပါတယ်။ ၁/၁ဝ နေ့ YBP ကိုရောက်တော့ ပွဲစီစဉ်သူစိတ်ကူးချိုချိုစာပေက ရာပြည့်ပွဲလာရောက်သူ မှန်သမျှကို မြန်မာဝတ္ထုတိုနှင့် ရာပြည့်ခရီး စာအုပ်လက်ဆောင်ပေးတဲ့အပြင် ကော်ဖီ၊ မုန့်ကိုလည်း ကြိုက်သလောက် သောက်ခွင့်၊ စားခွင့်ပေးထားပါတယ်။ လေအေးပေးစက်လွှတ်ထားတဲ့နေရာ အခင်းအကျင်းမှာ စာပေစကားတွေ စာပေဟောပြောပွဲတွေအခမဲ့ နားထောင်ခွင့်ရတဲ့အပြင် အမှတ်တရစာအုပ်၊ အိတ်၊ I Pad အိတ်၊ ဘော်လ်ပင်စတာတွေကို ကံစမ်းမဲဖောက်ပေးပါသေးတယ်။ ထမင်းစားချိန်ရောက်တော့လည်း ထမင်း၊ ခေါက်ဆွဲ၊ ထမင်းကြော်နှစ်သက်ရာအခမဲ့စားနိုင်အောင်လည်း စီစဉ်ပေးထားပါသေးတယ်။ YBP မှာရှိတဲ့ ဆိုင်အတော်များများကလည်း စာအုပ်တွေကို ၃ဝ% အထိလျှော့ပြီး ရောင်းချပေးပါသေးတယ်။

ဆရာမောင်ခင်မင်၊ ဆရာမကြီးစမ်းစမ်းနွဲ့ (သာယာဝတီ) ဆရာမ မစန္ဒာ၊ ဆရာနေဝင်းမြင့်…..စတဲ့ နိုင်ငံကျော်စာပေပညာရှင်ကြီးတွေ တက်ရောက်ဟောပြော၊ ဆွေးနွေးကြတဲ့ ပွဲပါ။ ဒါပေမဲ့ တက်ရောက်နားထောင်တဲ့သူတွေက အယောက် ၁ဝဝ တောင်မပြည့်ပါဘူး။ ကြုံတောင့်ကြုံခဲ ဝတ္ထုတိုရာပြည့်ပွဲမှာ စာရေးသူတွေတောင် စုံလင်အောင်မတွေ့ခဲ့ရပါဘူး။ အချိန်အခက်အခဲတွေကြောင့်လား၊ စိတ်ဝင်စားမှုနည်းတာလား၊ သူပါလို့ ငါမပါဝင်တာလား၊ ငါမပါရလို့ ငါမလာတာလား။ တွေးစရာတွေများလှပါရဲ့။

ဆရာသိုက်ထွန်းသက်ရဲ့ ဇာတ်ကောင်နဲ့ မနီး မဝေးဆိုတဲ့ ဟောပြောမှုမှာဆိုရင် စာရေးဖို့ ကြိုးစားနေတဲ့ ကလောင်သစ်တွေအတွက် အတော့်ကို ရလိုက်မယ့် ဝတ္ထုအတတ်ပညာတွေပါ။ ဒါပေမဲ့လည်း ကလောင်သစ်ကလေးတွေ ၄-၅ ယောက်လောက်ထက် ပိုမမြင်ခဲ့ရပါဘူး။ ကျွန်တော်တို့ စာရေးသူချင်း ငေးယူရလောက်အောင် ဝတ္ထုဇာတ်ကောင်တွေကို အသက်ဝင်စေတဲ့ အနုပညာအားကောင်းတဲ့ ဆရာဂျိုဇော်ရဲ့ “ပြောင်းလဲလာသော ဝတ္ထုတိုများ “စာတမ်း၊ ဆရာမချောအိမာန်က ဝတ္ထုတစ်ပုဒ် ဘယ်လိုမွေးဖွားခဲ့ရတယ်ဆိုတဲ့ ဟောပြောမှု၊ ဆရာနေဝင်းမြင့်ရဲ့ ခေတ်ကိုထင်ဟပ်ပြတဲ့ “သာဒွန်း“ ဝတ္ထုတို။ တကယ့်ကို ပျံ့ကြဲသွားတဲ့ ဝတ္ထုတို အနှစ်တွေပါ။ တက်ရောက်လာတဲ့ စာပေမြတ်နိုးသူတွေအတွက် နှစ်ထောင်းအားရဖြစ်ရတဲ့နေ့လို့ ဆိုနိုင်ပါတယ်။
နောက်ရက် ၂.၁ဝ မှာလည်း ဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ “စိတ်” ဝတ္ထုကို ဆရာမနှင်းဝေငြိမ်းက ဦးဆောင်ဆွေးနွေးသူ (Moderetor) လုပ်ပြီး ဆရာမကြီး စမ်းစမ်းနွဲ့၊ မီမိုး၊ ယုဒါတို့က ဆွေးနွေးသွားပါတယ်။

