Advertisements

ယခုတလောနွေအပူတွင် ဖုန်မြူး၍ထင်သည်။ ရပ်ကွက်ထဲရှိ ဆေးခန်းလေးတွင် ပန်းနာရင်ကျပ်ရောဂါသည်များဖြင့် ပြည့်နေသည်။ တစ်ခါတစ်ခါ ညအချိန်မတော်သည့်အချိန်ပင်လျှင်ကျပ်သည်ဟု ဆိုကာ လာလာနိုးတတ်တော့သည်။ ထိုသို့သော လူနာများဆီရောက်လျှင် ရင်ဘတ်ကြီး ဖာဖိုထိုးသကဲ့သို့ နိမ့်လိုက်မြင့်လိုက်နှင့်တရွှီးရွီးအသက်ရှူသံကကိုက​ြားရသည်။ ထိုသို့သောလူနာများကို ပန်းနာရင်ကျပ် ရောဂါသည်ဟု ဆိုကြသည်။

ပန်းနာရင်ကျပ် (asthma) ရောဂါသည် နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်သည်။ အသက်ရှူလမ်းကြောင်းကျဉ်းခြင်း၊ ပိတ်ခြင်းနှင့် လေဝင်ပြွန်အတွင်း ကြွက်သားများကျုံ့ခြင်း ဖြစ်သည်။ အသက်ရှု ကြပ်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူ သံ တရွှီးရွှီးမြည်ခြင်းနှင့် ချောင်းဆိုး သလိပ်ခဲခြင်းများ ဖြစ်တတ်သည်။ ထိုသို့ရောဂါ လက္ခဏာများကို နေ့စဉ် သို့မဟုတ် အပတ်စဉ် တစ်ကြိမ် နှစ်ကြိမ် ခံစားရတတ်သည်။ တစ်ခါတစ်ရံ အလုပ်ပင်ပန်းသောအချိန်နှင့် ညအချိန်များတွင် အဖြစ်များတတ်သည်။

ပန်းနာရင်ကျပ်ရောဂါများသည် မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင် အခြေအနေများကြောင့် ဖြစ်တတ်သည်။ ဓာတ်မတည့်သောအရာများ လေထုထဲတွင် ပျံ့နှံ့သောအခါတွင်ဖြစ်တတ်သည်။ လူတိုင်းတွင် မိမိနှင့်မတည့်သော အရာများရှိတတ်သည်။ ထို့သို့သော အ ရာများကို ထိမိ၊ ရှုရှိုက်မိသောအခါတွင် ခန္ဓာကိုယ်မှ ပုံစံအမျိုးမျိုး တုံ့ပြန် တတ်ကြသည်။ ထိုအချိန်တွင် တချို့ သူများသည် ပန်းနာရင်ကျပ် ရောဂါကို ခံစားရတော့သည်။ ပန်းနာရင်ကျပ်ရောဂါအဖြစ်များစေသောအကြောင်းအရင်းမှာ ဓာတ်မတည့်သော ပစ္စည်းများ (allgern)ကြောင့်ဖြစ်သည်။

