ယခုလို မိုးရာသီရောက်တိုင်း နှစ်စဉ် ကူးစက်ပြန့်ပွားနေကျ ရောဂါဆိုးတစ်ခု ဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်နှင့်လမ်းများပေါ်ရှိ ရေဆိုးရေညစ်များနှင့်အတူ မိုးရေလျှံတက်လာသည်။ များမကြာမီ ရေပြန်ကျသွားသောအခါ အညစ်အကြေး အနည်အနှစ် များတင်ကျန်ရစ်ခဲ့ပြီး Vibiro Cholerae (ခေါ်)ဝမ်းရောဂါဖြစ်စေသော ကူးစက်ရောဂါပိုးမွှားများ ပေါက်ဖွားမှုများပြားလာသည့်အတွက် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်လာရသည်။ ထို့ပြင် မိုးရွာ၍ ရေကြီးစဉ် ထိုညစ်ညမ်းသောရေထဲဖြတ် လျှောက်သွားပြီးနောက် တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းခြင်းကလည်းရောဂါပိုးကူးစက်ခံရရန်သေချာသလောက်ရှိနေပါသည်။

မသန့်ရှင်းသည့် အစားအစာများ၊ မသန့်ရှင်းသည့် သောက်ရေသုံးရေများ၊ အမှည့်လွန်သစ်သီးများ၊ ယင်နားစာများ၊ လက်လုပ်ချဉ်များ၊  သန့်ရှင်းမှုအားနည်းသည့် လမ်းဘေး အစားအစာများစသည်တို့ကို အထူးသတိပြုရှောင်ရှားရပါမည်။သို့မဟုတ်ပါက နောက်ဆက်တွဲ ပြဿနာများအဖြစ် အစာအိမ်နာခြင်းနှင့် အစာအဆိပ်သင့်ခြင်းအတွက်ကိုပါ စိုးရိမ်ရသည်။ အထူးသဖြင့်ကိုယ်ခံအားနည်းသော ရင်ခွင်ပိုက်ကလေးငယ်များ၊ ကျောင်းနေရွယ် ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် အသက်အန္တရာယ် စိုးရိမ်ရသည်။

ကမ္ဘာပေါ်တွင် နှစ်စဉ်ဝမ်းရောဂါ ဖြစ်ပွားသူသုံးသန်းမှ ငါးသန်းအထိရှိပြီး၊ ၎င်းင်းတို့အနက်တစ်သိန်းသည် ဝမ်းရောဂါကြောင့် သေဆုံးကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ကြေညာထားသည််။

နာရီပိုင်းအတွင်း  ဆန်ဆေးရည် အရောင်ကဲ့သို့ ဖြူကျဲကျဲ ဝမ်းအရည်များ အဆက်မပြတ်သွားခြင်း (သို့မဟုတ်) တစ်နေ့တည်းမှာပင် ဝမ်းအရည် သုံးကြိမ်နှင့်အထက် ဝမ်းသက်ခြင်း၊ ဝမ်းတွင် သွေးပါခြင်း၊  အစာစားချင်စိတ်မရှိခြင်း၊ မှိန်း၍ပျော့ခွေခြင်း၊ အရည်ကောင်းစွာ မသောက်နိုင်ခြင်း (သို့မဟုတ်) ခံတွင်းခြောက်၍ ရေအငမ်းမရသောက်ပြီး နောက် ထိုရေအတိုင်းဝမ်းသွားခြင်း (သို့မဟုတ်) ပြန်အန်ထွက်ခြင်း စသည့် ရောဂါလက္ခဏာများပြနေပါက ဓာတ်ဆားရည်များများသောက်ပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အချိန်မဆိုင်းဘဲ သွားရောက်ပြသင့်သည်။

အခြားသူများသို့ ဝမ်းရောဂါမကူးစက်စေဖို့အတွက် ဝမ်းသွားပြီးတိုင်း သန့်စင်ခန်း(အိမ်သာ) ကို ရေနိုင်နိုင်လောင်းချသင့်ပါသည်။ ဝမ်းပျက်ဝမ်းလျှောခြင်းကို ထိရောက်စွာ ကုသမှုမခံယူဖြစ်ပါက ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံး၍ သွေးပေါင်ကျကာ သတိလစ်ပြီး နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်၍ လုံးဝမပေါ့ဆသင့်ပေ။

အအေးမိ၊ နှာစေး၊ ချောင်းဆိုးရောဂါ အစမိုးမိခြင်းက’’ ဟု မှတ်သားသင့်ပါသည်။ ထို့ကြောင့်မိုးမိလာပါက အဝတ်အစားများကို လဲလှယ်ပါ။ဆံပင်စိုများကိုခြောက်သွေ့အောင်လုပ်၍နွေးနွေးထွေးထွေးဖြစ်သွားအောင် ရေနွေးပူသောက်ပေးပါ။ ရုံး၊ ကျောင်း၊ ဘတ်စ်ကား၊ မီးရထား၊ လေယာဉ်ကွင်း၊ ရုပ်ရှင်ရုံစသည့် လူဦးရေထူ ထပ်သောနေရာများတွင် ကိုယ်ခံအားမကောင်းသူများမှာ ကူးစက်မှုခြေအနေ အလားအလာများသည်။ အအေးမိ ဖျားနာခြင်းကြောင့် အသက်အန္တရာယ် မစိုးရိမ်ရသော်ငြား၊ အဖျားပျောက်ပြီး ချောင်းဆိုး (ချွဲပါသောချောင်းဆိုးခြင်း) တဟွတ်ဟွတ်စွဲကျန်ရစ်ခဲ့သည်။ တခြားသူများကို ဆက်လက်မကူးစက်အောင် လက်ကို စင်ကြယ်စွာဆေးကြောပါ။

