မော်လမြိုင်၊ ဇန်နဝါရီ ၂၇ ။ ။ မွန်ပြည်နယ်ရှိ သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်စိုက်ပျိုးသူများကို စာရင်းကောက်ယူကာ အနှစ် ၃ဝ မြေငှားစာချုပ် ထုတ်ပေးပြီးနောက် သစ်တောကြိုးဝိုင်း ဧရိယာအတွင်း ကျုးကျော်စိုက်ပျိုးသူများကို အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်းမြင့်က ပြောကြားသည်။Rubber

သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်၍ ရော်ဘာပင်၊ ဆီအုန်းပင် စိုက်ပျိုးခြင်းကို လုံးဝခွင့်မပြုသည့်အပြင် စိစစ်တွေ့ရှိပါက သစ်တောဥပဒေ ၄ဝ (ဂ) အရ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျူးကျော်တဲ့သူတွေကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အရေးယူပြီး သစ်တောမြေကနေ မထွက်မချင်း စဉ်ဆက်မပြတ် တရားစွဲဆို ဆောင်ရွယ်သွားမယ်”ဟု ၎င်းက ဆိုသည်။

အလားတူ ရေးမြို့နယ်တွင်လည်း မြေငှားစာချုပ် ထုတ်ပေးပြီးနောက်ပိုင်း သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော် စိုက်ပျိုးသူ ငါးဦးကို စိစစ်တွေ့ရှိပြီး တရားစွဲဆိုထားခဲ့ခြင်းရှိကြောင်း ရေးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းအေးက ပြောသည်။

သစ်တောနယ်မြေ ဧရိယာအတွင်း ကျူးကျော်စိုက်ပျိုးပိုင်ခွင့် မရှိကြောင်း၊ ယခင်က ကျူးကျော် စိုက်ပျိုးထားသူများကို နစ်နာဆုံးရှုံးမှု မဖြစ်အောင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာရင်းကောက်ယူပြီး နိုင်ငံတော်အစိုးရက တရားဝင်လုပ်ကိုင်ရန်အတွက် အနှစ် ၃ဝ မြေငှားစာချုပ် ထုတ်ပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“နယ်မြေဒေသအရ စီမံခန့်ခွဲမှု အလှမ်းဝေးလို့ ကျူးကျော်စိုက်ပျိုးတာပေါ့၊ ဒါပေမယ့် နောက်ပိုင်းကျတော့ ကျူးကျော်သူကို ဥပဒေနဲ့ အရေးယူတာပေါ့”ဟု ဦးဝင်းအေးက ဆိုသည်။

မွန်ပြည်နယ်တွင် ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ၌ သစ်တောကြိုးဝိုင်းအတွင်း ကျုးကျော်စိုက်ပျိုးသူများကို စာရင်း ကောက်ယူရာ၌ လူဦးရေ ၆၉၁၆ ဦးရှိသည့်အနက် မြေဧရိယာ ၄၆၄၁၂ ဒသမ ၂၇ ဧက ရှိပြီး ပြည်ထောင်စု ဝန်ကြီး၏ ခွင့်ပြုချက်ဖြင့် အဆိုပါ ကျူးကျော်သူများကို စိစစ်ပြီး အနှစ် ၃ဝ မြေငှား စာချုပ် ချုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။

Written by – ရောင်နီဝင်း

Leave a Reply