အနိဋ္ဌာရုံမြင်ကွင်းသည် ဖျော်ဖြေတင်ဆက်စရာ မဟုတ်

အယ်ဒီတာ့ အာဘော်

သွေးသံရဲရဲ မြင်ကွင်းများအပါအဝင် လူတစ်ဖက်သားဂုဏ်သိက္ခာ ယိုယွင်းထိခိုက်စေမည့် လှုပ်ရှားမှုပုံရိပ်များ၊ အနိဋ္ဌာရုံ ရုပ်သံဖိုင်များကို ရိုက်ကူးမှတ်တမ်းတင်ကာ ဖေ့စ်ဘုတ်ခ် အစရှိသည့် လူမှုကွန်ရက်စာမျက်နှာများထက် တွင်တွင်ကျယ်ကျယ် လွှင့်တင်ဖြန့်ဝေနေခြင်းမျိုးကို ယခုနောက်ပိုင်း ခပ်စိပ်စိပ် မြင်တွေ့ကြားသိလာရသည်။

မိမိကိုယ်တိုင် မရိုက်ကူး မှတ်တမ်းမတင်ခဲ့စေကာမူ သူတပါး ရိုက်ချက်နှင့် တင်ပြမှုများကို ကျယ်ပြန့်စွာ ဖြန့်ဝေပေးခြင်းမျိုးလည်း မရှုချင့်အဆုံး မြင်တွေ့နေကြရပြီးဖြစ်သည်။

အဓမ္မပြုကျင့်ခံ အသတ်ဖြတ်ခံလိုက်ရသည့် အမျိုးသမီး၊ ကလေးငယ်တို့၏ ပိုးစိုးပက်စက် မမြင်ဝံ့ဖွယ် ဖြစ်ပျက်သေဆုံးနေသည့် အလောင်းကို မျက်နှာပါမချန် ရိုက်ကူးတင်ပြ ဖြန့်ဝေခြင်းကြောင့် မူလထိခိုက်နာကျင်သည်ထက် နှစ်ဆ လွန်ကဲ အရှက်တကွဲ အကျိုးနည်းဖွယ် ကြုံတွေ့သွားရသည်များလည်း မြင်တွေ့နေရသည်။

သေဆုံးသူ ကာယကံရှင်ကို မငဲ့ကွက်နိုင်သည်ထား၊ ကျန်ရစ်သူမိသားစု၏ စိတ်ခံစားမှုအခြေအနေကိုပင် မထောက်ရှု မချင့်ချိန်နိုင်ကြတော့ပြီလား မေးခွန်းထုတ်စရာပင်။

ယင်းသို့ နှစ်ခါနာခဲ့ရသည့် မိအေးများအနက် အချို့မှာ အရွယ်မတိုင်၊ အသက်မပြည့်သေးသည်သာမက ဆယ်နှစ်အောက် ကလေးငယ်များပင် ပါဝင်နေသည်ကို ထိတ်လန့်စဖွယ် မြင်တွေ့ခဲ့ကြရသည်။

မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်သွားသူ၏ နောက်ဆုံးအခြေအနေ၊ လူမဆန်စွာ သတ်ဖြတ်လုပ်ကြံခံလိုက်ရသူ၏ ပိုးလို့ပက်လက် ကိုယ်ဟန်အနေအထား၊ ယာဉ်တိုက်မှုအပါအဝင် မတော်တဆဖြစ်စဉ်များ၏ နောက်ဆက်တွဲဂယက် ပုံရိပ်များကို မြိန်ရေယှက်ရေ ရိုက်ကူးဖြန့်ချိနေခြင်းများမှာ လက်ချိုးရေတွက် မဆုံး ရှိခဲ့သည်။

လေယာဉ်ပျက်ကျ၍ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရသည့် သက်မဲ့ခန္ဓာကို ရိုက်ကူးဖြန့်ဝေကြခြင်းများ အတိုင်းထက်အလွန် များပြားပျံ့နှံ့ခဲ့ရာ ကျန်ရစ်သူမိသားစုဝင် ဇနီးသည်က ရင်နင့်ကြေကွဲစွာ တားမြစ်ယူရသည်အထိလည်း ဖြစ်ပွားခဲ့သည်။

အသက် ၁၀၀ မနေရသော်ငြား အမှု ၁၀၀ ပွေရသူချင်းအတူတူ လူဆိုသည်မှာ မိမိသာ အမှုတစ်စုံတစ်ရာ မကြုံချင်ရှိရမည်၊ သူတစ်ပါး ဖြစ်ပျက်ကြုံတွေ့ရသည်ကို စိတ်ဝင်တစား ရှိတတ်သည်မှာ လူ့မနော လူ့စရိုက်ပင်။

ယင်းတို့နှင့် ကြုံကြိုက်လျှင် ပုံရိပ်များကို လက်မလွတ်တမ်း ရယူကာ တစ်ကိုယ်ရည်အပေါ် ဖြစ်စေ၊ အဖွဲ့အစည်းတစ်ရပ်ရပ်အပေါ်ဖြစ်စေ လူအများ စိတ်ဝင်စားမှု ဒီရေ ထိုးတက် အာရုံစူးစိုက် ညွှတ်ကျလာစေရန် ရည်ရွယ်ချက်ရှိရှိ အသုံးချနေသူများလည်း မိမိတို့အနီးမှာပင် လှည့်ကြည့်၍မျှ မကုန်နိုင်အောင် ပေါများလှဘိခြင်း။

ရေပန်းစားနိုင်သည့် ဖြစ်ရပ်ကို တင်ပြဖြန့်ဝေရာမှ မိမိပါ ထင်ရှား လူသိများသွားခြင်းမျိုးကို သွားရည်ယို တပ်မက်နေသူတွေလည်း မရှားလှချေ။

အနိဋ္ဌာရုံမြင်ကွင်းသည် ဖျော်ဖြေတင်ဆက်စရာ မဟုတ်ပါ။ အနိဋ္ဌာရုံမြင်ကွင်းသည် မိမိနာမည်၊ မိမိအဖွဲ့အစည်း စွမ်းဆောင်ချက်ကို ကြော်ငြာနိုင်သည့် အခွင့်အလမ်း မဟုတ်။ အနိဋ္ဌာရုံမြင်ကွင်းသည် ကာယကံရှင်အတွက်ရော ကြည့်ရှုမြင်တွေ့သူအတွက်ပါ ရလဒ်ကောင်း နတ္ထိ။

သို့သော် လူ့အတ္တဆိုသည်မှာ မျက်ရည်ခံထိုး၍ပင် အသနားခံ တားဆီးနိုင်သည် မဟုတ်ပြန်ချေ။ မေတ္တာရပ်ခံနိုင်စွမ်းသည် မဟုတ်ပြန်ပါလေ။

မည်သို့ပင်ဆိုစေ အနိဋ္ဌာရုံမြင်ကွင်းများအပြင် အံ့သြဖွယ် ရှားပါးပုံရိပ်များကို ဖြန့်ဝေတင်ဆက်တော့မည်ဆိုပါက မိမိသည်လည်း အသက်နှင့် ထပ်တူ အရှက်သည် အရေးကြီးသည်ဖြစ်၍ စက္ကန့်ပိုင်းမျှ အချိန်ပေး၍ အကျိုး အပြစ် ချင့်ချိန်ယှဉ်ထိုးလျက် သတိ သံဝေ၊ ပွားနိုင်ကြစေလိုကြောင်း ဟင်္သာက တိုက်တွန်းနှိုးဆော်လိုရင်း အကြောင်းရင်းခံပင်။ ။

အယ်ဒီတာ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.