Advertisements

မိုးလေတစ်ဖြိုက်ဖြိုက်အကျတွင် ယင်ကောင်များပျံ ဲထလာသည်။ ထိုအခါတွင် ယင်နားစားများစားမိသော လူကြီး လူငယ်များသည် ရာသီပေါ်ဝမ်းပျက်ဝမ်းလျောရောဂါများကိုခံစားရတော့သည်။ ဗိုက်နာဗိုက်အောင့်၍ ဗိုက်ရစ်တတ်သည်။ ထိုအချိန်မျိုးတွင် ဝမ်းသွားလျှင် အဖတ်နည်းကာ အရည်များသာ သွားတတ်သည်။ ခန္ဓာကိုယ်မှ ဓာတ်များ အထူးသဖြင့် ekectrolyte ဟုခေါ်သော သတ္တုဓာတ်များဝမ်းထဲတွင်ပါသွားကာ အားပြတ်တတ်တော့သည်။

ထို့ကဲ့သို့သောရောဂါလက္ခဏာများဖြစ်ပေါ်ခြင်းကို မြန်မာပြုသော် အထက်လှန်အောက်လျှောဟုခေါ်ကြသည်။ ရာသီပေါ်တုပ်ကွေးရောဂါပိုး အထူးသဖြင့် ဗိုင်းရပ်စ်နှင့် အီကိုလာဟုခေါ်သော ဘက်တီးရီးယားပိုးများကြောင့် အစာအိမ်နှင့် အူများယောင်ယမ်းခြင်းကိုဆိုလိုသည်။ ဗိုက်နာခြင်း၊ အရည်ဝမ်းသွားခြင်းနှင့် အော့အန်ခြင်း၊ တခ်ခါတစ်ရံ ဖျားနာခြင်းများဖြစ်တတ်သည်။ တုပ်ကွေးရောဂါပိုးကြောင့်အစာအိမ်တွင် ပြဿနာဖြစ်ခြင်းကို အစာအိမ်တုပ်ကွေးမိခြင်း (stomach flu )ဟုခေါ်ကြသည်။

အဖြစ်များဆုံးမှာ ရာသီပေါ်တုပ်ကွေး ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်သည်။ ဘက်တီးရီးယားပိုးများ၊ မှိုနှင့် ကပ်ပါးကောင်အချို့ကြောင့်လည်းဖြစ်တတ်သည်။ ကလေးသူငယ်များတွင် ရိုတာဗိုင်းရပ်စ်(Rotavirus)သည် အဖြစ်များကာ အခြေအနေဆိုးတတ်သည်။ လူကြီးများနှင့် လူလတ်ပိုင်းများတွင် နိုရိုဗိုင်းရပ်စ်(norovirus)နှင့် ကမ်ပိုင်လိုဘက်စ်တာ(Campylobacter)သည် အဖြစ်များသည်။ အဓိက ကူးစက်သောနည်းလမ်းမှာ မသန့်ရှင်းသော ဝါ ရောဂါပိုးကပ်ငြိနေသော အစားအစာနှင့် ရေ ကိုစားသုံးခြင်းဖြစ်သည်။ ထိုအပြင် ရောဂါခံစားနေရသော သူနှင့်အနီးအကပ်နေထိုင်လျှင်လည်း ရောဂါကူးစက်နိုင်သည်။ အထက်လှန်အောက်လျှော ဟုခေါ်သော ဝမ်းပျက်ဝမ်းလျှောရောဂါသည် အိမ်တစ်အိမ်တွင် တစ်ယောက်ဖြစ်လျှင် တစ်အိမ်လုံးကူးစက်နိုင်သည်။

ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကလေးများတွင်ဖြစ်လျှင် အခြေအနေဆိုးဝါးသည်။ ၂၀၁၅ခုနစ်တွင် တစ်ကမ္ဘာလုံးတွင် ထိုရောဂါခံစားရသူ နှစ်ကုဋေတွင် သေဆုံးသူ ၁.၅သန်းခန့်ရှိသည်။ ထိုထဲတွင် ဖွံ့ဖြိုးဆဲနိုင်ငံနှင့် အောက်ခြေနိုင်ငံများမှ ကလေးသူငယ်များသည် ထက်ဝက်ခန့်ပါဝင်သည်။ မသန့်ရှင်းရေနှင့်အစားအသောက်များ၊ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းနှင့် အာဟာရမပြည့်ဝခြင်းတို့သည် သေဆုံးမှုကိုမြင့်တတ်စေသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါတွင် အဓိကစောင့်ကြည့်ရမည့်လက္ခဏာမှာ ရေဓာတ်ဆုံးရှုံးမှုရောဂါလက္ခဏာဖြစ်သည်။ ရံဖန်ရံခါ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်အရောအနှောရောဂါများတွင် ဖျားတတ်သည်။ ဗိုက်ရစ်ပြီးနာကာ စားသမျှအန်တတ်သည်။ အရည်ဝမ်းများထပ်ခါတလဲလဲသွားတော့သည်။ ထိုအချိန်မျိုးတွင် ရေဓာတ်ဆုံးရှုံသောလက္ခဏာများဖြစ်သော ရေခဏခဏငတ်ခြင်း၊ မျက်ရည်များခမ်းခြေက်ခြင်း၊ အရေးပြားအရောင်များရုတ်တရက်မွဲခြောက်လာခြင်းနှင့် မူးဝေခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ဖြစ်တတ်သည်။ ထိုအချိန်မျိုးတွင် တချိုသူများသည် ဝမ်းပိတ်ဆေးသောက်တတ်ကြသည်။ ထိုသို့သောအပြုအမူသည် အလွန်အန္တာရာယ်ကြီးသောအခြေအနေဖြစ်သည်။ ဝမ်းသွားခြင်းသည် မကောင်းသောအညစ်အကြေးများကိုစွန့်ထုတ်ခြင်းဖြစ်သည်။ သို့သော်ဝမ်းပိတ်ဆေးသောက်လိုက်သောအခါတွင် မကောင်းသောအညစ်အကြေးများစုပုံလာကာ ခန္ဓာကိုယ်တစ်ခုလုံးသို့သွေးဆိပ်ပြန့်တတ်သည်။

ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် ကုသနည်းသည် ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးခြင်းဖြစ်သည်။ သတ္တုဓာတ်အချိုးအစားကျစွာပါဝင်သော ဓာတ်ဆားရည်များများသောက်သုံးခြင်းဖြစ်သည်။ ဇင့်(zinc)ပါသော အစားအစာများကိုများများစားသုံးခြင်းဖြင့်လည်းကာကွယ်နိုင်သည်။

ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကလေးလူကြီးမရွေးဖြစ်တတ်သောရောဂါဖြစ်၍ ကာကွယ်၍ရသောရောဂါဖြစ်သည်။ အညစ်အကြေးနှင့် တစုံတရာကို ကိုင်တွယ်ြ့ပီးတိုင်း လက်ကိုဆပ်ပြာနှင့်သေချာဆေးကြောခြင်း၊ သန့်ရှင်းလတ်ဆတ်သောရေကိုသောက်သုံးခြင်း၊ ယင်နားစားများကိုရှောင်ကြဉ်ခြင်းနှင့် လတ်ဆတ်သောအစားအစာများကိုစားသုံးခြင်း၊ တစ်ကိုယ်ရေးသန့်ရှင်းမှုကိုအလေးထားခြင်းတို့ဖြစ်သည်။အရေးကြီးသောရေဓာတ်ဆုံးရှုံသည့်လက္ခဏာများကိုစောင့်ကြည့်ကာ ရေဓာတ်ကိုအများဆုံးဖြည့်တင်းသင့်သည်။ ဝမ်းအရမ်းများများသွားနေချိန်တွင် ဝမ်းပိတ်ဆေးသုံးစွဲခြင်းကိုရှောင်ကြဉ်သင့်သည်။ ထိုကြောင့် ယင်ကောင်ပေါသောရာသီတွင် ဝမ်းပျက်ဝမ်းလျှော ဝါ အထက်လှန်အောက်လျှော ရောဂါမကူးစက်ခံရစေရန် ပြုမူနေထိုင်ခြင်းဖြင့် ကျန်းမာပျော်ရွှုင်သောဘဝကို တည်ဆောက်ကြပါစို့ဟု အကြံပြုပါရစေ။ ။

ဒေါက်ဦး(မွန်)
ref: , wikipaedia about

Advertisements
<

Leave a Reply