Advertisements

ယခုလ အောက်တိုဘာလကို ရင်သားကင်ဆာအသိပညာပေးလ( Breast Cancer Awareness Month) အဖြစ်သတ်မှတ်ထားသည်။ ရင်သားကင်ဆာသည် ကမ္ဘာပေါ်တွင်အဖြစ်များသောကင်ဆာတစ်မျိုးဖြစ်ကာ မြန်မာနိုင်ငံတွင်သားအိမ်ခေါင်းကင်ဆာပြီးနောက်အမျိုးသမီးများတွင်ဒုတိယအဖြစ်များဆုံးသောကင်ဆာဖြစ်သည်။ ထို့ပြင်ရင်သားကင်ဆာသည် စောစီးစွာသိလျှင် ရာနှုန်းပြည့်နီးပါးပျောက်ကင်းနိုင်သောကင်ဆာရောဂါတစ်မျိုးဖြစ်သည်။

ရင်သားကင်ဆာသည်အမျိုးသမီးများတွင်အဖြစ်များကာ အမျိုးသားများတွင်လည်းဖြစ်တတ်သည်။

မျိုးရိုးလိုက်တတ်သောရောဂါမျိုးဖြစ်ကာ အဖွား၊အမေ၊အဒေါ်၊အစ်မများတွင်ရင်သားကင်ဆာဖြစ်ဖူးသောရာဇဝင်ရှိသောသူများတွင် ဖြစ်နိုင်ခြေပိုများသည်။ အမျိုးသမီးဟော်မုန်းအထွက်များသောကြောင့်ဖြစ်စေကာ ကိုယ်ဝန်ဆောင်တားဆေးများသုံးစွဲသူ၊ အိမ်ထောင်မရှိသောသူများ၊ အိမ်ထောင်ရှိသော်လည်း ကလေးမမွေးသောသူများ၊ ကလေးမွေးသော်လည်းနို့မတိုက်သောသူများ၊ နို့တိုက်သော်လည်းတစ်ဖက်တည်းသာတိုက်သောသူများ၊ ရာသီသွေးစောစီးစွာပေါ်သူများနှင့်နောက်ကျမှသွေးဆုံးသူများ၊နှင့် ရင်သားတွင်အလုံးအကျိတ်များပေါ်ဖူးသူ၊ အခြားသောမျိုးပွားအင်္ဂါများတွင်ဖြစ်သောကင်ဆာများဖြစ်ဖူးသူများတွင်လည်းဖြစ်တတ်သည်။

ရင်သားကင်ဆာ၏ရောဂါလက္ခဏာများမှာ ရင်သားတွင်မာခဲခဲအလုံးအကျိတ်ဖြစ်ခြင်း၊ ထိုအကျိတ်များသည်နာကျင်ခြင်းမရှိဘဲရုတ်တရက်ကြီးထွားခြင်း၊လိမ္မော်သီးခွံကဲ့သို့သောပြောင်တင်းကာအချိုင့်လေးများရင်သားတစ်ခုလုံးတွင်ဖြစ်ခြင်း၊ နို့သီးခေါင်းချိုင့်ဝင်သွားခြင်း၊ ချိုင်းထဲရှိပြန်ရည်ကြောအကျိတ်များကြီးလာခြင်းနှင့် နို့ရည်ကြည်ကဲ့သို့သောအရည်လေးများနို့သီးခေါင်းမှထွက်လာခြင်း၊ နို့သီးခေါင်းများကွဲရှခြင်းတို့ဖြစ်တတ်သည်။

ရင်သားကင်ဆာတွင်အဆင့်တစ်၊နှစ်၊သုံး၊လေး(Stage1,2,3,4)ဟူ၍လေးမျိုးရှိသည်။ အဆင့်အနိမ့်အမြင့်အပေါ်မူတည်၍ရောဂါ၏ အခြေအနေအကျိုးရလဒ်ကိုခန့်မှန်းနိုင်သည်။ အဆင့်တစ်သည်ရင်သားတွင် ၁ စင်တီမီတာအောက်အလုံးအကျိတ်လေးကိုစတင်တွေ့ရှိခြင်းကိုဆိုလိုသည်။ ထိုအဆင့်သည်သာမန်အခြေအနေတွင်လက်ဖြင့်စမ်းသပ်၍မရဖြစ်တတ်ကာ manogram ဟုခေါ်သောရင်သားဓာတ်မှန်ဖြင့်တွေ့နိုင်သောအခြေအနေရှိသည်။ အဆင့်နှစ်တွင်ရင်သားရှိအလုံးအကျိတ်သည် ၃ စင်တီမီတာအောက်ဖြစ်ကာ ချိုင်းထဲတွင်ပြန်ရည်ကြောအကျိတ်လေးများမပေါ်သေးသောအခြေအနေဖြစ်သည်။

