Eleven Media ၏ ပြဿနာအား အစိုးရကိုင်တွယ် ဖြေရှင်းပုံသည် မြန်မာ့မီဒီယာ သမိုင်းတစ်လျှောက်၌ ဖြစ်ခဲ့သည့် ပြဿနာရပ် များအနက် အင်အားကို လိုသည်ထက် ပိုသုံးပြီး အစိုးရ ယန္တရားကို စနစ် တကျ သုံးစွဲကာ အနိုင်ယူ လိုသည့် ဆန္ဒဖြင့် တစ်ဖက်ကို တစ်ဖက် ပြင်းပြင်း ထန်ထန် တုံ့ပြန် ကြသည်ကို တွေ့ရသည်။

editor copy

အစိုးရသည် တစ်ဖက်၌ တည်ဆဲ ဥပဒေ နည်းဥပဒေ များထဲမှ ပြင်းထန်သည့် ဥပဒေ ပုဒ်မ တချို့ကို တပ်၍ မီဒီယာအား တရား စွဲဆိုခဲ့သည်။ သို့သော်လည်း ပြဋ္ဌာန်း ထားပြီး ဖြစ်သည့် မီဒီယာ ဥပဒေနှင့် လုပ်ထုံး လုပ်နည်း ကိုကား အစိုးရ ဘက်က လိုက်နာမှု အားနည်း ခဲ့သည်။
မဏ္ဍိုင်ကြီး (၃) ရပ်အား ထိန်းကျောင်းရေး လုပ်ပေး နေသည့် မီဒီယာ အပေါ် အစိုးရမှ ရန်သူ၊ မိတ်ဆွေ သဏ္ဌာန် “ရန်၊ ငါ” စည်းခြားကာ မြင်လာ ၊ ဆက်ဆံ လာခဲ့သည်။

အထူး သဖြင့် လက်ရှိ အစိုးရ၏ အားနည်းချက် များအား မီဒီယာ များမှ ထောက်ပြ ဝေဖန်သည့် အပိုင်းတွင် မီဒီယာ များ၏ ဝေဖန် ထောက်ပြ မှုများကို အကဲဆတ်စွာ တုံ့ပြန် လေသည်။

၂၀၁၀ နောက်ပိုင်းမှ ပိုမို ပွင့်လန်းခွင့် ရလာသည့် မြန်မာ့ မီဒီယာ များသည် အတွေ့အကြုံ အပိုင်း၌ အားနည်း ချက်များ ရှိနေသော်လည်း ထိန်းကျောင်းရေး လုပ်ငန်းစဉ်ကို ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ အားထုတ်ရင်း တိုင်ပြည်၏ လွတ်လပ် မျှတသည့် မီဒီယာ အခင်းအကျင်း တစ်ရပ် ပေါ်ပေါက်ရေး အစိုးရ အဆက်ဆက် နှင့်အတူ ခရီးနှင်လာနေဆဲ ဖြစ်သည်။
ထို့အတူ အစိုးရ၏ ဗျူရိုကရေစီ ယန္တရားသည်လည်း အများပြည်သူ သတင်းသိရှိ ပိုင်ခွင့်နှင့် အချက် အလက် များအား ပြန်ကြား ပေးရန် တာဝန်ရှိသည့် ကဏ္ဍ၌ အားနည်း နေခဲ့သည်။

ပဋိပက္ခ၏ အရင်းအမြစ် နှစ်ဖက် စလုံးမှ အားနည်းချက် ကိုယ်စီ ရှိကြသည့် အနေအထားတွင် ကိုင်တွယ် ဖြေရှင်း နည်းသည် နှစ်ဖက် စလုံးမှ လက်ခံ နိုင်သည့် ၊ တစ်ဖက်နှင့် တစ်ဖက် အမုန်းနှင့် အာဃာတ ပွားမှုကို လျှော့ချ စေမည့် (Win-Win) နှစ်ဖက် စလုံး နိုင်သည့် မျှခြေ အခြေအနေ ဖြစ်အောင် ဖန်တီးရန် လိုပေသည်။
အကယ်၍ အစိုးရမှ မီဒီယာအား ရန်၊ ငါ စည်းဖြင့် ဆက်ဆံ နေသမျှ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ အတွက် လိုအပ်သည့် ကောင်းမွန်သော ထိန်းကျောင်းရေး တာဝန်ကို ထမ်းဆောင် ပေးမည့် ကောင်းမွန် ပွင့်လင်းသည့် မီဒီယာ အခင်း အကျင်း တစ်ရပ်အား ဖော်ဆောင်ရန် ခက်ခဲ စေမည့် အနေအထား ဖြစ်လာနိုင်သည်။

သတိချပ် ရမည်မှာ ဒီမိုကရေစီ တိုင်းပြည် တစ်ခုတွင် အစိုးရနှင့် မီဒီယာ တို့သည် ထာဝရ ရန်သူ ထာဝရ မိတ်ဆွေများ ဖြစ်ကြ၍ တစ်ဦးနှင့် တစ်ဦး ကင်းကွာ၍ မရသည့် ဒိုးတူ ၊ ဘောင်ဖက်များ ဖြစ်သည်။
တစ်ဖက်၌ အစိုးရသစ်၏ အုပ်ချုပ်ရေး အတွေ့အကြုံ အားနည်းချက်များ ရှိနေသော အပိုင်းကို အစိုးရသစ်မှ နားလည် ခံစား၍ ရဘိ သကဲ့သို့ မြန်မာ့ မီဒီယာ အဝန်းအဝိုင်း၏ အတွေ့အကြုံနုနယ်၍ အကဲဆတ်နေသည့် အခြေအနေရပ် များကိုလည်း မျှခြေ ရှိရှိ ရှုမြင် တတ်ရန် လိုအပ် ပေသည်။

သို့တည်း မဟုတ်ပါက ဒီမိုကရေစီ တိုင်းပြည် တစ်ခု အတွက် မရှိ မဖြစ်သော အစုအဖွဲ့ (Institution) နှစ်ခု တို့သည် ရန်ဘက် သဘောဖြင့် တစ်ဖက်နှင့် တစ်ဖက် ရန်စောင်ရင်း ထိန်းကျောင်း ကြမည် ဆိုပါမူ တိုင်းပြည်၏ တိုးတက်မှုကဏ္ဍ၌၎င်း ၊ မီဒီယာ လွတ်လပ်ခွင့် ကဏ္ဍ၌၎င်း နှစ်ဖက် စလုံးမှ လိုချင်သော ရလဒ်ကို ဆုံးရှုံးရမည် ဖြစ်ကြောင်း သတိချပ် စေလိုပါသည်။

ထို့ကြောင့် ပြဿနာ ရပ်များတွင် အစိုးရနှင့် မီဒီယာတို့ တစ်ဖက်နှင့် တစ်ဖက် အား အကဲဆတ်စွာ တုံ့ပြန်နေမည့် အစား အချင်းချင်း နားလည်မှု တည်ဆောက်၍ ပိုမို ကောင်းမွန်သည့် အခင်းအကျင်း တစ်ရပ် ဖြစ်လာစေရေး အတွက် ညှိနှိုင်း ဆောင်ရွက် သင့်ကြောင်း တိုက်တွန်း ရေးသား အပ်ပါသည်။

အယ်ဒီတာအဖွဲ့
နိုဝင်ဘာလ (၁၁) ရက် ၊ ၂၀၁၆

Leave a Reply