အထက်တန်းကျောင်းအဆင့်တိုးမြှင့်ပေးရန် ဆရာအင်အား မလုံလောက်ဟု ကရင်ဝန်ကြီးချုပ်ဆို

ဘားအံ၊ မေ

ကရင်ပြည်နယ်အတွင်းရှိ အထက်တန်းကျောင်းခွဲများကို အထက်တန်းကျောင်းအဖြစ် အဆင့်မြှင့်တင်ပေးရန်မှာ ဆရာ ဆရာမများ လုံလောက်မှုမရှိသေးကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

“အထက(ခွဲ)ကနေ အထက အဆင့်အထိ တိုးမြှင့်ပေးဖို့ အဆောက်အဦလိုအပ်ချက်ကို လိုက်လုပ်ဖို့ကတော့ သိပ်မခက်ပါဘူး၊ ကျွန်မတို့လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အခက်အခဲက အဲဒီလို တိုးမြှင့်ပေးလိုက်ရင် သတ်မှတ်ထားတဲ့ ဝန်ထမ်းဖွဲ့စည်းပုံဆိုတာ ရှိတယ်။ အဲဒါကိုပြည့်မီအောင် အထက်တန်းအဆင့်ကို သင်ဖို့ လေ့ကျင့်ပေးထားတဲ့ ကျောင်းဆရာ ဆရာမအင်အားက ပြည်နယ်ထဲမှာ နည်းနေတယ်။ မလုံလောက်သေးဘူး”ဟု ဝန်ကြီးချုပ်က ဆိုသည်။

မေလ (၇) ရက်က ပြည်နယ်ဝန်ကြီးချုပ်၏ ဘားအံ- မြဝတီ ခရီးစဉ်တွင် ကော့ကရိတ်မြို့နယ်၊ ဂျိုင်းကျေးရွာအုပ်စုနေ  ရွာသူရွာသားများနှင့်တွေ့ဆုံစဉ် အုပ်ချုပ်ရေးမှူးက ကျေးရွာလိုအပ်ချက်တင်ပြမှုအပေါ်တွင် ထိုသို့ တုန့်ပြန်ပြောကြားခဲ့သည်။

အခြေခံပညာ အထက်တန်းကျောင်းခွဲအဆင့် ဖွင့်လှစ်ထားသည်မှာ ကာလကြာမြင့်ပြီးဖြစ်သော ကျောင်းများကိုမူ အဆင့်တိုးမြှင့်ပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

ပြည်နယ်ပညာရေးမှူး ဦးစိုးမြင့်က“ဒီ ဂျိုင်းကျေးရွာဘက်လည်း အထက်တန်းကျောင်းဖြစ်ဖို့ ဦးစားပေး စဉ်းစားထားပါတယ်” ဟု ဆိုသည်။

ကရင်ပြည်နယ်တွင် အထက်တန်းကျောင်း ၇၅ ကျောင်းရှိပြီး အထက်တန်းကျောင်းခွဲ ၇၀ တိတိရှိကာ ဘားအံတစ်မြို့တည်း၌ပင် ၂၄ ကျောင်း ရှိသည်ဟု သိရသည်။ ပြည်နယ်အတွင်းရှိကျောင်းများတွင် သင်ကြားရေး ဆရာ ဆရာမ လုံလောက်ခြင်း မရှိသေးဘဲ စာသင်နှစ်အလိုက် ဆွဲခန့်ဆရာ ဆရာမများအား ကျေးရွာအစီအစဉ်ဖြင့် ခန့်ထား သင်ကြားပို့ချပေးေနေကြရဆဲ ဖြစ်ကြောင်း ဂျိုင်း ကျေးရွာ ဒေသခံများက ပြောသည်။

Written by ရာဟု (ဖားအံ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.