မော်လမြိုင် နိုဝင်ဘာ

မွန်ပြည်နယ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (မွန်) သို့ ရောက်ရှိသော တိုင်ကြားစာများတွင် လူထုအား ခြိမ်းခြောက်ခြင်းနှင့် ငွေကြေးကောက်ခံမှု အများဆုံး ဖြစ်နေကြောင်း ယင်းကော်မတီ အတွင်းရေးမှူး (၁) ဗိုလ်မှူးစောကျော်မြင့်က ပြောကြားသည်။

ကော်မတီသက်တမ်း ၂ နှစ်ကျော်အတွင်း ရောက်ရှိလာသော တိုင်ကြားမှု ၁၉ ခု အနက် ၇ ခုမှာ အဆိုပါအမှုများဖြစ်နေသည်ဟု ၎င်းက ပြောဆိုသည်။

ကျန်အမှုများတွင် မြေယာအငြင်းပွားနှင့် အဓမ္မလွှဲပြောင်းခြင်း ၄ မှု၊ အရပ်သားအား ဖမ်းဆီးခေါ်ဆောင်ခြင်း ၂ မှုနှင့် ကလေးစစ်သားစုဆောင်းခြင်း၊ တစ်ဖက်နှင့်တစ်ဖက်ရန်မူသည့် အပြုအမူလုပ်ဆောင်ခြင်း၊ တရားမဝင်ရွှေတူးခြင်း၊ တရားမဝင်သစ်တွေ့ရှိခြင်း၊ သေနတ်ပေါက်ထွက်ပြီး ပြည်သူအားထိမှန်ခြင်း၊ ပြည်သူအားသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းများ ၁ မှုစီ ရှိကြောင်း ၎င်းက ပြောသည်။

“သူတို့မှာလည်း အဖွဲ့ရပ်တည်ဖို့ကို အခွန်ဌာနတွေရှိတယ်။ စည်းမျဉ်းစည်းကမ်းကို ကျော်လွန်ပြီး လုပ်တဲ့အပိုင်းတွေ ရှိတဲ့အပေါ်မှာ ပြည်သူတွေက တိုင်ကြားလာတဲ့အခါကျတော့ သက်ဆိုင်ရာအဖွဲ့အစည်းကို ဖြေရှင်းချက်ထုတ်ခိုင်းပြီး ပြည်သူတွေဆီကို ပြန်ပို့ပေးတယ်” ဟု ဗိုလ်မှူးစောကျော်မြင့်က ဆိုသည်။

တိုင်စာဖြေရှင်းပေးမှုကို ကော်မတီအတွင်းရေးမှူး (၂) အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ဒုတိယဗိုလ်မှူးကြီးနေယုက “တိုင်ကြားတဲ့သူ အမည်ကို ဖော်ပြလို့မရဘူး။ တိုင်တဲ့သူက ဖြေရှင်းချက်ကို မကျေနပ်ဘူးဆိုရင်တော့ နှစ်ဦးနှစ်ဖက် ဘယ်သူမှန်တယ် မှားတယ်ပြန်စိစစ်ပေးတာပေါ့” ဟု ဆိုသည်။

ယင်းအပြင် တိုင်ကြားမှု၊ ကန့်ကွက်မှုများသည် JMC နှင့် မသက်ဆိုင်ပါက ပြည်နယ်အစိုးရသို့ လွှဲပြောင်းပေးသည်ဟု ၎င်းကပြောသည်။

တိုင်ကြားစာတွင် KNU နှင့် မွန်ပြည်သစ်ပါတီတို့၏ တိုင်စာဖြစ်ကာ မွန်ပြည်သစ်ပါတီမှာမူ JMC-S ၌ ပါဝင်ခြင်း မရှိသေးဖြင့် ယင်းတိုင်စာကို ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးထံ လွှဲပြောင်းပေးလျက်ရှိကြောင်း ၎င်းကပြောဆိုသည်။

မွန်ပြည်သစ်ပါတီသည် JMC-S (ကရင်နှင့် တနင်္သာရီ) တွင် ပါဝင်နိုင်ရန် ဆက်လက်ညှိနှိုင်းနေခြင်းကြောင့် JMC-S (မွန်) တွင် အဖွဲ့ဝင်အဖြစ်မပါဝင်သေးဟု ၎င်းက ပြောသည်။

JMC -S ကော်မတီသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရပ်စဲမှု NCA စာချုပ်မှတစ်ဆင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခလျှော့ချရပ်စဲရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဖွဲ့စည်းထားသည်။

JMC-S (မွန်) တွင် အစိုးရကိုယ်စားလှယ် ၅ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ် ၅ ဦး (KNU) နှင့် အရပ်သားကိုယ်စားလှယ် ၄ ဦး စုစုပေါင်း ၁၄ ဦးပါဝင်သည်။

စန္ဒာဉာဏ်

Leave a Reply