အနိမ့်ဆုံး လုပ်ခ လစာ ရမရ စိစစ်ရေး စီမံချက် စတင်

ပုံစာများ - ဝန်ထမ်းများအား စားရေးသောက်တာနှင့် နေရေးထိုင်ရာ စီစဉ်ပံ့ပိုးပေးထားသည်ဟု သိရသော အထည်ချုပ်လုပ်ငန်းခွင် မြင်ကွင်းအချို့။

တစ်လ အခြေခံ လစာ ကျပ် ၁၄၄၀၀၀ မရပါက တိုင်ကြားနိုင်

ပြန်လည် ပြင်ဆင် သတ်မှတ်ထားသည့် အနည်းဆုံး အခကြေးငွေ နှုန်းထားအတိုင်း အလုပ် သမားများ ရရှိခြင်း ရှိ မရှိကို စီမံချက်ဖြင့် စစ်ဆေးမှု စတင်နေပြီ ဖြစ်သည်။

ပုံစာများ – ဝန်ထမ်းများအား စားရေးသောက်တာနှင့် နေရေးထိုင်ရာ စီစဉ်ပံ့ပိုးပေးထားသည်ဟု သိရသော အထည်ချုပ်လုပ်ငန်းခွင် မြင်ကွင်းအချို့။

အနည်းဆုံး အခကြေးငွေ သတ်မှတ်မှုကို ပြီးခဲ့သည့် မေ ၁၄ ရက် ပြည်ထောင်စု အစိုးရအဖွဲ့မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ပြောင်းလဲ သတ်မှတ်မှုအရ အလုပ်သမား ၁၀ ယောက်နှင့် အထက်ရှိသော ပုဂ္ဂလိက အလုပ်ရုံ၊ စက်ရုံများ၊ လုပ်ငန်းများမှ အလုပ်သမား တစ်ဦးလျှင် အနည်းဆုံး တစ်ရက်လျှင် ကျပ် ၄၈၀၀၊ တစ်လ ကျပ် ၁၄၄၀၀၀ ရရှိရမည်ဖြစ်သည်။

ယင်းအခကြေးငွေတွင် ခရီးစရိတ်အပါအဝင် အခြား ခံစားခွင့်များ ပါဝင်ခြင်း မရှိစေရဟု ဥပဒေ၌ သတ်မှတ်ထား၏။

အလုပ်သမားညွန်ကြားမှု ဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က အစိုးရမှ အနည်းဆုံး အခကြေးငွေ သတ်မှတ်ပြီးနောက်လည်း အချို့အလုပ်ရုံများက ပေးဆောင်ခြင်း မရှိသဖြင့် ပြည်နယ်နှင့်တိုင်းအလိုက် စစ်ဆေးမှုများ လုပ်ဆောင်ရန် ညွှန်ကြားရခြင်း ဖြစ်သည်ဟု သတင်းမီဒီယာများကို ပြောဆိုထားသည်။

မွန်ပြည်နယ်အတွင်း အနည်းဆုံး အခကြေးငွေ စိစစ်မှု အခြေအနေကို မော်လမြိုင်မြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မင်းဝေက ယခုလို မှတ်ချက်ပြု၏။

“ကြေညာချက်ထုတ်ပြီးကတည်းက လုပ်ငန်းရှင်တွေကို စာထုတ်ထားတယ်၊ စစ်ထားသလောက်တော့ ပေးထားတာ များတယ်၊ အရေးယူတာ မရှိသေးဘူး”ဟု ၎င်းထံမှသိရသည်။

ပုံစာများ – ဝန်ထမ်းများအား စားရေးသောက်တာနှင့် နေရေးထိုင်ရာ စီစဉ်ပံ့ပိုးပေးထားသည်ဟု သိရသော အထည်ချုပ်လုပ်ငန်းခွင် မြင်ကွင်းအချို့။