ဆရာမကြီးစမ်းစမ်းနွဲ့က စိတ်ဝတ္ထုကို ခံစားပြတာသိပ်ကို ကောင်းပါတယ်။ ဝတ္ထုရေးရာမှာ လက်စောင်းထက်လှတဲ့ ဆရာမစမ်းစမ်းနွဲ့ ရဲ့ ဝတ္ထုတစ်ပုဒ်ပေါ်ခံစားမှု ပြောတာမှာ အနုပညာ၊ အတတ်ပညာ၊ စကားလုံးအသုံးအနှုန်းက အစစိတ်ဖြာပြီး ပြောသွားတာမို့ တန်ဖိုးရှိလှတဲ့ ပွဲပါ။၂/၁ဝ နေ့ညနေ ၅ နာရီရထားနဲ့ မန္တလေးကို ပြန်ရတာမို့ ကျန်ရက်များဆွေးနွေးဟောပြောပွဲများလွတ်သွားပါတယ်။ နောက်ရက်ဆွေးနွေးမယ့်၊ ဟောပြောမယ့် ဆရာ၊ ဆရာမများကလည်း စိတ်ဝင်စားစရာတွေနဲ့ပါပဲ။

အခမဲ့နားထောင်ခွင့်ရ၊ သက်သက်သာသာနားထောင်ရ၊ စာအုပ်လက်ဆောင်ရ၊ ကော်ဖီမုန့်စားသောက်ရ၊ ထမင်းပါစားရ၊ ၃ဝ% လျော့စာအုပ်တွေဝယ်ခွင့်ရ၊ လက်ဆောင်တွေလည်း ရပါလျက် ကြက်ပျံမကျမစည်ကားတာတစ်ခုတော့ ဝမ်းနည်းမိတယ်။ အထိုက်အလျောက် အောင်မြင်တယ်လို့ပဲဆိုနိုင်တာပါ။ တကယ်ဆိုရင် ဒီထက်စည်ကားသိုက်မြိုက်ရမှာပါ။ နိုင်ငံရေးအခြေအနေကြောင့်၊ စားဝတ်နေရေးကြောင့်၊ ဘာကြောင့် ညာကြောင့် တွေကြောင့်စာပေဘက်ကို ဦးမလှည့်နိုင်ဘူးဆိုရင်တော့ အမှားကြီးမှားပါလိမ့်မယ်။
တိုင်းပြည်တစ်ပြည်ရဲ့ လူမျိုးအဆင့်အတန်းကို သိချင်ရင် ပညာရေးနဲ့ စာပေဖတ်ရှုမှုကို ကြည့်တာနဲ့ သိတယ်လို့တွေးခေါ်ပညာရှင်တွေက ပြောကြပါတယ်။ ဒီစကားအရဆိုရင် ကျွန်တော်တို့ လူမျိုးဘယ်လိုအဆင့်မှာပါလိမ့်။

တိုးတက်အောင်မြင်နေတဲ့နိုင်ငံ၊ လူမျိုးတွေက စာအင်မတန်ဖတ်ပါတယ်။ စာအုပ်တွေ ဖတ်မှလည်း ကိုယ်ရည်ကိုယ်သွေးမြင့်လာမယ်လို့ ယုံကြည်ကြတာကိုး။ ဒါကြောင့် ကလေးအရွယ်ကတည်းက စာဖတ်ကြတယ်။ မိဘများကလည်း စာဖတ်ဖို့၊ ဆရာတွေကလည်း စာဖတ်ဖို့၊ အစိုးရကလည်း စာဖတ်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးကြတာပါ။

မနှစ်က ရောက်ခဲ့ဖူးတဲ့ ကိုရီးယားနိုင်ငံရဲ့ YOBO ဆိုတဲ့ စာအုပ်ဆိုင်ကြီးမှာ နေ့တစ်ဝက်လောက်အချိန်ပေးလေ့လာခဲ့တယ်။ မြေအောက်ခန်းမှာ စာအုပ်ဆိုင်တွေ အများကြီးပါ။ နိုင်ငံရေး၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ၊ ရသ၊ ကဗျာ၊ မဂ္ဂဇင်း၊ ဂီတ၊ ပန်းချီအနုပညာ၊ ကလေးစာပေ၊ Best Seller ဆိုတဲ့ စာအုပ်ဆိုင်တွေပါ။ စာမြည်းသူတွေ သက်သောင့်သက်သာဖြစ်အောင် ခုံတွေပေးထားတယ်။ ကလေးတွေဆို လွတ်လွတ်လပ်လပ်ကို ဖတ်နေကြတာ။ မိဘတွေကလည်း ကလေးလိုချင်တဲ့ စာအုပ်ဝယ်ပေးတာပဲ။

