ဘားအံ အောက်တိုဘာ

ကရင်ပြည်နယ်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)လုပ်ငန်းစဉ်၌ ဒေသခံအရပ်သား ပူးပေါင်းပါဝင်ရေး ရည်ရွယ်ဖွဲ့စည်းခဲ့သည့် ရပ်ကွက်၊ ကျေးရွာအဆင့် အရပ်သားစောင့်ကြည့်ရေးကော်မတီ(LCM – Local Civilian Monitor)ကို JMC- S ကော်မတီ(ကရင်)က အတည်ပြုလက်ခံလိုက်သည်။

JMC- S ကော်မတီ(ကရင်) ၏ (၁၈)ကြိမ်မြောက် အစည်းအဝေးကို ဘားအံမြို့တွင် အောက်တိုဘာ ၂၂ရက်က ပြုလုပ်ခဲ့ရာ အစီအစဉ်၌ ယင်းသို့အတည်ပြုခဲ့သည်ဟု အဆိုပါကော်မတီ အရပ်သားကိုယ်စားလှယ် ဒု ဥက္ကဌ နန်းမြင့်တင်က ဟင်္သာမီဒီယာကို ပြောသည်။ အဆိုပါ အစည်းအဝေးသို့ JMC-S(kayin)ဥက္ကဌ ဗိုလ်ချုပ် မျိုးမိုးအောင်၊ ဒု-ဥက္ကဌ(၁)ဗိုလ်မှူးကြီး စောဖါဒိုး၊ ဒု-ဥက္ကဌ(၂)ဦးစောခရစ္စတိုဖါနှင့်ကော်မတီဝင်အသစ်များက တက်ရောက် ဆွေးနွေးခဲ့သည်။

“ကျန်တဲ့ မြို့နယ်တွေက ခုလိုပဲ ရပ်ကွက်-ကျေးရွာအဆင့် အရပ်သားစောင့်ကြည့်ရေးအဖွဲ့တွေ ဒီထက်ပိုပြီး တိုးမြှင့် ဖွဲ့စည်းသွားဖို့ လိုသေးတယ်”ဟု ၎င်းက ဆိုသည်။

ကရင်ပြည်နယ်ရှိ မြို့နယ် ၇ ခုထဲမှ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာနှစ်ရွာကို ရွေးချယ်ခဲ့သည်၊ LCMဟုခေါ်သည့် ရပ်ကွက်/ကျေးရွာ စောင့်ကြည့်ရေးကော်မတီတွင် ကျေးရွာအုပ်ချုပ်ရေးနှင့် ဘာသာရေးခေါင်းဆောင်များ ပါဝင်ခွင့် မရနိုင်ကြောင်း သိရသည်။

LCM ကော်မတီအနေဖြင့် ငြိမ်းချမ်းရေးအတွက် အခြေခံ လက်တွေ့ကျသည့် အချက်အပါအဝင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ နှစ်ဘက်တပ်များ လိုက်နာရမည့် အချက်များကို JMC-S (ကရင်)နှင့်အတူ ပူးတွဲစောင့်ကြည့်နိုင်တော့မည်ဟု သိရသည်။

“ဖြစ်ပေါ်လာတဲ့ တိုက်ပွဲအခြေအနေ ပြဿနာကိုတော့ NCA လက်မှတ်ရေးထိုးတဲ့ နှစ်ဖက် လူကြီးပိုင်းက ဖြေရှင်းရမယ်” ဟု ၎င်းက ဆိုသည်။

ယင်းအတည်ပြုချက်ကို ပြည်ထောင်စု အဆင့် ( JMC – U )သို့ ဆက်လက်တင်ပြပြီး ပြည်ထောင်စုကအတည်ပြုလျှင် ရပ်ကွက်၊ကျေးရွာအဆင့် အရပ်သားစောင့်ကြည့်ရေး ကော်မတီများ မကြာခင်ကာလအတွင်း ပေါ်ထွက်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် နှစ်ဖက်လက်ခံသည့် ဒေသခံအရပ်သားစောင့်ကြည့်သူ (LCM) များ စတင်ဖွဲ့စည်းနိုင်ရေးအတွက် ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်က ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စောအယ်လ်ဒီး

Leave a Reply