အနုပညာပျိုးခင်း မင်းသမီးပိုင်ဖြိုးသုက ပျိုးခင်းနှင့်ပတ်သက်သည့် ဇာတ်ကားများအပြင် ပြင်ပကုမ္ပဏီများနှင့်လည်းရိုက်ကူးနေရင်းနှင့် မိမိနှစ်သက်သည့် ဇာတ်လမ်းများတွေ့လျှင်လည်း ကိုယ်ပိုင်ထုတ်ဝေ ရိုက်ကူးသူလည်းဖြစ်သည်။ “နေဝင်အိပ်တန်းတက်” ဆိုသည့် ရုပ်ရှင်ကားကြီးကို ကိုယ်ပိုင်ထုတ်လုပ် သရုပ်ဆောင်ခဲ့သလို ယခုလည်း”ထီးကလေးပုံပြင်”ဆိုသည့် ဗွီဒီယိုကားကို ကိုယ်ပိုင်ထုတ်ဝေသူ၊ သရုပ်ဆောင်အဖြစ်ရိုက်ကူးနေသည်။

“သမီးကတော့ အနုပညာလောဘကြီးတဲ့ ထုတ်လုပ်သူပဲဖြစ်မယ် ထင်တယ်။ အမှန်အတိုင်းပြောရရင် ကားတွေအများကြီး ထုတ်လောက်အောင်လည်း အင်အားတောင့်တောင့်နဲ့ လုပ်ထားတာ မဟုတ်တဲ့အတွက် ကိုယ်ရိုက်နိုင်သလောက် ကားအရေအတွက်လေးထဲမှာ ထွက်လာတဲ့ကားလေးတိုင်း ကိုကောင်းစေချင်တယ်ပေါ့။ ကိုယ့်အတွက် အနုပညာကျန်တဲ့ ကားလေးပဲဖြစ်ချင်တယ်။ အဲဒီလို ထုတ်ဝေသူမျိုးပဲ ဖြစ်ချင်တယ်။ လောလောဆယ် planလုပ်ထားတဲ့ ကားလေးလည်းရှိတယ်။ ကြိုက်လို့ဝယ်ထားတဲ့ ဇာတ်လေးလည်းရှိပါတယ်။ “ဟုပိုင်ဖြိုးသုကဆိုသည်။

ကိုယ်တိုင်ထုတ်ဝေ၊ ကိုယ်တိုင်သရုပ်ဆောင်လုပ်ဖြစ်သည့်အတွက် ထုတ်ဝေသူနှင့်သရုပ်ဆောင်ကြား ခံစားမှုကိုမေးကြည့်ရာ”နည်းနည်းတော့ကွာတယ်။ ကိုယ်တိုင်လည်း တစ်ကား၊နှစ်ကားပဲ ထုတ်ဖူးသေးတာပါ။ ဒါပေမဲ့ ထုတ်လုပ်သူဘက်က စဉ်းစားတတ်သွားတယ်ပေါ့နော်။ ကိုယ်နဲ့ရင်းနှီးတဲ့ ထုတ်ဝေသူတွေဆို တစ်ခါတလေ အကြံလေးပေးဖြစ်တယ်။ ကိုယ်လုပ်ပေးနိုင်တာ သေးသေးမွှားမွှားပဲဖြစ်ဖြစ် ဝိုင်းကူလုပ်ပေးဖြစ်တယ်။ ကိုယ့်ကားဆိုရင်တော့ ကားမရိုက်ခင်အထိတော့စီစဉ်တာပေါ့နော်။ လိုအပ်တာကို ဒါရိုက်တာနဲ့တိုင်ပင်တယ်။ လိုအပ်တဲ့ပစ္စည်း၊ location ကအစ အကုန်တိုင်ပင်တယ်။ ဒါပေမဲ့ ကားစရိုက်တဲ့နေ့ကစပြီး အကုန်လုံးမေ့ပလိုက်တယ်။ သရုပ်ဆောင်တာဝန်တစ်ခုပဲ ခေါင်းထဲ ထည့်ထားလိုက်တော့တယ်။ ကျန်တာအကုန်လုံး မေမေပဲဆက်လုပ်တယ်”ဟု ပိုင်ဖြိုးသု ကဖြေခဲ့သည်။

Written by – MT

Leave a Reply