ထိုအခြေအနေသည်လက်ဖြင့်စမ်းသပ်ရသောအခြေအနေဖြစ်၍လျင်မြန်စွာကုသမှုခံယူလျှင် အလျဉ်းနီးပါးပျောက်ကင်းနိုင်သောအခြေအနေတွင်ရှိသည်။ အဆင့်သုံးသည်ရင်သားထဲရှိအလုံးအကျိတ်သည် ၃ စင်တီမီတာထက်ပိုကြီး၍ချိုင်းကြားထဲတွင်ပြန်ရည်ကြောအကျိတ်များပေါ်နေသည်။ အဆင့်လေးတွင်အကျိတ်အလုံးအပြင် ရင်သားအရေပြားများပေါက်ထွက်ကာအနာဖြစ်ခြင်းနှင့်အခြားသောအင်္ဂါများကိုကူးစက်ခြင်းတို့ဖြစ်သည်။

ခေတ်သစ်ဆေးပညာ၏တိုးတက်မှုတွင် ကင်ဆာရောဂါများသည် အလျဉ်းနီးပါးပျောက်ကင်းနိုင်သောအခြေအနေတွင်ရှိသည်။ ရင်သားကင်ဆာတွင်လည်း ရောဂါအဆင့်သတ်မှတ်ချက်၊ အသက်အရွယ်၊ အသားစအဖြေအမျိုးအစား၊ ဆေးကိုလက်ခံနိုင်သောအခြေအနေနှင့် ရာသီသွေးဆုံးခြင်း မဆုံးခြင်းအပေါ်မူတည်၍ ကုသမှုပုံစံများ ကွဲပြားသွားတတ်သကဲ့သို့ အကျိုးရလဒ်လည်း ကွဲပြားတတ်သည်။

ကုသမှုတွင် ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ကင်ခြင်းနှင့် ဟော်မုန်းဆေးသောက်သုံးခြင်းတို့ ဖြစ်သည်။ ခွဲစိတ်မှုတွင် ရောဂါဖြစ်နေသောရင်သားနှင့် ချိုင်းထဲရှိပြန့်နေသောအလုံးအကျိတ်များကိုတတ်နိုင်သမျှထုတ်နိုင်သည့်အပေါ်မူတည်၍ရောဂါအခြေအနေပြောင်းလဲနိုင်သည်။

ရင်သားကင်ဆာသည် စောလျှင်စွာသိလျှင်ကုသပျောက်ကင်းနိုင်သည်။ အဆင့်တစ်နှင့်နှစ်တွင်သိရှိကုသခဲ့လျှင်ရာနှုန်းပြည့်နီးပါးပျောက်ကင်းနိုင်သည်။ သို့သော်အဆင့်သုံးနှင့်လေးတွင်မူ ရောဂါပျောက်ကင်းရေးထက် အသက်ရှည်ရေးနှင့်ဝေဒနာသက်သာရေး၊ နောက်ဆက်တွဲဆိုးကျိုးများမပေါ်ပေါက်ရေးသည်သာအဓိကဖြစ်တော့သည်။

ထို့ကြောင့်ရင်သားကင်ဆာကိုစောစီးစွာသိပြီး ကုသမှုခံယူလျှင်အလွန်အကျိုးရှိသည်။ ထ့ိုအပြင်လူနာများသည်အလုံးအကျိတ်ပေါ်လာလျှင်ပြသရသည်ကိုရှက်စရာအဖြစ်ထင်ကြသည်။ ဆေးမြီတိုများကိုသုံးစွဲ၍ ကြိတ်မှိတ်ကုသကြသည်။

ထိုအခါတွင် အပ်နှင့်ထွင်းရမည့်အခြေအနေကိုပုဆိန်နှင့်ပေါက်ရတော့သည်။ ရင်သားကင်ဆာကိုကာကွယ်ရန်အတွက် အမျိုးသမီးများမိမိတို့ရင်သားများကိုကိုယ်တိုင်စမ်းသပ်နေခြင်းဖြင့်သတိပြုသင့်သည်။

မူမမှန်သောအလုံးအကျိတ်များပေါ်ပေါက်လာသောအခါတွင် နီးစပ်ရာကျွမ်းကျင်ဆရာဝန်များနှင့်စမ်းသပ်ကုသ၍ထိရောက်သောကုသမှုများကိုခံယူကာ ရင်သားကင်ဆာကိုစောလျှင်စွာသိရှိကုသနိုင်ပါစေ။

ဒေါက်ဦး(မွန်)

Leave a Reply