ရေနှစ်မုဒိမ်းဖြစ်သည့် နေရာမြင်ကွင်း။

မော်လမြိုင် နိုဝင်ဘာ

မော်လမြိုင်မြို့ သာယာအေးရပ်ကွက် လှိုင်ရတနာလမ်းဘေး ရေကန်အတွင်း၌ ၈ နှစ် အရွယ် ကလေးမ တစ်ဦး လွန်ခဲ့သော နှစ်ပတ်ခန့်က သေဆုံးနေမှုဖြစ်စဉ်တွင် အဓမ္မပြုကျင့်ပြီး ရေနှစ်သတ်ခဲ့သည်ဟု မသင်္ကာမှုဖြင့် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ဇေယျာသီရိနယ်မြေရဲစခန်းတွင် နိုဝင်ဘာ ၁ ရက်က ထိန်းသိမ်းစစ်ဆေးခံနေရသည်။

“ရဲစခန်းက နိုဝင်ဘာ ၁ ရက် ညဦးပိုင်းက ခေါ်သွားတာ ခုထိ လွှတ်မပေးသေးဘူး။ ဒီနေ့ (နိုဝင်ဘာ ၂ ရက် ) ညနေပိုင်းလောက်က ရဲစခန်းကို သွားမေးကြည့်တော့ စမ်းကြီးက လူငယ်သင်တန်းကျောင်းကို ပို့ထားတယ်လို့ သိခဲ့ရတယ်”ဟု ထိန်းသိမ်းခံထားရသူ၏ မိခင်လည်းဖြစ် သေဆုံးသူကလေးငယ်ကို မွေးစားထားသူလည်းဖြစ်သည့် ၎င်းက ဟင်္သာသို့ ပြောသည်။

အုတ်ဖုတ်ရန် မြေတူးဖော်ထားသော ကန်အတွင်း မိန်းကလေးငယ်တစ်ဦး ရေနစ်သေဆုံးနေသဖြင့် အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် မော်လမြိုင်လူမှုကယ်ဆယ်ရေး Rescue အဖွဲ့က မော်လမြိုင် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ သေဆုံးသူမှာ ပထမတန်းကျောင်းသူတစ်ဦးဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ မွေးစားအမိ ၊ ထိန်းသိမ်းခံရသူ၏ မိခင်ရင်း ပြောပြချက်အရ သမီးဖြစ်သူမှာ အောက်တိုဘာ ၁၈ ရက် ည ၁၀နာရီခန့်က ပျောက်ဆုံးသွားခဲ့သဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ကြောင်း၊ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ လူပျောက် အမှုဖွင့်လှစ် တိုင်ကြားခဲ့ကြောင်း ၊ ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် နေအိမ်နှင့် ၃ ဖာလုံခန့် အကွာရှိ ယင်းရေကန်အတွင်း၌ ရေနစ်သေဆုံးနေသော အလောင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီကလေးကို ကျွန်မ မွေးမထားရပေမယ့် ၃ လအရွယ်ကတည်းက ကလေးရဲ့မိဘတွေ ပစ်သွားလု့ိ သမီးအရင်းတစ်ယောက်လို ထိန်းသိမ်းစောင့်ရှောက်ပြီး ပညာသင်ပေးခဲ့တယ်” ဟု ၎င်းက ပြောသည်။ သေဆုံးခဲ့သည့် မိန်းကလေးငယ်မှာ တူမအဖြစ်လည်း သွေးသားတော်စပ်ကြောင်း သိရသည်။

မျက်မြင်တွေ့ရှိခဲ့သည်ဆိုသူ လူငယ်တစ်ဦးက ဖြစ်စဉ်မတိုင်မီ အောက်တိုဘာ ၁၈ ရက် ည ၁၁ နာရီခန့်က ဖူဆယ်ကွင်းတွင် ဘောလုံးကန်ပြီး အိမ်ပြန်လာစဉ် အခင်းဖြစ်ပွားရာ ရေကန်အနီးလမ်းထိပ်တွင် အင်္ကျ ီအနီဝတ် မိန်းကလေးငယ်တစ်ဦးနှင့် ယောကျ်ားလေးတစ်ဦးကို တွေ့မိခဲ့ကြောင်း ပြောဆိုသည်။

ဇေယျာသီရိနယ်မြေရဲစခန်းမှူး ရဲအုပ်မောင်ဝင်းက “မှုခင်းဆရာဝန်ကြီးရဲ့ ဆေးစစ်ချက်အရ မိန်းကလေးငယ်မှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ ကလေးငယ်ရဲ့အမျိုးသမီးအင်္ဂါမှာ လက်တလောသားမယားပြုကျင့်ခံထားရတဲ့ ဖူးရောင်ဒဏ်ရာတွေ့ပြီး ရေနစ်သေဆုံးတယ်လို့ စစ်ဆေးတွေ့ရှိလို့ မုဒိမ်းမှုနဲ့ လူသတ်မှုပုဒ်မနဲ့ ပြောင်းလဲစုံစမ်း စစ်ဆေးနေတာ”ဟု ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ မသင်္ကာသဖြင့် မိန်းကလေးငယ်၏ မွေးစားအစ်ကို ၁၃ နှစ်ခန့်အရွယ် ဝင်းထွန်းဆိုသူကို ဇေယျာသီရိနယ်မြေရဲစခန်းက နိုဝင်ဘာ ၁ ရက်၌ (ပ) ၄၂၃ / ၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/ ၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

ခေတ်မင်း

Leave a Reply