အပြန်အလှန်အားပေးကူညီကြပါစို့

မုဒိတာ (တောင်သာ)

ကျွန်မတို့စာရေးစလူငယ်တွေဟာ မိမိတို့၏စာမူတွေဖြစ်သည့်ဆောင်းပါး၊ဝတ္ထုတိုများကို ဂျာနယ်များ၊မဂ္ဂဇင်း များ၏စာမျက်နှာများထက်တွင် ပါရှိသောအခါ ဝမ်းသာအားရ လူမှုရေးစာမျက်နှာများပေါ်တင် လေ့ရှိကြပါတယ်။

ကိုယ့်ဆောင်းပါးပါလာသောနေ့တွင်အခြား စာရေးသူများက ဝမ်းသာကြောင်း၊တော်ကြောင်း မှတ်ချက်များပေးခြင်းခံရတယ်။

သူများဆောင်းပါးများပါသောအခါတွင်လည်း မိမိကအားကျကြောင်း၊တော်ကြောင်း စသည့်ဖြင့် မှတ်ချက်များပြန်ပေးလေ့ရှိ၏။အဲ့လိုအပြန် အလှန်မှတ်ချက်တွေပေးခြင်းဟာစာရေးသူအချင်းချင်း ဖေးမကူညီခြင်း၊အားပေးနှစ်သိမ့်ခြင်းဖြစ်တယ်ဟု ထင်မိတယ်။

အချို့လူတွေကတော့ ဒီလိုမှတ်ချက်ပေးခြင်းကရူးကြောင်ကြောင်အလုပ်ဖြစ်တယ်ဟုသတ်မှတ်ထားကြ တယ်။သတ်မှတ်ထားကြတာနဲ့အညီ သူတို့ရဲ့လူမှုရေးစာမျက်နှာများထက်တွင် ရှုတ်ချကြောင်းများရေးသား ထားသည်ကိုပင် တွေ့နေရပါတယ်။ကျွန်မရဲ့အထင်ကတော့ စာရေးစလူငယ်များတစ်ဦးနဲ့တစ်ဦးအထက်ကလို အပြန်အလှန် မှတ်ချက်ပေးခြင်းဟာ စာရေးသူတစ်ဦးရဲ့ရင်ထဲကိုခွန်အားတွေထည့်ပေးလိုက်တာလို့ ယူဆမိ ပါတယ်။

အချင်းချင်းဖေးမကာမှတ်ချက်ပေးခြင်းကနေ ကျွန်မအပါအဝင်စာရေးစလူငယ်များ ကြိုးစားချင်စိတ် များပေါက်ဖွားလာပါတယ်။အခြားသူတွေ၏ဖေးမကူညီသည့်မှတ်ချက်များကနေ “သူတို့လည်းဒီလိုပဲရေး တာ။ငါလည်းရေးုနိုင်ရမှာပေါ့”ဆိုတဲ့ ကြိုးစားချင်စိတ်များပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ထို့အတူ “ညီမရေ ဒီဂျာနယ်က ဒီလိုအာဘော်ရှိတယ်House Style ကဘယ်လို။ဟိုမဂ္ဂဇင်းကတော့ ကလောင်သစ်တွေဝင်ရေးုလို့ရတယ်”စသည် ဖြင့်လမ်းပြပေးခြင်းကနေ လမ်းမှန်ကိုရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။

အချို့ဝါရင့်ဆရာကြီးတွေကလည်း ကလောင်သစ်တွေကိုကိုယ့်တပည့်၊သားသမီးများ ပမာ ကမ်းအတက်မှာ လက်ကမ်းကာကူညီပေးကြပါတယ်။ကျွန်မစာရေးခါစတွင် ထိုကဲ့သို့သောဆရာကြီး၊ဆရာမကြီးများ၏လမ်း ညွှန်ဖေးမကူညီမှုများသာမပါခဲ့ရင် ဒီကနေ့အထိ စာရေးခြင်းအလုပ်ကို လျှောက်လှမ်းနိုင်မည်မဟုတ်ပါ။မိမိတို့ ပို့ချင်သည့်ဂျာနယ်၊မဂ္ဂဇင်းများ၏ လိပ်စာများ၊အီမေးလ်များကို မသိလျှင်အခြားသူများကပေးခြင်း၊တဖန်ကိုယ်က ပြန်ပေးခြင်းစသည်ဖြင့်အပြန်အလှန်မေးမြန်းခြင်းကနေလည်း ရင်းနှီးချစ်ခင်မှုများကိုရရှိစေပါတယ်။

ကျွန်မစာရေးဆရာမတစ်ယောက်ကိုတွေ့ဖူးပါတယ်။ သူတင်ထားသောဂျာနယ်၏ အီးမေးလ်လိပ်စာကိုသိလိုသဖြင့် “ဆရာမရေအဲ့ဂျာနယ်က ကလောင်သစ်တွေရေးလို့ရလားရှင့်….ရေးရလျှင် အီးမေးလိပ်စာလေးသိချင်”လို့ ပါပြောရာမှ အထင်သေးခြင်းနှင့်အတူအထင်လွဲခြင်းကိုခံရဖူးပါတယ်။ သူပြန်ပြောတာက “အီးမေးပေးခွင့်ရှိမရှိ ဂျာနယ်တိုက်ကိုမေးဦးမယ်”ဟူ၍ဖြစ်ပါတယ်။ကျွန်မလွန်စွာဝမ်းနည်းမိသွားပါတယ်။သြော်ဂျာနယ်ဆိုတာ ပြည်သူ တွေဖတ်ရအောင်လုပ်ထားတာ မဟုတ်ပါလား။ကျွန်မတို့ကလောင်သစ်တွေကြောင့်ပဲ ဂျာနယ်ရဲ့ ပုံရိပ် များကျဆင်းသွားလေမလားပေါ့။

