အဖြစ်များလာသော ကင်ဆာရောဂါ

ကင်ဆာရောဂါနှင့် စားသောက်မှုပုံစံ တိုးတက်လာသော ယနေ့ခေတ်တွင် အရာရာသည်လျင်မြန်စွာဖြစ်ထွန်းနေသည်။ ရုန်းကန်လှုပ်ရှားမှုများနှင့်အတူ အရာရာကိုယှဉ်ပြိုင်နေရသည်။ ထိုအခါတွင်လူသားတို့တွင် အချိန်သည် နည်းပါးတော့သည်။ ထိုသို့သောအခြေအနေတွင် အချိန်ကိုလျင်မြန်စေရန်အတွက် အသင့်သုံးပစ္စည်းများကိုတီထွင်ထုတ်လုပ်ကြသည်။

အသင့်စားအစားအစာများပေါ်ပေါက်လာခဲ့သည်။ အရာရာတိုင်းတွင် ကောင်းကျိုးဆိုးကျိုးသည်ဒွန်တွဲနေသည်။ အချိန်ကိုလျင်မြန်စွာ အသုံးချချင်သောကြောင့် မိမိတို့၏အသက်ရှင်ချိန်ကိုလဲလှယ်သကဲ့သို့ဖြစ်နေသည်။
ထိုအခါတွင် ကင်ဆာ ဟုခေါ်သော အမြစ်ပွားနာများအဖြစ်များလာတော့သည်။ ယနေ့ခေတ်တွင် ခေတ်စား၍ အဖြစ်များမှုထိပ်ဆုံးသို့ ရောက်လာသောရောဂါမှာ ကင်ဆာရောဂါဖြစ်သည်။

ဖွံ့ဖြိုး ပြီးနိုင်ငံဖြစ်စေ၊ ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်စေ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းသည် ထိပ်ဆုံးသို့ရောက်လာခဲ့သည်။ အနောက်နိုင်ငံများကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကင်ဆာရောဂါဖြစ်သော်လည်း သက်တမ်းစေ့နေနိုင်သော ကုသမှုနှင့်ကျန်းမာရေး စောင့်ရှောက်မှုရှိသည်။

ကျွန်တော်တို့နိုင်ငံတွင်မူ ထို့သို့ဖြစ်လျှင် ငွေရေးကြေးရေးကအစ ဆေးဝါးကိရိယာများမစုံလင်သောအခါတွင် ကင်ဆာရောဂါကြောင့်သေနှုန်းမြင့်လာသည်။

ကင်ဆာရောဂါဆိုသည်မှာ ခန္ဓာကိုယ်တွင်းရှိပုံမှန်ရှိနေသော ဆဲလ်များမှ အခြားသောမူမမှန်သောပုံစံတစ်ခုဆီသို့ပွားများကာ ခန္ဓာကိုယ်အနှံ့တွယ်ကပ်နေခြင်းကိုဆိုလိုသည်။

မြန်မာမှုပြုသော ကုသရခက်သောအမြစ်ပွားနာတစ်မျိုးဖြစ်သည်။ ဆဲလ်များပုံမမှန်ကြီးထွားခြင်းမှဖြစ်ကာ ခန္ဓာကိုယ်အနှံ့ အထူးသဖြင့်အသည်း၊ အဆုတ်၊ ဦးနှောက်နှင့် အရိုးများဆီသို့ကူးစက်၍တွယ်ငြိတတ်သည်။ ကင်ဆာဖြစ်စေသောအကြောင့်အမျိုးမျိုးရှိသည်။ မျိုးရိုးဗီဇလိုက်ခြင်း၊ အစားအသောက်ပုံစံနှင့် နျူကလီးယားကဲ့သို့သောရေဒီယိုသတ္တုကြွဒဏ်သင့်သောသူများတွင်အဖြစ်များသည်။

