ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ)က ဦးဆောင်၍ ယနေ့ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ - ခင်နှင်းဝေ / Myanmar Now)

အနီးကပ် ၁၀ ရက်ကို ၅ ရက်စီနှစ်ခါ ခွဲတက်ရမည့် အဝေးသင်ပညာရေး စနစ်သစ်ကို အလိုမရှိကြောင်း ရတနာပုံတက္ကသိုလ်တွင် ယနေ့ (အောက်တိုဘာ ၂၄) ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ)က ဦးဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“အဝေးသင် ပညာရေးစနစ်သစ် အလိုမရှိ” ၊အာဏာရှင်ဆန်သော ပညာရေးပြုပြင်ပြောင်းလဲမှု အလိုမရှိ”၊ငါး ရက်နှစ်ခါ ခွဲတက်ရသည့် အဝေးသင်ပညာရေးစနစ်သစ် အလိုမရှိ” ဟူ၍ ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ရတနာပုံတက္ကသိုလ်ဝင်းအတွင်း လှည့်လည်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး လူအင်အား ၅၀ ကျော် ပါဝင်ခဲ့ကြသည်။

အဝေးသင်ကျောင်းသားများမှာ အနီးကပ် ၁၀ ရက်တက်ပြီး စာမေးပွဲဖြေနေရသဖြင့် သင်ယူမှုနည်းလမ်း နည်းနည်းပြောင်းရန်လိုအပ်ကြောင်း၊ ကျောင်းအပ်ချိန်တွင် ရရှိမည့် စာအုပ်စာတမ်းများကို မည်သို့ ဖတ်ရှုလေ့လာရမည်ကို သိရှိနိုင်စေရန် မေလတွင် ပထမအကြိမ် သင်တန်း ၅ ရက် ပေးလိုက်မည်ဖြစ်ကြောင်း ယင်းနောက် အနီးကပ် ၅ ရက်ကို စာမေးပွဲဖြေရန် သင်ကြားမည်ဖြစ်ရာ ယခုထက်ပိုမို ကောင်းမွန်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အောက်တိုဘာလ ၁၆ ရက်နေ့က မီဒီယာများကို ဖြေကြားထားသည်။

“လက်မခံရတာက ကျောင်းနှစ်ခါခွဲတက်ရရင် ကုန်ကျစရိတ်များလာမယ်၊ ဝန်ထမ်းတွေဆိုရင် ခွင့်ပြဿနာတွေနဲ့ ရင်ဆိုင်ရမယ်၊ အဝေးက ကျောင်းသားတွေဆိုရင် အဆောင်အခက်အခဲတွေလည်းရှိမယ်၊ ဒါ့ကြောင့် ဒီအ‌ဝေးသင်ပညာ‌ရေးစနစ်ကို ကျွန်တော်တို့သဘောမတူဘူး” ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသ) မှ အဝေးသင်တာဝန်ခံ ကိုသူရိန်မိုးက ပြောသည် ။

အဝေးသင်ကျောင်းသားများသည် မေလတွင် Orientation (လေ့လာကျက်မှတ်မှု လမ်းညွှန်) ရက် နှင့် စာမေးပွဲမတိုင်မီ အနီးကပ် ရက် တက်ရမည့် စနစ်သစ်နှင့်ပတ်သက်၍ မေလ ရက်နေ့က ကျောင်းသားမဂ္ဂနှင့် ဆရာသမဂ္ဂတို့၏ သဘောထားမှတ်ချက်အား ပညာရေးဝန်ကြီးဌာနက တောင်းခံခဲ့ကြောင်း ကျောင်းသားသမဂ္ဂထံမှသိရသည်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ)က ဦးဆောင်၍ ယနေ့ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ - ခင်နှင်းဝေ / Myanmar Now)

ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ)က ဦးဆောင်၍ ယနေ့ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ – ခင်နှင်းဝေ / Myanmar Now)

ယင်းအဝေးသင်စနစ်သစ်ကို အဝေးသင်ကျောင်းသားများက ကန့်ကွက်‌နေသော်လည်း၂၀၂၀ ခုနှစ်တွင် စတင်ပြောင်းလဲရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည့်အတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ)မှ တွဲဖက်အတွင်းရေးမှူး ကိုမျိုးချစ်ဇော်ကပြောသည်။

ကျောင်းသားတွေက အဆင်မပြေတဲ့အတွက် ကန့်ကွက်တယ်။ အဲဒီမှာ ၀န်ကြီးဌာနက မလုပ်တော့ဘူးဆိုပြီးဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မီဒီယာတွေရှေ့မှာ ဒေါက်တာမျိုးသိမ်းကြီးက လုပ်မယ်ဆိုပြီးဖြစ်တယ်။ ပညာရေး၀န်ကြီးဌာနရဲ့ အကြီးဆုံးဖြစ်တဲ့သူက လုပ်မယ်ဆိုတော့ ဒါကြီးက လုပ်တော့မယ်သေချာတယ်ဟု ၎င်းက ပြောသည်။

ယင်းနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရပေ။

ရတနာပုံတက္ကသိုလ်တွင် အဝေးသင်ကျောင်းသားပေါင်း လေးသောင်းကျော်ရှိကာ နယ်ဝေးမှ ကျောင်းလာတက်ကြသည့် ကျောင်းသားအ‌ရေအတွက် အများအပြားရှိသည်ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ) ခေါင်းဆောင်ပိုင်းက ပြောသည်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ)က ဦးဆောင်၍ ယနေ့ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ - ခင်နှင်းဝေ / Myanmar Now)

ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ)က ဦးဆောင်၍ ယနေ့ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ – ခင်နှင်းဝေ / Myanmar Now)

Leave a Reply