Photo - Dreamstime

မုဒိတာ (တောင်သာ)

ဆောင်းရာသီရောက်ပြီဆို မထိခိုက်မိအောင် သတိထား အနာရင်းတတ်တယ်ဆိုသောသတိပေးစကားကို ကျွန်မတို့ငယ်စဉ်ကတည်းကကြားဖူးခဲ့သည်။ဆောင်းရာသီရောက်သည့်အခါ ကျွန်မတို့၏အသားအရေသည် အရင်ကာလများနှင့်မတူဘဲ ခြောက်သွေ့လာသည်။အနာတစ်ခုခုဖြစ်လာလျှင်လည်း ပျောက်ဖို့ကြာတတ်သည်။

ဆောင်းရာသီသည် အပေါ်ယံအရေပြားကိုခြောက်သွေ့လွယ်သည့်အတွက် အရေပြားတွင်ဖြစ်လေ့ရှိသောအနာ၊ ဒဏ်ရာတွေအတွက် အနာကျက်ဖို့ကြာနိုင်သည်။အနာကျက်နှေးစေသည့်အကြောင်းများတွင် ကျွန်မတို့ခန္ဓာ ကိုယ်၏သွေးလည်ပတ်မှုနှင့်လည်း များစွာသက်ဆိုင်နေသည်။ရာသီဥတုကလည်းအေး၊လူကလည်း မလှုပ်ရှား ဘဲနေသည့်အခါ ကိုယ်အတွင်းကသွေးလည်ပတ်မှုသည်လည်း နှေးကွေးသွားသည်။သွေးလည်ပတ်မှုနှေးကွေး သွားသည့်အတွက် အနာတဝိုက်တွင် အောက်ဆီဂျင်မရတော့ဘဲ အနာကျက်နှေးသွားခြင်းဖြစ်သည်။

သို့ဖြစ်ပါသောကြောင့် ဆောင်းရာသီတွင် ထိခိုက်ရှနာတစ်ခုခုဖြစ်ပွားလာလျှင် အနာကျက်မြန်ဖို့လှုပ်လှုပ်ရှား ရှားလုပ်ပေးဖို့လိုအပ်သည်။အနာဖြစ်နေပါတယ်ဆို ဘယ်လိုလှုပ်ရှားမှုမျိုးတွေပြုလုပ်ရမှာလဲဟုမေးလာနိုင်ဖွယ် ရှိသည်။ ဥပမာ လမ်းလျှောက်ခြင်း၊ယောဂကျင့်ခြင်းများဖြင့် အနာကိုအမြန်ကျက်စေနိုင်သည်။

ဆောင်းရာသီတွင်သာမက အခြားရာသီများတွင် အနာတစ်ခုဖြစ်လာလျှင် အနာကျက်နှေးစေသောအကြောင်းအရာကို ဝေမျှပေးလိုသည်။အနာတစ်ခုခုဖြစ်လာပြီဆိုလျှင် ပြင်ပမှဖုန်မှုန့်များ၊အမှိုက်များနှင့်အခြားညစ်ပတ်စရာ များမဝင်စေရန်ဂရုပြုပေးရမည်။အနာဖေးတက်လာတိုင်းခွာသည့်အလေ့အကျင့်ကိုလည်းဖျောက်ထားသင့်သည်။ အနာဖေးဆိုသည်မှာ အနာမကျက်ခင်ကာလအတွင်း ပြင်ပကမလိုလားအပ်သောဘက်တီးရီးယားတွေ အနာထဲ မဝင်အောင် ကာကွယ်ပေးထားသောအရာများဖြစ်သည်။အများစုသည်အနာဖြစ်သည့်အခါ အငြိမ်မနေဘဲခွာ လေ့ရှိကြသည်။ယင်းသို့အနာဖေးခွာရာမှ အနာကျက်နှေးသည့်အပြင် အမာရွတ်ကိုပါဖြစ်စေနိုင်သည်။အနာ ကိုပလာစတာ၊ပတ်တီစည်းများပြုလုပ်ရာတွင်လည်း အလွန်တင်းနေခြင်းမျိုးမဖြစ်ဖို့လိုအပ်သည်။

