အပျော်ရွှင်ဆုံး အာဆီယံ ဆယ်နိုင်ငံတွင် မြန်မာ နောက်ဆုံးမှ စာရင်းဝင်

UN မတ် ၂၂

ကုလသမဂ္ဂကနေ မတ်လ ၂၂ရက်နေ့က ထုတ်ပြန်တဲ့ ၂၀၁၉ခုနှစ်ရဲ့ အပျော်ရွှင်ဆုံး ကမ္ဘာ့နိုင်ငံများ စာရင်းပါတဲ့ အစီရင်ခံစာမှာ စာရင်းဝင်တဲ့ အာဆီယံ နိုင်ငံတွေကို ရရှိတဲ့ နံပါတ်စဉ်အလိုက် တန်းစီကြည့်တဲ့အခါ မြန်မာနိုင်ငံက နောက်ဆုံးကနေ ရပ်တည်နေပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၉စာရင်းမှာသာမက ၂၀၁၈ စာရင်းမှာလည်း အနောက်ဆုံးကနေ စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။

ဒီအစီအရင်ခံစာကိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း ၁၅၆ နိုင်ငံမှာ စစ်တမ်းတွေကောက်ယူပြီး စာရင်းပြုစုခဲ့တာဖြစ်ပါတယ်။ နိုင်ငံတွင်းမှာရှိတဲ့ လူတွေရဲ့ လူမှုဘဝပျော်ရွှင်မှု၊ လွတ်လပ်မှု၊ ကျန်းမာရေးအထောက်အပံ့ကောင်းရရှိမှု၊ ဝင်ငွေနဲ့ လူနေမှုအဆင့်အတန်းတွေအပေါ်မူတည်ပြီး အဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။

အာဆီယံဆယ်နိုင်ငံထဲမှာပါတဲ့ ဘရူနိုင်းဒါရူဆလန်နိုင်ငံဟာ စစ်တမ်းကောက်ယူတဲ့စာရင်းမှာ မပါဝင်ခဲ့တာကြောင့် စုစုပေါင်း ကိုးနိုင်ငံ ကိုသာ ဖော်ပြထားပါတယ်။ ဒီစာရင်းမှာ မြန်မာနိုင်ငံက အဆင့်ကိုးမှာ ရပ်တည်နေပြီး စကာင်္ပူနိုင်ငံက အဆင့် ၁မှာ ရပ်တည်နေတာကိုတွေ့ရပါတယ်။ စကာင်္ပူနိုင်ငံဟာ နိုင်ငံပေါင်း ၁၅၆နိုင်ငံမှာလည်းအဆင့် ၂၄နေရာကနေ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒုတိယအပျော်ရွှင်ဆုံးအာဆီယံနိုင်ငံအဖြစ် ထိုင်းနိုင်ငံက ရပ်တည်နေပါတယ်။ ထိုင်းနိုင်ငံဟာ ၂၀၁၈ခုနှစ်မှာ တတိယနေရာမှာရပ်တည်ခဲ့ပေမဲ့ ယခုနှစ်မှာတော့ အဆင့်တက်လာတာကိုတွေ့ရပါတယ်။ ထို့နောက် ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ စသဖြင့် အစဉ်အတိုင်း စာရင်းဝင်ခဲ့ပါတယ်။

The Straits Times

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.