နှာချေ ချောင်းဆိုးသည့်အခါ တစ်ခါသုံးတစ် ရှူးသုံး၍ စနစ်တကျစွန့်ပစ်ပါ။ အထူးသဖြင့် ကိုယ်ခံအားနည်းသော ကလေး များနှင့် သက်ကြီးရွယ်အိုများမှာ ဗိုင်းရပ်စ်ပိုးကူးစက်လွယ်၍ အချိန်မရွေး ဖျားနာတတ်သဖြင့်အအေးမိတုပ်ကွေးဖျားနာရောဂါပျောက်ဆေးများအိမ်မှာ အသင့်ဆောင်ထားခြင်း၊ ကိုယ်ခံအားကောင်း စေရန် ဗီတာမင်စီဆေးပြားများသောက် ခြင်း၊ ရေများများသောက်ခြင်း၊ သန့်ရှင်းလတ်ဆတ်သော ဟင်းရွက်စိမ်းများစားသုံးခြင်း၊ အရည်ရွှမ်းသော လိမ္မော်သီးစားခြင်း၊ နေ့စဉ်သွားလာနေကြသော ရုံးသူ ရုံးသား၊ ကျောင်းသူ ကျောင်းသားများအနေဖြင့် အဝတ်အစားတစ်စုံ အပိုဆောင်ထားခြင်း စသည်ဖြင့် ကြိုတင်ကာကွယ်ထားသင့်သည်။

တုပ်ကွေးရောဂါသည် သာမန်အအေးမိ  ချောင်းဆိုး ရောဂါနှင့် ခပ်ဆင်ဆင်တူသည်။ထို့ကြောင့် လူအများစုက မိမိအိမ်မှာပင် သာမန် အကိုက်အခဲပျောက်ဆေးပြားသောက်၍ ရောဂါမှာတော်တော်နှင့် မပျောက်နိုင်ဘဲ ရောဂါပြင်းမှသာ ဆေးရုံဆေးခန်းသို့ ရောက်လာတတ်သည်။ အခန့်မသင့်ပါကအသက်ဆုံးရှုံးရနိုင်သည့်သာဓကများတွေ့ရသည်။

အမှန်စင်စစ် တုပ်ကွေးရောဂါသည် သာမန်အအေးမိရောဂါထက် ပိုမိုပြင်းထန်၍ အဖျားကြီးကာ အဖျားတာရှည်စေသည်။ ခေါင်းကိုက်၊ ချောင်းဆိုး၊ အင်အားကုန်ခန်း မောပန်းခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းတို့သည် တုပ်ကွေးလက္ခဏာများ ဖြစ်ကြသည်။

တုပ်ကွေးရောဂါသည် အသက်ခြောက်လနှင့် အထက်မှစ၍ ဖြစ်နိုင်သည်။ ထို့ကြောင့် ထိုအရွယ်ရင်သွေးငယ်များအတွက် မိုးဦးကျမတိုင်မီကတည်းက တစ်နှစ်တစ် ကြိမ်တုပ်ကွေးကာကွယ်ဆေး ကြိုတင်ထိုးပေးထားသင့်သည်။

လူကြီးလူငယ် မရွေးရောဂါဖြစ်နိုင်ပြီး၊ အကယ်၍အဆုတ်ရောင်ရောဂါ၊ နားပြည်ယို၊ ထိပ်ကပ်နာ နှင့် ရေဓာတ်ခန်းခြောက်ရောဂါအခံရှိသူများမှာတုပ်ကွေးရောဂါဖြစ်လာပါက အသက်အန္တယ်ရာယ်ဖြစ်စေနိုင်သည်။

ကူးစက်လွယ်ရောဂါတစ်မျိုးဖြစ်သဖြင့်လူနာကို ထိတွေ့ကိုင်တွယ်ခြင်း၊ တံတွေးနှင့်သလိပ်ကို ထိတွေ့မိခြင်း၊ လူနာဆီမှ နှာချေ၊ချောင်းဆိုးစကားပြောစဉ် ဗိုင်းရပ်စ်ပါလာသောလေများကိုရှူရှိုက်မိရာကတစ်ဆင့်အလွယ်တကူ ကူးစက်နိုင်သဖြင့်သတိဖြင့်ယှဉ်၍ ကာကွယ်ခြင်းဖြင့်လက်ဦးမှုကိုအရယူပါရန် တင်ပြလိုက်ရပါသည်။

ဒေါက်ဦး(မွန်)

Leave a Reply