ဖုန်မှုန့်၊ အမွှေးတိုင်မှထွက်သော အငွေ့အသက်များနှင့် ဆေးလိပ်ငွေ့များ၊ ရေမွှေးနံ့နှင့် အခြား သောအမွှေးအကြိုင်များ၊ တိရစ္ဆာန်များ၏အညစ်အကြေးများသည် ခြောက် သွေ့ကာ အမှုန့်ဖြစ်ကာ လေထုထဲတွင် အမှုန်အမွှားများဖြင့် ပျံ့နှံ့ခြင်း၊ ခြင်ဆေးငွေ့နှင့် အခြားသောပိုးသတ်ဆေး အငွေ့အသက်များ၊ တစ်ကိုယ်ရေး ကျန်းမာရေးနှင့် သက်ဆိုင်သည်။ ထို့ပြင် အမျိုးသမီးများ ကိုယ်ဝန်ဆောင် နေစဉ် ဆေးလိပ်သောက်ခြင်းသည် မွေးဖွားလာသော ကလေးငယ်လေးတွင် ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားမှုနှုန်းမြင့်စေသည်။ ထို့အပြင် အစာရေပြွန် အစာပြန်လျှံကာ ရင်ပူခြင်း၊ ထိပ်ခတ်နာနှင့်အခြားသော နား၊ နှာခေါင်းဆိုင်ရာရောဂါများ၊ အိပ်ပျော်နေစဉ် အသက်ရှူရပ်၍ အသက်ရှူမရကာလန့်နိုးတတ်ခြင်း နှင့်အခြားသောစိတ် ပိုင်းဆိုင်ရာရောဂါများ ဖြစ်ပွားမှုနှုန်းလည်း ပိုများစေသည်။

ပန်းနာရင်ကျပ်ရောဂါသည် အမျိုးသား၊ အမျိုးသမီးမရွေး ဖြစ်ပွားတတ်သောရောဂါဖြစ်သည်။ နာတာရှည်ရောဂါမျိုးဖြစ်ကာ မျိုးရိုးလိုက်တတ်သောရောဂါမျိုး ဖြစ်သည်။ ပတ်ဝန်းကျင်၊ အလုပ်အကိုင်နှင့် ဓာတ်မတည့်သောအရာများကို ထိတွေ့မှုများကြောင့် အဖြစ်များတတ်သည်။ ပန်းနာရင်ကျပ်သည် ကုသ၍အရှင်းမပျောက်သော နာတာရှည်ရောဂါဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဓာတ်မတည့်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ထိုဝေဒနာရှင်များအနေဖြင့် ပန်းနာရင်ကျပ် ကာကွယ်ဆေးရှူဆေးများကို ဆောင်ထားကြသည်။

ပန်းနာရင်ကျပ်ရောဂါသည် ရောဂါလက္ခဏာသက်သာစေရန်အတွက်သာ တတ်နိုင်သည်။ အသက်အန္တရာယ်ကို စိုးရိမ်စေနိုင်သော အရေးပေါ်အခြေအနေအထိ ဖြစ်ပေါ်စေနိုင်သည်။ သို့သော် ထို့သို့သောအရေးပေါ်အခြေအ နေမျိုး မပေါ်ပေါက်စေရန် ကာကွယ် သင့်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO = world Health Organization)၏ ပန်းနာရင်ကျပ် အဓိကကုသရေးသည် အရေးပေါ်အခြေအနေကိုဖြစ်စေသော အရာများကိုလျှော့ချခြင်းဖြစ်သည်။ ဆေးလိပ်သောက်ခြင်းနှင့် လေထုညစ်ညမ်းမှုကိုလျှော့ချခြင်း၊ ဓာတ်မတည့်သော အရာများကို ခဏခဏကြိမ်ဖန်များစွာ ထိတွေ့စေခြင်းဖြင့်  ကျွမ်းတဝင်ဖြစ်အောင်ပြု လုပ်ခြင်းနှင့် ကျန်းမာသော လူနေမှုပုံစံ အတိုင်း ပြုမူနေထိုင်ခြင်း၊ အသက်ရှူ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည်ပန်းနာရင်ကျပ်ရောဂါ၏အဓိက ကုသ ရေးနည်းလမ်း ဖြစ်သည်။ ထို့ကြောင့် ပန်းနာရင်ကျပ်ရောဂါသည်များ အနေဖြင့် မိမိတို့ရောဂါအရေးပေါ်အခြေ အနေမဖြစ်ပေါ်စေရန် ကာကွယ်ရေး
နည်းလမ်းများကို အသုံးပြုသင့်ပါ ကြောင်း အကြံပြုပါရစေ။ ။

ဒေါက်ဦး (မွန်)
Ref; Wikipaedia -about asthma

Advertisements
<

Leave a Reply