မော်လမြိုင်၊ မေ ၃၁

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့အနီးတစ်ဝှိုက်ရှိကျေးရွားများအပါအဝင် ငွေစုလေလံမဲ မသမာမှုကိစ္စတွင် အဓိကရုဏ်း အဆင့်ထိဖြစ်ပွားခဲ့ပြီးနောက် လမိုင်း ဘုရားလမ်းအနီးနေထိုင်သည့် ဒိုင်ဖြစ်သူ ဒေါ်ငြိမ်းချမ်း က နစ်နာသူများထံ ၈ ရာခိုင်နှုန်းလျော်ကြေးပြန် ပေးလိုက်ပြီးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ပထမရက်တော့ ၆ ရာခိုင်နှုန်း၊ ဒုတိယရက်ကျတော့ ၂ ရာခိုင်နှုန်း လျော်ကြေးပေးတယ်။ နစ်နာသူတွေ ကလည်း ရသလောက် ယူကြတာပေါ့လေ”ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးစိုးက ပြောသည်။

ယင်းလျော်ကြေးကိစ္စနှင့် ပတ်သက်၍ ပထမအကြိမ်တွင် နစ်နာသူ များအတွက် ကျပ်တစ်သိန်းကို ငွေခြောက်ထောင်ကျပ်နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်းပေါင်း ၁၂၀၀၀ ခန့်ကို လျော်ပေးခဲ့သော်လည်း ဒိုင်ဖြစ်သူ ဒေါ်ငြိမ်းချမ်း၏ လက်ထဲတွင် ကျပ်သိန်းပေါင်း (၆၀၀၀) ခန့်ကျန်ရှိနေသေးသည့်အတွက် တစ်သိန်းလျှင် ကျပ် (၂၀၀၀) နှုန်းဖြင့် ဒုတိယအကြိမ် ပြန်လည် ထုတ်ပေးခဲ့သည်။

“ကျွန်တော်အနေနဲ့ကတော့ ပြန်မရငွေပဲ ဘယ်လောက်ပဲ ရရပြန်ယူမှာပေါ့၊ ရသလောက်တော့ ယူမယ်။ ကျပ်သိန်းပေါင်းတစ်သောင်းရှစ်ထောင်ကျော် လျော်ကြေးပေးလိုက်တယ်”ဟု ဒေသခံများက ပြောကြသည်။

Online လေလံစုမဲ၏ လုပ်ငန်းသဘောမှာ ကနဦး ငွေကျပ် (၅) သိန်းထည့်ဝင်ပြီး တစ်ပတ်ပြည့်ပါက အတိုးနှင့် အရင်းပါ ငွေကျပ် (၇) သိန်းရကြောင်း၊ တချို့မှာ ငွေကျပ် (၃) သိန်းခန့်ထည့်ပြီး တချို့မှာလည်း ငွေကျပ်သိန်းရာနှင့်ချီပြီး ထည့်ဝင်ထားကြပြီး အထူးစုမဲ၊ အရေးပေါ်စုမဲစသည်ဖြင့် စုမဲ ပုံစံအမျိုးမျိုးရှိကြောင်း ငွေစုထည့်ဝင်ထားသူများက ရှင်းပြသည်။

အထူးစုမဲမှာလည်း (၃) ရက်စုမဲ၊ (၅) ရက်စုမဲရှိကြောင်း၊ အရေးပေါ်စုမဲအဖြစ် ယနေ့ငွေထည့်ပြီး နောက်နေ့ငွေပြန်ထုတ်လို့ရကြောင်း၊ ဥပမာ သိန်း (၁၀၀) ထည့်ထားပါက နောက်နှစ်ရက်တွင် ငွေကျပ်သိန်း (၁၂၀) ပြန်ရမည်ဖြစ်ကြောင်း ငွေစုထည့်ဝင်ထားသူများက ရှင်းပြသည်။

အဆိုပါ Online ငွေစုလေလံမဲကို လုပ်ငန်းအမည်နာမသတ်မှတ်ထားခြင်းမရှိဘဲ Group ဖြင့် ဖွဲ့စည်းပေး ထားကာ လမိုင်းမြို့တွင် IC Group နှင့် NNCC Group ဟူ၍ နှစ်ခုရှိကာ NNCC Group က မိငြိမ်းချမ်း ဦးဆောင်၍ IC Group ကို မခိုင်ရည်မွန်က ဦးဆောင်ခဲ့သည်။

လက်ရှိအခြေအနေတွင် ခရိုင်အဆင့် ၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်ခရိုင်ရဲတပ်ဖွဲ့မှူး ၊ ဒုတိယရဲမှူးကြီးသိန်း ထွန်းဦး ဦးစီး၍ မလိုလားအပ်သောပြဿများထပ်မံမပေါ်ပေါက်စေရေးအတွက် အနီးကပ်လုံခြုံရေးများချထားဆဲရှိနေသည်။

အောင်မြတ်

Leave a Reply