ဆက်လက်၍ “အခုကတော့ အသိပညာပေး ဆွေးနွေးနေတယ်၊ ဒီမှာတော့ ပေးတာတော့ များတယ်၊ ရှိသမျှလုပ်ငန်းတွေတော့ ပေးနေကြတယ်၊ ဒါပေမယ့် ယူဆချက်တွေ မှားတာတွေ ရှိတယ်၊ အနည်ဆုံး ခကြေးငွေ မပြည့်ဘဲ အခြား စားသောက် စရိတ်တွေ ပိုပေးထားတာ ရှိတယ်”ဟု ဆိုသည်။
အနည်းဆုံး အခကြေးငွေ ပြည့်မီခြင်း မရှိဘဲ အခြား ခံစားခွင့်များ တိုးပေးထားသည့် လုပ်ငန်းများကို သတ်မှတ်နှုန်းထားအတိုင်း ပေးဆောင်ရန် ပြန်လည် ညွှန်ကြားထားကြောင်း ပြောသည်။

“ပြည့်မီအောင် ပြန်ပေးခိုင်းတယ်၊ သူတို့က မမှန်ကန်ရင်တော့ တိုင်ကြားရင် တရားစွဲလို့ ရတယ်၊ အခုတော့ မရှိသေးဘူး၊ ထောင်ဒဏ်ငွေ ဒဏ်တွေ ရှိတယ်”ဟု ၎င်းက ဆိုသည်။

စစ်ဆေးရာတွင် သက်ဆိုင်ရာ အလုပ်ရုံ၊ စက်ရုံတို့၏ ရုံးမှတ်တမ်းများကို ရယူပြီး အခြေခံလစာ ပြည့်မီ ခြင်း ရှိ မရှိကို အဓိထား စစ်ဆေးလျက်ရှိကြောင်း ၎င်းက ပြောသည်။

အလုပ်ရှင်များက အနည်းဆုံး တစ်ရက် လုပ်အားခ ကျပ် ၄၈၀၀ ပေးဆောင်ခြင်း မရှိပါက အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနသို့ တိုက်ရိုက် တိုင်ကြားနိုင်ကြောင်း ဒေါ်မြတ်မင်းဝေက ဆိုသည်။

ပုံစာများ – ဝန်ထမ်းများအား စားရေးသောက်တာနှင့် နေရေးထိုင်ရာ စီစဉ်ပံ့ပိုးပေးထားသည်ဟု သိရသော အထည်ချုပ်လုပ်ငန်းခွင် မြင်ကွင်းအချို့။

အနည်းဆုံး အခကြေးငွေ ပေးချေမှုနှင့် ပတ်သက်ပြီး လုပ်ငန်းရှင် ဦးအောင်သက်ဌေးက “အခုက ဥပဒေထွက်လာပြီးဆိုတော့ ပေးနေရတယ်၊ ၅လ ပိုင်းလောက်ကတည်းက ပေးနေရတာ ၊ အားလုံးက သဘောတူထားတော့လည်း မပေးလို့ ရဘူး၊ ပေးရတာပေါ့”ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက “လုပ်ငန်းများများလည်ပတ်သူတွေ မသိသာပေမယ့် ကျွန်တော်တို့လို လုပ်ငန်းနည်းနည်းနဲ့ မလည်ပတ်နိုင်တဲ့ လုပ်ငန်းတွေက သိသာတာပေါ့၊ အဲလို မျိုးတော့ ရှိတယ်၊ အခက်အခဲ ရှိတယ်၊ အလုပ်တွေက သိတဲ့အတိုင်း နှေးနေတော့ အခက်အခဲတော့ ရှိတယ်”ဟု ပြော၏။

၎င်းတို့၏ ကုမ္ပဏီတွင် အောက်ခြေ ဝန်းထမ်းများကို တစ်ဦးလျှင် အနည်းဆုံး အခကြေးငွေ ကျပ် တစ်သိန်းခွဲနှင့် အထက် ပေးဆောင်ထားကြောင်း ဆိုသည်။

“ကျွန်တော်တို့ ကုမ္ပဏီမှာတော့ အားလုံး သတ်မှတ်ထားတဲ့ ၄၈၀၀ အတိုင်း ရကြပါတယ်၊ အခြား ကုမ္ပဏီတွေတော့ မသိဘူး”ဟု မော်လမြိုင် ကုမ္ပဏီ ဝန်ထမ်း တစ်ဦးက ဆိုသည်။

