မြဝတီ၊ မေ ။     ။ မြဝတီမြို့တစ်ဖက်ကမ်းမှ မဲဆောက်မြို့နယ်အတွင်း သွားရောက်လုပ်ကိုင်နေကြသော အထောက်အထားမစုံသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၅၀ ကျော် ဖမ်းဆီးခံထားရကြောင်း မြန်မာနိုင်ငံသားများအရေးပူးတွဲလှုပ်ရှားရေးကော်မတီ(JACBA)ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။

“စာရွက်စာတမ်းတစ်ခု လိုတာကိုပဲ ဘတ်ငွေ သုံးထောင်ကနေ ငါးထောင်ထိ ကောက်ခံနေတဲ့ကိစ္စ ကန့်ကွက်ပြီး နောက်နောင် မပြုလုပ်ဖို့ သွားရောက်တိုင်တန်းခဲ့တယ်၊ အဲဒီနောက်ပိုင်းမှ ခုလိုဆက်တိုက်ဖမ်း ဆီးမှုရှိလာတာဟာ ထိုင်းရဲတွေက  နိုင်ရာစားသဘောမျိုး လုပ်လာတယ်လို့ သံသယရှိလာတယ်၊ အလုပ်ရှင်တွေကိုတော့ ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူတာမျိုးမတွေ့ရဘူး”ဟု ဦးမိုးကြိုးက ပြောသည်။

မြို့တွင်းစက်ရုံများတွင် ဝင်ရောက်ဖမ်းဆီးခြင်းမဟုတ်ဘဲ မဲဆောက်မြို့ပတ်လည် ဆင်ခြေဖုံးရပ်ကွက်များမှာရှိသည့် တစ်နိုင်တစ်ပိုင်အလုပ်ရုံများ၊ အလုပ်သမားတန်းလျားများ၌ ရှောင်တခင် ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း ယင်းက ပြောသည်။

ဖမ်းဆီးခံရသော အလုပ်သမားများကို မဲဆောက်မြို့နယ်တရားရုံးသို့ ပို့ဆောင်ပြီး အလုပ်သမားဥပဒေနှင့် အညီ မဆောင်ရွက်သော အလုပ်သမားများကို အမှုအလိုက် ဒဏ်ငွေ ဘတ် ၁၀၀၀မှ ၃၀၀၀ ထိ ပေးဆောင်စေကာ လုံးဝအထောက်အထားမရှိသည့် အလုပ်သမားများအား ထောင်ချခြင်းများ ပြုလုပ်ခဲ့ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်သူများထံမှ သိရသည်။

မဲဆောက်မြို့တွင်  မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သိန်းခွဲခန့်ရှိပြီး ထိုင်းအလုပ်သမား ရှာဖွေခန့်ထားရေးရုံးတွင် တရားဝင်မှတ်ပုံတင်ထားသည့်စာရင်း ရှစ်သောင်းကျော်သာရှိကြောင်း မြန်မာနိုင်ငံသားများအရေးပူးတွဲလှုပ်ရှားရေးကော်မတီ(JACBA)မှ သိရသည်။

Written by – ဆုလာဘ်

Leave a Reply