တကယ်ဆို“ ညီမရေ ပင်တိုင်ရေးသူတွေပဲခွင့်ပြုတာလို့”ဆိုလျှင် ကျွန်မဆက်မေးမည်မဟုတ်ပါ။အခုတော့ ကလောင်သစ်တွေကပဲ အသုံးမဝင်သလိုလို။ထိုဆရာမကတချိန်က ကလောင်သစ်ဘဝဖြင့်ဖြတ်သန်းခဲ့ ရသည်ကိုမေ့နေပုံပေါ်ပါတယ်(မှတ်ချက်-လူအမျိုးမျိုးစိတ်အထွေထွေမို့ဝါရင့်ဆရာကြီး ၊ဆရာမကြီးအားလုံး ကိုဆိုလိုခြင်းမဟုတ်ပါ)

အထက်ကဆရာမကဲ့သို့ ကလောင်သစ်တွေအပေါ်အထင်သေးသောဆရာမတွေရှိသလို ကလောင်သစ် တွေအတွက် စာမူခမပေးနိုင်သော်လည်း ပြိုင်ပွဲများကျင်းပပေးနေသောစာပေအပေါ်သစ္စာရှိသော၊အကျိုးပြုနေ သောဆရာကြီး၊ဆရာမကြီးများလည်း များစွာရှိပါတယ်။လောကကြီးတွင်ပညာရပ်တစ်ခုတိုးတက်ဖို့အတွက် လက်တွဲဖေးမကူညီခြင်း၊အားပေးခြင်းတို့ရှိဖို့လိုအပ်ပါတယ်။

အပြန်အလှန်အားပေးကူညီခြင်းဟာ လူတိုင်းမှာ ထားရှိရမယ့်အသိစိတ်ဖြစ်ပါတယ်။ကျွန်မတို့စာရေးသူတွေ ဖြတ်သန်းနေရတဲ့ အခြေအနေတွင်သာမက အခြားသောနေရာများတွင်လည်း အပြန်အလှန်အားပေးကူညီ ဖို့လိုပါတယ်။အပြန်အလှန်အားပေးခြင်းဟာ ဘဝကိုနွေးထွေးမှုရှိစေပါတယ်။ထို့အတူ ဘဝလမ်းကိုလည်း တည့်မတ်စေပြန်ပါတယ်။ မတူသောစိတ်ကူးစိတ်သန်းတွေရှိနေကြသူတွေမှာတောင် တစ်ယောက်နှင့်တစ်ယောက် ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့တူတာလေးတွေကိုစုပြီး မတူတူအောင်ညှိနှိုင်းနေထိုင်ကြသောပုံပြင်သာဓကလေးတွေအများ ကြီးရှိတာကိုသိကြ၊ကြားဖူးကြမှာပါ။

ဥပမာ။ရွံ့နွံ ဗွက်ထဲတွင်လူးနေသောကျွဲကြီး၊ကြံ့ကြီးများပေါ်တွင် ငှက်ကလေးများနားနေတာကိုရထားစီးရင်း၊ မြင်တွေ့ဖူးကြပါလိမ့်မယ်။ငှက်ကလေးတွေကလည်း ကျွဲကြီးတွေပေါ်ကရွှံ့နွံများကိုနှုတ်သီးဖြင့်ထိုးလိုက် ဆိတ်လိုက်လုပ်နေသည်ကိုလည်း မြင်ဖူးကြမှာပါ။

ကိုယ်ခန္ဓာအရကျွဲနှင့်ငှက်သည် အလွန်ကွာခြားလှပါ တယ်။သို့ပေမယ့် သူတို့ကတစ်ကောင်နှင့်တစ်ကောက်ဖေးမကူညီတတ်ကြတယ်။ငှက်ကလေးတွေက ကျွဲတွေရဲ့ ကျောပေါ်က ရွံ့များကိုထိုးဆိတ်နေခြင်းဟာသူတို့အတွက်အစာကိုရှာစားနေခြင်းဖြစ်သလို ကျွဲကြီးများအတွက်လည်း အယားတောင်ပြေပါသေးတယ်။

အသိဉာဏ်မရှိတဲ့ တိရစ္ဆာန်တွေတောင် တစ်ကောင်နှင့်တစ်ကောင်ဖေးမရမှန်းသိရင် ကျွန်မတို့လူသားတွေကတစ် ယောက်နှင့်တစ်ယောက် ဘာ့ကြောင့် အပြန်အလှန်အားပေးကူညီခြင်းတွေ မကျင့်သုံးချင်ကြတာပါလဲလို့ကျွန်မစဉ်းစားနေမိပါတော့တယ်။

မုဒိတာ (တောင်သာ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.