၂၀၁၃ က ပြဌာန်းထားသော အနည်းဆုံး အခကြေးငွေ ဥပဒေကို ဖောက်ဖျက်ပါ အောက်ပါ ပြစ်ဒဏ်များ ချမှတ်နိုင်သည်။

ယင်းဥပဒေ၏ အခန်း (၁၀) တားမြစ်ချက်နှင့် ပြစ်ဒဏ်အပိုင်းတွင် အလုပ်ရှင်သည် ပုဒ်မ ၂၂ (က) အရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေကို အလုပ်သမားအား ပေးဆောင်ရန် ပျက်ကွက်ခြင်း မရှိစေရဟု လည်းကောင်း၊ (ခ) ပုဒ်မ ၁၄ အရ အလုပ်သမား ရထိုက်ခွင့်ရှိသော အနည်းဆုံး အခကြေးငွေနှင့် အခြား ခံစားခွင့်များအောက် လျော့နည်း၍ အလုပ်သမား ပေးခြင်း မပြုရဟုလည်းကောင်း ပြဌာန်းထားသည်။

ထို့ပြင် အလုပ်သမားများ၏ စာရင်း၊ ဇယားနှင့် စာတမ်း အမှတ်အသားများ အခကြေးငွေစာရင်းများနှင့် စပ်လျဉ်း၍

(၁) မမှန်မကန် ရေးသွင်းခြင်း၊ လိမ်လည်၍ မှတ်တမ်းပြုစုခြင်း သို့မဟုတ် မမှန်မကန် လိမ်လည်၍ အစီရင်ခံခြင်း မပြုရ။

(၂) သက်ဆိုင်ရာ ဦးစီးဌာန သို့ သတ်မှတ်ချက်များနှင့် အညီ အစီရင်ခံ တင်ပြရန် ပျက်ကွက်ခြင်း မရှိစေရ။

(၃) စစ်ဆေးရေး အရာရှိက တောင်းခံသည့်အခါ တင်ပြရန် ပျက်ကွက်ခြင်း မရှိစေရ။

(၄) စစ်ဆေးရေး အရာရှိက ဆင့်ဆိုလျှင် သွားရောက် စစ်ဆေးခံရန် ခိုင်လုံသော အကြောင်းမရှိဘဲ ပျက်ကွက်ခြင်း မရှိစေရ။

(၅) တာဝန်အရ လာရောက် စစ်ဆေးသော စစ်ဆေးရေး အရာရှိအား ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုရဟု ရေးဆွဲ ပြဌာန်းထားသည်။

မည်သည့် အလုပ်ရှင်မဆို ပုဒ် ၂၂ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၅ သိန်း ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရမည်ဟုဖော်ပြထားသည်။

ထို့အပြင် အနည်းဆုံး အခကြေးငွေ အမိန့်ကြော်ငြာစာပါ စည်းကမ်းချက်ကို ဖောက်ဖျက်ခြင်း မပြုရန်၊ ဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေနှုန်းထားများအနက် မိမိတို့၏ အလုပ်သမားများနှင့် သက်ဆိုင်သော အနည်းဆုံး အခကြေးငွေနှုန်းထားများကို အလုပ်သမားများသိရှိစေရန် လုပ်ငန်းဌာနနှင့် လုပ်ငန်းခွင်တို့ရှိ အလုပ်သမားများ မြင်နိုင်မည့် နေရာ၌ မပျက်မကွက်ကြော်ငြာထားရန်လည်းပါဝင်သည်။

အဆိုပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူသည် ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ် ၃ သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရမည်။

ဥပဒေ၌ တရားရုံးဆိုင်ရာကိစ္စများကိုပါ ထည့်သွင်းပြဌာန်းထားပြီး သတ်မှတ်ထားသည့် အနိမ့်ဆုံးလုပ်ခလစာကို ပေးချေရန် ပျက်ကွက်သော လုပ်ငန်းရှင်အား ယင်းပမာဏကို ငွေဒဏ်အဖြစ်ကျခံစေ၍ သက်ဆိုင်ရာအလုပ်သမားထံပေးအပ်ရမည်ဟု လည်းပါဝင်သည်။

ထိုက်ထိုက်၊ စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.