Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ကော်မတီ JMC-S လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း ၊ အချက်အလက်များနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို အောက်ခြေအဆင့်ကအထိ သိရှိမှသာ ကော်မတီ JMC-S လုပ်ငန်းများ အောင်မြင်မည်ဟု အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းက ပြောကြားခဲ့သည်။

“NCA စာချုပ်နဲ့ JMC-s ဆိုင်ရာလုပ်ငန်းစဉ် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို ခေါင်းဆောင်တွေသာ သိနေရုံနဲ့ မပြီးဘဲ မြေပြင်မှာတစ်ကယ်ဆောင်ရွက်နေတဲ့ တပ်မှူးတွေ၊ နှစ်ဖက်တပ်မှူးတွေ၊ အောက်ခြေကဆောင်ရွက်နေတဲ့ တပ်သားအဆင့်ထိ အားလုံးသိရှိမှသာလျှင် ဒီ လုပ်ငန်းတွေ အောင်မြင်မှာဖြစ်ပါတယ်”ဟု JMC-S(Mon) ဥက္ကဋ္ဌ ဗိုလ်ချုပ် မျိုးဝင်းက JMC-S(Mon) အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။

မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ငွေမိုးဟိုတယ်တွင် ဖေဖော်ဝါရီ ၂၂ ၊ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သော ယင်းဆွေးနွေးပွဲသို့ ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ (အရပ်သားကိုယ်စားလှယ် ) ဒေါ်နော်ဆာထူး၊ အရပ်သားကိုယ်စားလှယ် ဒေါက်တာမင်းနွယ်စိုး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဘိုဘိုဦး၊ KNU၊ KNLA (PC) မှ လက်နက်ကိုင်အဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် NCA စာချုပ်ဖြစ်ပေါ်လာပုံနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ကော်မတီ JMC-s (Mon) နှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုများကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဆွေးနွေးတင်ပြခဲ့သည်။

လက်ရှိ NCA စာချုပ်တွင် မွန်ပြည်သစ်ပါတီ၊ KNU၊ RCSS၊ PNLO၊ CNF၊ ALP၊ ABSDF၊ DKBA၊ LDU နှင့် KNLA-PC တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့က ပါဝင်လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။

Written by ခေတ်မင်း

Advertisements
<

Leave a Reply