အနာကျက်မြန်စေဖို့ သက်ဆိုင်ရာဆရာများညွှန်ကြားထားသော လိမ်းဆေး၊သောက်ဆေးများကိုဆေးပတ် လည်အောင်သောက်ပေးသင့်သည်။အရက်သောက်တတ်သူများအဖို့အနာဖြစ်နေချိန်တွင် အရက်သောက်ခြင်း ကိုရှောင်ကြဉ်ထားသင့်သည်။အရက်သောက်ခြင်းသည် ခန္ဓာကိုယ်အတွက်အရေးပါသော သွေးဖြူဥဆဲလ်များကို လျော့ကျစေသည်။ဆေးလိပ်သောက်တတ်သူများသည်လည်း အနာတစ်ခုခုဖြစ်နေချိန်တွင် ဖြတ်ထားဖို့လိုအပ် သည်။ ဆေးလိပ်သောက်ခြင်းသည် အနာကျက်နှေးစေသည်။ဆေးလိပ်အတွင်းတွင်ပါသောနီကိုတင်းလိုမျိုး ဓာတ်များသည် အနာကိုခဏခဏပြန်ဖြစ်စေတတ်သည်။ကိုယ်ခံအားစနစ်နည်းနေသည့်အချိန်တွင်လည်း အနာကျက်နှေးခြင်းမျိုးဖြစ်နိုင်သည်။

အနာကျက်နှေးစေသောအကြောင်းများတွင် ဆီးချိုသည်လည်းတစ်ခုအပါအဝင်ဖြစ်သည့်အတွက် ဆီးချိုရှိမရှိ စစ်ဆေးပေးသင့်သည်။အကယ်၍မိမိတွင် ဆီးချိုရှိနေပါက အနာတစ်ခုခုဖြစ်လျှင်ပိုးဝင်လွယ်ခြင်း၊သွေးကြောပိတ် ခြင်း၊အနာမကျက်ခြင်းတို့မဖြစ်စေဖို့ အထူးဂရုပြုပေးဖို့လိုအပ်သည်။

အနာကျက်မြန်ခြင်းနှေးခြင်းသည် အသက်အရွယ်ပေါ်တွင်လည်းမူတည်လျက်ရှိသည်။အသက်အရွယ်ကြီးသူ များတွင် သွေးဖြူဥများ၊ကော်လာဂျင်အမျှင်များအားနည်းနေတတ်သည်မို့အနာကျက်နှေးနိုင်သည်။မိမိတို့ သုံးစွဲသောဆေးများ(စတီးရွိုက်၊ထိုးဆေး)များကြောင့် အနာကျက်ခြင်းဖြစ်စဉ်ကိုနှေးကွေးနိုင်သည်။

အနာဖြစ်နေသည့်အချိန်တွင် ဗီတာမင်အေနှင့်စီဓာတ်တို့ပါသော သစ်သီးများနှင့်ဟင်းသီးဟင်းရွက်များကိုဦး စားပေးစားသုံးသင့်သည်။အနာကျက်ခြင်းဖြစ်စဉ်ကို အားပေးကူညီနိုင်သောအစားအစာအချို့ကိုဝေမျှပေးလို သည်။

-နို့ထွက်ပစ္စည်းများ
နွားနို့၊ဒိန်ချဉ်ကဲ့သို့ နို့ထွက်ပစ္စည်းများသည် ပရိုတင်းနှင့်ဇင့်ဓာတ်ကြွယ်ဝသောကြောင့်အနာကျက်ခြင်းကိုမြန် ဆန်စေသည်။

-အသားများ
ပရိုတင်းနှင့်ဇင့်ဓာတ်များပါဝင်သော အသားများစားပေးခြင်းဖြင့် အနာကျက်ခြင်းဖြစ်စဉ်ကို မြန်ဆန်စေသည်။ပရို တင်းဓာတ်သည် တစ်ရှုးများကြီးထွားမှုနှင့် ကြွက်သားထုတည်ဆောက်ခြင်းတွင် အရေးပါလှသည်။

