ရန်ကုန်၊ အောက်တိုဘာ ၃ ရက်။

မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် (SEZ) များ ဖော်ဆောင်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) လုပ်ဆောင်မှုအပိုင်းနှင့်လုပ်ထုံး၊ လုပ်နည်းများအရလည်း အားနည်းချက်များစွာ ရှိနေကြောင်း အထူးစီးပွားရေးဇုန်များမှ လူအခွင့်ရေးချိုးဖောက်မှုများကို လေ့လာစောင့်ကြည့်သည့် အဖွဲ့အစည်းများထံမှ သိရှိရသည်။

“အခုလုပ်နေတဲ့ SEZ တွေရှိတယ်။ တကယ်တော့ အကောင်ထည်ဖော်မဆောင်ရွက်ခင် EIA ကို အရင်ပြီးအောင်လုပ်ရမယ်။ ပြီးရင်ရလဒ်ကိုကြည့်ပြီး ဆက်လုပ်သင့်၊ မလုပ်သင့်ဖြစ်ရမှာ။ အခုဒီမှာကEIAလုပ်နေတယ်။ မပြီးသေးဘူး။ စီမံကိန်းလုပ်ဖို့ မြေယာတွေသိမ်းပြီးပြီး အဲဒီတော့ EIA က ဘယ်လိုရလဒ် ထွက်ထွက် ဆက်လုပ်မယ်ဆိုတဲ့ပုံစံဖြစ်နေတယ်။”ဟု အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မတီမှ ဥပဒေသုတေသီ ဦးဟေမန်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ၂၀၁၄ခုနှစ်SEZဥပဒေတွင်လည်း တိကျသောပြဌာန်းချက်များကို မတွေ့ရှိရဘဲ EIAလုပ်ဆောင်မှုမပြီးဆုံးခင် စီမံကိန်းအကောင်ထည်ဖော်ခြင်းမှာ လွဲမှားနေပြီးဥပဒေတွင်လည်း တိကျသောပြဌာန်းချက်များ မရှိသေးကြောင်း ဦးဟေမန်ဦးက ဆက်ပြောသည်။

၂၀၁၄ခုနှစ် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် အထူးစီးပွားရေးဇုန်ဥပဒေကို ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် နည်းဥပဒေကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“စီမံကိန်းမလုပ်ခင်ကထဲက ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်။ စီမံကိန်းလုပ်မယ့်နေရာက ဒေသခံတွေကို ဘယ်လိုနေရာချပေးမှာလည်း ပတ်ဝန်းကျင်ထိခိုက်မှုကို ဘယ်လိုကာကွယ်ပေးမှာလည်း ဒါတွေက သေချာရှင်းရှင်းလင်းလင်းသိထားဖို့ လိုအပ်တယ်။ ”ဟု Myanmar Center For Responsible Business (MCRB) မှ Research and Outreach Manager ဒေါ်နှင်းဝတ်ရည်က ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်(၃)ခုဖြစ်သည့် ထားဝယ်၊ ကျောက်ဖြူ၊ သီလဝါတို့ကိုဖော်ဆောင်နေခြင်းဖြစ်ကာ လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများလည်းရှိနေကြောင်း အထူးစီးပွားရေးဇုန်များမှ လူအခွင့်ရေးချိုးဖောက်မှုများကို လေ့လာစောင့်ကြည့်သည့် အဖွဲ့အစည်းများထံမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှလက်ခံကျင့်သုံးနေသည့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အခွင့်ရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးထားပြီး စာချုပ်တွင် စီးပွားရေးလုပ်ငန်းများကြောင့် ရွှေ့ပြောင်းရနေထိုင်ရမည့်သူများကို လူအခွင့်ရေးနှင့်အညီ ပြန်လည်ထူထောင်မှုများ ပြုလုပ်ပေးရမည့်အချက်လည်း ပါဝင်ကြောင်း သိရသည်။

Written by – MMK

Leave a Reply