Advertisements

ထားဝယ် နိုဝင်ဘာ

တနင်္သာရီတိုင်းဒေသကြီးသို့ အနောက်နိုင်ငံများမှ လာရောက်သော ခရီးသွားဧည့်သည်များ ကျဆင်းနေသော်လည်း အိမ်နီးချင်းနိုင်ငံ ထိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသဖြင့် ခရီးသွားလုပ်ငန်း ကျဆင်းသွားခြင်းမရှိဘဲ နှစ်စဉ် တိုးတက်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွန်ကြားမှုဦးစီးဌာန ၊ တိုင်းရုံး ညွှန်ကြားရေးမှူးဦးညိုအေးက ပြောသည်။

“တနင်္သာရီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းအခြေအနေကျတော့ ကျသွားတယ်ဆိုတာမရှိပါဘူး၊တိုးတက်လာပါ တယ်”ဟု ဦးညိုအေး ကဆိုသည်။

ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းNTF IV စီမံကိန်းဖွင့်ပွဲကို ထားဝယ်ဟိုတယ်တွင် နိုဝင်ဘာပထမအပတ်ကပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့သည်။

ထီးခီး၊ မောတောင်၊ ကော့သောင်း စသည့် နယ်စပ်ဝင်ပေါက်များမှ ပြည်ပဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁၃ခုနှစ်တွင် ၂ဒသမ ၂၉သိန်း၊၂၀၁၄ခုနှစ်တွင် ၂ဒသမ ၆၉သိန်း၊၂၀၁၅ခုနှစ်တွင် ၃ဒသမ၃၁သိန်း၊ ၂၀၁၆ ခုနှစ်တွင် ၃ဒသမ ၃၉သိန်း၊ ၂၀၁၇ ခုနှစ်တွင် ၃ဒသမ ၄၃သိန်း ရှိခဲ့ပြီး ယခု ၂၀၁၈ အတွက် မျှော်မှန်းချက်မှာ ၃ဒသမ၅သိန်းဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးမြင့်မောင်က ပြောသည်။

ယခုအခါ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကို ထားဝယ်ဒေသ စမ်းလှမ်းကျေးရွာတွင် လုပ်ဆောင်လျက်ရှိပြီး မြိတ်ဒေသရှိ ဒုံးညောင်မှိုင်းကျေးရွာနှင့် ကော့သောင်းဒေသရှိ မကြုံဂလက်ကျေးရွာတို့တွင်လည်း ဆက်လက်ဆောင်ရွက်ရန် ယင်းဌာနက စီစဉ် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ယခင်က ထိုင်းနှင့်ရန်ကုန်ဖက်မှ ခရီးသည်များ ဝင်ရောက်မှု များပြားခဲ့သော်လည်း ဒေသခံ ခရီးသွားလုပ်ငန်းကုမ္ပဏီများမှာ အကျိုးအမြတ်ရရှိမှုနည်းပါးကြောင်း၊ ယခုနှစ်တွင် ပင်လယ်ကျွန်းများသို့ပါ လည်ပတ်ခွင့်ရရှိပြီ ဖြစ်သည့်အတွက် ဒေသခံလုပ်ငန်းရှင်များ အကျိုးရလဒ်ရှိလာမည်ဟု မျှော်လင့်ထားကြောင်း ထားဝယ်ပေါ်ပြူလာ ခရီးသွားလုပ်ငန်းကုမ္ပဏီပိုင်ရှင် ဦးအောင်ကိုက ပြောသည်။

တိုင်းဒေသကြီးအတွင်းရှိ ရှည်လျားသည့် ကမ်းရိုးတန်းနှင့်အတူ ပင်လယ်ပြင်ကျွန်းပေါင်း၈၀၀ကျော်အပြင် တောတောင်သဘာဝ၊ ဇီဝမျိုးကွဲစုံ၊ သန ္တာကျောက်တန်းများ၊ လမုတောများနှင့် ရေသယံဇာတများ၊ တန်ခိုးကြီးစေတီပုထိုးများ စသည်တို့မှာ ပြည်တွင်းပြည်ပဧည့်သည်များကို ဆွဲဆောင်ရာများ ဖြစ်သည်။

၂၀၁၀ခုနှစ်ရွေးကောက်ပွဲပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ ပြောင်းလဲတိုးတက်လာ ခဲ့ရာမှ ရခိုင်အရေးဖြစ်ပွားပြီးနောက်ပိုင်း ၂၀၁၆ခုနှစ်တွင် ခရီး တရှိန်ထိုး ကျဆင်းသွားခဲ့သည်။ ယင်းနောက်ယမန်နှစ် ၂၀၁၇ခု တွင် အတိုင်းအတာတစ်ရပ်အထိ ပြန်လည် မြင့်တက်လာသည်ဖြစ်ရာ ယခုနှစ်၌ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု အထက်ပါဌာနနှင့် ခရီးသွားလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။

တင့်လွင်

Leave a Reply