အပစ်အခတ်မရပ်စဲဘဲ ငြိမ်းချမ်းရေးဆွေးနွေးသည်မှာ မအောင်မြင်နိုင်ကြောင်း တိုင်းရင်းသားရေးရာဝန်ကြီးပြော

နေပြည်တော် ၊ ဇန်နဝါရီ ၁၉

အပစ်အခတ်မရပ်စဲဘဲ ငြိမ်းချမ်းရေးဆွေးနွေးသည်မှာ မည်သို့မျှ မအောင်မြင်နိုင်ကြောင်းနှင့် အပစ်အခတ်ရပ်စဲပြီးမှ နိုင်ငံရေး အဆင့် သဘောတူညီချက် မရ ရအောင် ဆွေးနွေးမည်ဆိုလျှင် ရရှိနိုင်ကြောင်း တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ယခုလ ၁၈ ရက်က နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပသည့် တိုင်းရင်းသားဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်သို့ တက်ရောက်စဉ် မီဒီယာနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။

“ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ကျွန်တော်တို့ တိုင်းရင်းသားအားလုံး သဘောတူညီချက်နဲ့ ကြိုးစား တည်ဆောက်နိုင်မှ ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုး တက်မယ်၊ အပစ်အခတ်မရပ်စဲဘဲ ငြိမ်းချမ်းရေးဆွေးနွေးတာ ဘယ်လိုမှ မအောင်မြင်နိုင်ဘူး၊ အပစ်အခတ်ရပ်စဲပြီးမှ နိုင်ငံရေး အဆင့် သဘောတူညီချက် မရ ရအောင် ဆွေးနွေးမယ်ဆိုရင် ရရှိနိုင်ပါတယ်”ဟု ပြောကြားခဲ့ကြောင်း MOI Webportal Myanmar ၏ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားသည်။

အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ပြီး အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လက်တွဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ယင်းသဝဏ်လွှာကို မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းစံဝင့်ခိုင်က ပြန်လည်ဖတ်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါဖိုရမ်မှတဆင့် တိုင်းရင်းသားဒေသများအတွက် အတွေးသစ်၊ အမြင်သစ်များရရှိစေရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ကူညီနိုင်ရေးနှင့် ညီညွတ်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် နိုင်ငံတော်အတိုင်ပင်ခံက တိုက်တွန်းထားသည်။

မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းစံဝင့်ခိုင်အနေဖြင့် “တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေ ၂၉ ဦး တွေ့ဆုံပြီး တိုင်းရင်းသားတွေ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာကို တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးတွေ အချင်းချင်းဆွေးနွေးချင်ပါတယ်၊ ပညာရေး၊ ကျန်းမာ ရေး၊ လမ်းပန်းဆက်သွယ်ရေးအတွက် အခြေခံအဆောက်အအုံ တွေ ပြည့်စုံကြွယ်ဝမှသာလျှင် ကျွန်မတို့ တိုင်းရင်းသားတွေ ဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်ပါတယ်”ဟု မီဒီယာနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း အထက်ပါလူမှုကွန်ရက်စာမျက်နှာ၌ ထပ်မံဖော်ပြထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပင်လုံညီလာခံမှ သဘောတူညီချက်အချို့ရရှိထားပြီးဖြစ်သကဲ့သို့ ပြည်ထောင်စု အခြေခံမူများ ထွက်ပေါ်လာရေး ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သဝဏ်လွှာမှတဆင့် အသိပေးထားသည်။

Written by လင်းသင်္ခယာ

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်