လက်တွန်းလှည်းနဲ့ပါလာတဲ့ ကလေးပေါက်စအတွက် ရည်ရွယ်တဲ့ ရုပ်ပုံပါစာအုပ်က အစရှိပါတယ်။ စာဖတ်ကြတဲ့လူမျိုးတွေလို့ ပြောရမလား။ ကိုရီးယားမိတ်ဆွေကတော့ ပြောပါရဲ့။ “ အင်တာနက်ခေတ်မှာ သူတို့လူမျိုးလည်း ဖုန်းပွတ်တာများလာပြီ၊ စာအုပ်တွေအရောင်းကျလာတယ်“ တဲ့။ ဟုတ်မှာပါပဲ။ မြေအောက်ရထားစီးတော့ ရထားပေါ်မှာ ဖုန်းပွတ်နေတဲ့သူက စာအုပ်ဖတ်တဲ့သူထက် များပါတယ်။

YOBO စာအုပ်ဆိုင်ကြီး အပေါ်ထပ်မှာ ပန်းချီခန်းမတွေရှိတယ်။ ဂီတဖျော်ဖြေပွဲရှိတယ်။ ကဗျာရွတ်ပွဲတွေရှိတယ်တဲ့။ အားလုံးအခမဲ့ အစိုးရက လုပ်ပေးထားတာပါတဲ့။ မျိုးဆက်သစ်တွေပေါ်ထွန်းလာဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
ကျွန်တော်တို့ နိုင်ငံလည်း YOBO စာအုပ်ဆိုင်ကြီးအစိုးရက ဆောက်လုပ်ပေးသင့်တယ်။ စာအုပ်ဆိုင်တွေဆီက ဆိုင်ခန်းခယူပေါ့။ အနုပညာလှုပ်ရှားမှုတွေ လွတ်လွတ်လပ်လပ်၊ ငွေကြေးသက်သက်သာသာ ဖန်တီးပေးရမှာပေါ့။ အခုတော့ ငါတို့စာပေတိုက်ကို မြေမှုန်လွင် ကြိုးစားရုန်းကန်မှုကြောင့်သာ YBP ပေါ်လာတာကိုး။ ဒါလည်း အတော့်ကို ရုန်းကန်နေရတာပါ။ စာဖတ်သူများမှ စာအုပ်ဆိုင်တွေလည်း စည်ဝေမှာမဟုတ်လား။ အပြန်အလှန်ပေါ့။

ဝတ္ထုတိုရာပြည့်ပွဲကတော့ ပွဲစီစဉ်သူတွေရဲ့ ကြိုးစားမှုကြောင့် ခမ်းနားလှပါရဲ့။ ရာပြည့်ပွဲတက်ရောက်တဲ့သူတွေအတွက်လည်း အကျိုးရှိပါရဲ့။ လူဦးရေအရ အားမရတာကတော့ အမှန်ပါပဲ။

၁၉ ရာစုအင်္ဂလိပ်အတွေးအခေါ်ပညာရှင် ဝေဖန်ရေးဆရာ ဂျွန်ရပ်စကင်းက “ဂျုံနဲ့ လုပ်ထားတဲ့ပေါင်မုန့်ဟာ ကောင်းပါတယ်။ ဒါပေမဲ့ စာအုပ်ကောင်းတစ်အုပ်မှာတော့ ပျားရည်လိုချိုမြိန်တဲ့ ပေါင်မုန့်ရှိပါတယ်။ ပေါင်မုန့်ကို ဝယ်မစားနိုင်တဲ့ မိသားစုတစ်စုဟာ ဆင်းရဲတယ်လို့ ခေါ်နိုင်သလို စာအုပ်ဝယ်မဖတ်တဲ့ လူမျိုးဟာလည်း ဆင်းရဲတာပါပဲ“ လို့ ပြောခဲ့တယ်။ အခု ၂၁ ရာစု ရောက်နေပေမယ့် ဂျွန်ရပ်စကင်းရဲ့ စကားကတော့ မှတ်သားထိုက်ပါတယ်။

ကျွန်တော်တို့ လူမျိုးစာဖတ်ရပါမယ်။ ဒါမှ အတွေးအခေါ်ဆင်းရဲခြင်းက လွတ်မြောက်မှာလေ။

Written by – ရဲသျှမ်း

Advertisements
<

Leave a Reply