-ဗီတာမင်စီ
ဗီတာမင်စီက အနာကျက်ခြင်းနှင့်အမာရွတ်တစ်ရှုးများဖြစ်ပေါ်ခြင်းအတွက် မရှိမဖြစ်လိုအပ်သောဓာတ်တစ်မျိုး ဖြစ်သည်။ကျွန်မတို့မြန်မာတိုင်းရင်းဆေးပညာတွင် နွေချို၊မိုးခါး၊ဆောင်းချဉ်ဆိုသောစာစုလေးရှိသည်နှင့်အညီ ဗီတာမင်စီသည် အချဉ်ဓာတ်ရှိသောကြောင့်ဆောင်းကာလတွင် အနာကျက်မြန်စေရန်အတွက်စားသုံးပေးသင့် သောဓာတ်တစ်မျိုးပင်ဖြစ်သည်။

ဗီတာမင်စီသည် အရေပြားတွင်ကော်လဂျင်များဖြစ်ပေါ်ရန်အတွက် လိုအပ်သည့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ် ခုလည်းဖြစ်သည်။ဗီတာမင်စီသည် ခုခံအားစနစ်အတွက်အရေးကြီးသကဲ့သို့ ကယ်လ်ဆီယမ်နှင့်သံဓာတ်တို့ကို စုပ်ယူခြင်းဖြစ်စဉ်တွင် အရေးပါလှသည်။အနာဖြစ်သူများတွင်သာမက ၊ဆေးလိပ်သောက်သူများသည်လည်း ဗီတာမင်စီကို လုံလောက်ကြွယ်ဝအောင် စားသုံးပေးသင့်သည်။

-နနွင်း
မီးဖိုချောင်တွင်မရှိမဖြစ်သော နနွင်းသည်လည်း အနာများကိုကုသရန်အတွက် အရေးပါလှသည်။နနွင်းတွင်ပါ သောCurcumin ဟုခေါ်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းသည် ရောင်ရမ်းခြင်းကိုလျော့ကျစေသည်။အနာကျက် ခြင်းဖြစ်စဉ်ကိုလည်း မြန်ဆန်စေသည်။မိမိတို့အသုံးပြုမည့် နနွင်းသည်စိတ်ချရမှုရှိမရှိ၊စစ်မစစ်ကိုတော့စစ်ဆေး ဖို့လိုအပ်သည်။

-ကြက်ဥ၊ဘဲဥ
ကြက်ဥအကာတွင် ပရိုတင်းဓာတ်အမြောက်အများပါဝင်သကဲ့သို့ကြက်ဥ၏အနှစ်သည်လည်း ဗီတာမင်အများ အပြားပါဝင်သည်။ကြက်ဥတွင် ဗီတာမင်အေ၊ဗီတာမင်ဒီ၊ဇင့်ဓာတ်တို့ပါဝင်ခြင်းကြောင့်အနာဖြစ်နေသည့်အချိန် တွင်အနာကျက်မြန်စေရန် ကြက်ဥ၊ဘဲဥတို့ကိုစားပေးနိုင်သည်။

အနာတစ်ခုခုဖြစ်လာလျှင်အထက်ကဆိုခဲ့သည့်အတိုင်း အနာဖေးခွာခြင်း၊အနာကိုပတ်တီးစည်းရာတွင်တင်း ကြပ်ခြင်းမဖြစ်ဖို့ဂရုစိုက်ပေးရန်နှင့် ဗီတာမင်အီး၊အေ၊ဒီနှင့်သတ္ထုဓာတ်များဖြစ်သည့် ဇင့်၊သံ၊မဂ္ဂနီဆီယမ်တို့ ပါသောအစားအစာများကိုစားပေးခြင်းဖြင့် အနာကျက်ခြင်းကိုမြန်စေမည်ဖြစ်သည်။

မုဒိတာ (တောင်သာ)

 

Leave a Reply