ချောင်းဆုံ ဧပြီ

ပူပြင်းခြောက်သွေ့လာမှုကြောင့် ကျေးရွာအချို့တွင်ရေတွင်းရေကန်များခန်းခြောက်လာပြီဖြစ်ကြောင်း နှင့် လာမည့်တစ်ပတ်နှစ်ပတ်အတွင်း မိုးရွာသွန်းခြင်းမရှိပါက သောက်သုံးရေများအခက်အခဲရှိလာနိုင်ကြောင်း ဒေသခံများကသိရသည်။

“ရွာထဲမှာ သောက်သုံးရေကန် ၃ ကန်ရှိတဲ့အနက်မှာ တစ်ကန်ကတော့ခန်းခြောက်သွားပြီ ၊ နောက်နှစ်ကန်ကတော့ ရေနည်းနည်းစီကျန်သေးတယ် ၊ တစ်ပတ်ဆယ်ရက်လောက်တော့သုံးဖို့ရှိသေးတယ် ၊ မိုးနောက်ကျနေမယ်ဆိုရင် နောက်ပိုင်းမှာသောက်သုံးရေအခက်အခဲတွေရှိလာနိုင်တယ်”ဟု ဒေါင်းရပ်အရှေ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အေးကဆိုသည်။

ဒေါင်းရပ်အနောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဝင်းကလည်း ကျေးရွာတွင် သောက်သုံးရေ ကန် ၅ ကန်ရှိသည့်အနက် ရေကန် ၄ ကန်မှာခန်းခြောက်လာပြီးသောက်သုံးရေကန်တစ်ကန်တည်းဖြင့်ရပ်တည် နေရပြီဖြစ်ကြောင်း၊ နောက်ပိုင်းတွင်ရေရှားပါးလာနိုင်ကြောင်းပြောသည်။

ချောင်းဆုံမြို့နယ်တွင် ပင်လယ်ကမ်းနားကျေးရွာများနှင့် လယ်ကွင်းပိုင်းကျသောကျေးရွာများဖြစ်သော ကော့မုပွန် ၊ ဒေါင်းရပ်အရှေ့ ၊ ဒေါင်းရပ်အနောက် ၊ ကညှော် ၊ ဆယ်ဗလာ ၊ ဇီးကုန်း ၊ တော်ပွန် ၊ ခရိုက်ဒူး ၊ ခရိုက်နှီးဟု ၊ ရေတွင်းကုန်း ၊ တော်ပကောက်၊ ဟင်္သာကျွန်းကျေးရွာများ၌ နှစ်စဉ်ရေတွင်း ရေကန်များခန်းခြောက်၍ သောက်သုံးရေရှားပါးလေ့ရှိကြောင်း၊ သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် ရေအရင်းအမြစ် ကောင်းမွန်သော နေရာများတွင် စက်ရေတွင်းများတူးဖော်ခြင်း၊ ရေပိုက်သွယ်တန်းခြင်း ၊ရေပေးဝေရေးလုပ်ငန်း ၊ ရေစုကန် ၊ မြေသားကန်တူးဖော်ခြင်းလုပ်ငန်းများကိုလည်းဆောင်ရွက်ထားရှိနိုင်၍ ကျေးရွာအချို့တွင် သောက် သုံးရေအခက်အခဲများကိုဖြေရှင်းပေးနိုင်ပြီဖြစ်ကြောင်းချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။

“ရေပေးဝေရေးလုပ်ငန်းတွေကို အစိုးရ ၊ ဌာနဆိုင်ရာ ၊ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းတွေကလည်းအကောင် အထည်ဖော်ဆောင်ရွက်ပေးနေတဲ့အတွက် အရင်ကနဲ့စာရင် သောက်သုံးရေအခက်အခဲတွေ လျော့နည်းလာ တယ်လို့ဆိုရမယ်၊ သောက်သုံးရေအခက်အခဲရှိရင်လည်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန ကိုဆက်သွယ်ကြပါ”ဟု ယင်းဌာန ဒုဦးစီးမှူး ဒေါ်စန်းစန်းမော်က ဆိုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply