အဓမ္မပြုကျင့်သူ ညီအစ်ကိုသုံးဦး ထောင်ဒဏ် နှစ် ၂၀ စီ ကျ

မော်လမြိုင် ဇန်နဝါရီ

ကရင်ပြည်နယ် မြဝတီမြို့တွင် ဉာဏ်ရည်မမီသူ ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ညီအစ်ကိုသုံးဦးကို မြဝတီခရိုင်တရားရုံးက ဇန်နဝါရီ ၁၅ ရက်တွင် ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း မြဝတီမြို့မရဲစခန်းမှတစ်ဆင့် သိရသည်။

ဖြစ်စဉ်မှာ  အဆိုပါမိန်းမငယ်သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၆ ရက် ည ၁၀ နာရီခန့်က နေအိမ်၌ ရှိနေစဉ် နေအိမ်ရှေ့နေသူ  ကျော်မျိုးဦး(ခ) ဘာကယ်(၃၀-နှစ်)၊ ကျော်ဝေဦး(ခ)ကမာဖိုး(၂၇-နှစ်)နှင့် ကျော်မင်းဦး(ခ) အိုမယ်(၂၄-နှစ်) တို့ ညီအစ်ကို သုံးဦး ရောက်ရှိလာပြီး အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သဖြင့် အဒေါ်ဖြစ်သူက မြဝတီမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ တိုင်ကြားမှုအပေါ် ဇန်နဝါရီ ၃၀ ရက်တွင်  မြဝတီမြို့မရဲစခန်းမှ (ပ)၈၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ၃၇၆ အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။

မြဝတီမြို့မရဲစခန်းမှ တစ်ဆင့် ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ၎င်းတရားရုံးက အမှုအမှတ် ၃၃/၂၀၁၈ဖြင့် လက်ခံ စစ်ဆေးခဲ့ပြီး  ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့်  ထောင်ဒဏ် နှစ် ၂၀ စီ အသီးသီး ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.