ကင်ဆာများမှာလည်း အမျိုးမျိုးရှိကာ ခန္ဓာကိုယ်အနှံ့နေရာတိုင်းတွင် လူမျိုးမရွေး အသက်အရွယ်မရွေး ဖြစ်တတ်သည်။
ကင်ဆာရောဂါ မျိုးရိုးရှိသူများသည် ကင်ဆာဖြစ်နိုင်ခြေမြင့်သည်။ ဥပမာ မိသားစုထဲတွင်ရင်သားကင်ဆာရှိသော အမျိုးသမီးများသည် ရင်သားထဲတွင်အလုံးအကျိတ်များပေါ်လာပါက ကင်ဆာဖြစ်နိုင်သည်။ ကရင်လူမျိုးများသည် သွေးကင်ဆာတစ်မျိုးအဖြစ်များကာ၊ ဂျပန်လူမျိုးများနှင့် သွေးအုပ်စု A များသည် အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေများကြောင်း စစ်တမ်းများအရသိရသည်။

ထို့ပြင် နျူကလီးယားအဆိပ်သင့် ပြည်သူများတွင် သွေးကင်ဆာအဖြစ်များသည်။
ယနေ့ခေတ် ကင်ဆာရောဂါဖြစ်ပွားမှု၏အဓိကအကြောင်းအရင်မှာ အစားအသောက်ပုံစံဖြစ်သည်။ အစားအစာများထဲတွင် ဓာတုဆေးဝါးများကိုထည့်သွင်းအသုံးပြုလာကြသည်။

အသင့်စား အစားအစာများနှင့် ကြာရှည်ခံအောင်ပြုလုပ်ထားသော အစားအစာများတွင် ဆိုးဆေးများနှင့် ဓာတုဆေးဝါးများကိုအသုံးပြုနေကြသည်။ ဥပမာ လွန်ခဲ့သောငါးနှစ်ခန့်က နာမည်ကြီးခဲ့သောတရုတ်ထုတ် နွားနီအမှတ်တံဆိပ် နို့မှုန့်များတွင် မယ်လမင်ခေါ်သော ဓာတုဆေးများပါဝင်မှု၊ ပဲပြားများကိုကြာရှည်ခံစေရန် ဖော်မလင်များ အသုံးပြုမှုနှင့် ငပိ၊ ငံပြာရည်များတွင် ဓာတ်မြေသြဇာများထည့်သွင်း အသုံးပြုမှုတို့သည် ကင်ဆာရောဂါကိုဖြစ်စေသည်။

ထိုအပြင် ကြက်မွေးမြူရေးခြံများတွင် အသုံးပြုသော အသားတိုးဆေးများသည်လည်း ဆဲလ်ပွားမှုကိုအားပေးသောကြောင့် ကင်ဆာရောဂါကိုအားပေးသည်။

ထို့ပြင် ငရုတ်သီးအူတိုင်ထဲတွင် မှိုများစွဲနေသည်ကို စားသုံးသောသူများသည် အသည်းကင်ဆာကိုဖြစ်စေသည်။ ထို့ကြောင့်ပင် အစာလည်းဆေး၊ ဆေးလည်းအစာဆိုသကဲ့သို့ပင် အစားအသောက်များကိုယခုအခါတွင် အော်ဂဲနစ်များကို လူသားတို့စားသုံးလာကြသည်။

အသားငါးများထက် သီးနှံများကိုစားသုံးသင့်သည်။ ဓာတ်မြေသြဇာသုံးသီးနှံများထက် သဘာဝမြေသြဇာသုံးသီးနှံများကို စားသုံးသင့်သည်။ ကင်ဆာရောဂါသည် တစ်ဦးမှတစ်ဦးမကူးစက်တတ်သော်လည်း ဖြစ်ပွားမှုနှုန်း မြင့်မားနေသည်။ လူတို့၏စားသောက်နေထိုင်မှု ပုံစံကြောင့်ဖြစ်သည်။ ထို့ကြောင့်စာဖတ်ပရိသတ်များအနေဖြင့်လည်း ကျန်းမာသောနေထိုင်စားသောက်ပုံစံများကို သတိဉာဏ်ဖြင့် ဆင်ခြင်၍ ရောဂါကင်းကာ အသက်ရှည်နိင်စေကြောင်း ဆုတောင်းပေးအပ်ပါသည်။ ။
ဒေါက်ဦးမွန်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.